Thursday, January 30, 2014

မိန်းကလေးများ အပျိုဖော်ဝင်ချိန် စောလာ

Posted by drmyochit Thursday, January 30, 2014, under | No comments


မိန်းကလေးငယ်များ၏ အပျိုဖော် ဝင်ချိန်သည် လွန်ခဲ့သည့် ဆယ်စုနှစ် များကထက် ပိုမိုစော လာကြောင်းနှင့် အဆိုပါပြောင်းလဲလာမှု၏ အဓိက အကြောင်းရင်းမှာ အဝလွန်မှုနှင့် ဆက်နွှယ်နေမည်ဟု ယူဆ ရကြောင်း လေ့လာမှုအသစ်တစ်ခုတွင်ရေးသားဖော်ပြသည်။

အဆိုပါလေ့လာမှုကို သုတေသန ပညာရှင်များက အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စစကို ဧရိယာ၊ စင်စင်နတီ ဧရိယာနှင့် နယူးယောက်မြို့ရှိ အသက်ခြောက်နှစ်မှ ရှစ်နှစ်အရွယ် မိန်းကလေး ၁၂ဝဝ ကျော်ကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အကြိမ်ကြိမ် လေ့လာဆန်းစစ်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဖော်ပြပါ အသက် အရွယ် များတွင် အပျိုဖော်ဝင်လာကြောင်း သိသာထင်ရှားသည့် လက္ခဏာမှာ ရင်သားများ ဖွံ့ဖြိုး လာခြင်း ပင် ဖြစ် သည်ဟု ဆိုသည်။

လေ့လာမှုရလဒ်များအရ လူဖြူ မိန်းကလေးများသည် ပျမ်းမျှအသက် ၉ ဒသမ ၇ နှစ်တွင် အပျိုဖော် ဝင် လာပြီး ၁၉၉၇ ခုနှစ်က လေ့လာခဲ့သည့် ပျမ်းမျှ အသက်ထက် သုံးလေးလငယ်လာ ကြောင်းနှင့် ၁၉၆ဝ ခုနှစ်များ က လေ့လာခဲ့သည့် အချက်အလက်များ ထက် အသက်အရွယ် ပိုငယ်လာသည် ဟု သိရသည်။

လူမည်း မိန်းကလေးများသည် ပျမ်းမျှအသက် ၈ ဒသမ ၈ နှစ်တွင် အပျိုဖော်စတင်ဝင်လာပြီး ယခင် လေ့လာထားသည့် ရလဒ်များနှင့် ခြားနားမှုမရှိဟုသိရသည်။ လက်တင် အမေရိကမှ မိန်းကလေးများသည် အသက် ၉ ဒသမ ၃ နှစ်တွင် အပျို ဖော်ဝင်လာပြီး အာရှသူများမှာ အသက် ၉ ဒသမ ၇ နှစ်တွင် အပျိုဖော် ဝင်သည်ဟုလေ့လာမှုတွင် ဖော်ပြသည်။

ယခင်လေ့လာမှုများနှင့် ထူးမခြား နားသည့်အချက်မှာ မိန်းကလေးများ အပျိုဖော်ဝင်ချိန် စောရသည့် အကြောင်း မှာ အဝလွန်မှုနှင့် အဓိက ဆက်စပ်နေကြောင်း၊ မိန်းကလေး များ၏ body mass index(BMI) ခန္ဓာကိုယ် အလေးချိန် အညွှန်းကိန်း မြင့်တက်လာမှုသည့် အသက်ငယ် ငယ်နှင့် အပျိုဖော်ဝင်စေသည့် အကြောင်း ရင်းဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်ထုတ် ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

(အေဝမ်းစိုး)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်