Tuesday, August 14, 2012

နိုင်ငံတော်သမ္မတကြီး မိန့်ခွန်း အပြည့်အစုံ (ဒုတိယအကြိမ် စီမံကိန်းကော်မရှင်အစည်းအဝေး ၊ ၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)

Posted by drmyochit Tuesday, August 14, 2012, under | No comments

ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Planတို့ ရေး   ဆွဲရေး  နဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တို့ရဲ့ CityPlan များကို လေ့လာ ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။
 
မြို့ပြနဲ့ကျေးလက်စီမံကိန်းများ ရေးဆွဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများရဲ့ အဆင့် အတန်းရှိစွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစတဲ့ ပြည်သူတို့ရဲ့ လို အပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဟာ အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အနာဂတ်မှာ မြို့ပြများရဲ့ စနစ်ကျနမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း များစွာအရေးပါလာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၅၂.၁ ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်သူတွေ ဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင်အာရှမှာတော့ လူဦးရေ သန်း (၆၀၀) ရှိတဲ့အနက် မြို့ပြမှာနေထိုင်သူဟာ ၄၄.၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြို့ပြ မှာနေထိုင်သူဟာ၃၂.၆ရာခိုင်နှုန်းခန့်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။

ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်၊ အထက် အောက် ထွက်ကုန်ဆုံတဲ့မြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံစီးပွားရေးရဲ့ အရေးကြီးတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ အနာဂတ်မှာ အာရှဒေသရဲ့ အဆင့်အတန်းမီ မြို့ကြီးတစ်မြို့ဖြစ်လာနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်။ တစ်ချိန်ကဆိုရင်အာရှမှာစံထားရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့ဟာဆိုရင်လည်း နိုင်ငံတော်ရဲ့ဗဟိုချက်မမှာ တည်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိ ယနိုင်ငံတို့နဲ့ ကုန်သွယ်မှုအချက်အခြာကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့မန္တလေး နှစ်ရပ်ပေါင်းဟာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီမြို့ကြီး နှစ်မြို့ကို စံနမူနာထားပြီး ကျန်တဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များရှိ မြို့များကိုလည်း မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ယခုကတည်းက မြို့ပြစီမံချက်များရေးဆွဲပြီး အနာဂတ်အတွက် မျှော် မှန်းတည်ဆောက်ကြရမှာဖြစ်ပါတယ်။

သို့သော်လည်း ဒီမြို့ကြီးနှစ်မြို့မှာ ဒီကနေ့ လျှပ်စစ်မီး မလုံလောက်မှု၊ သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ရေဆိုးစွန့်ထုတ်စနစ် မပြည့်စုံမှု၊ နေထိုင်သွားလာရေး အဆင်မပြေမှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှု စတဲ့ ပြဿနာတွေ ရှိနေတဲ့အတွက် ဒီပြဿနာတွေကို ကျွန်တော်တို့ အရင်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့တင် မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ အရင်းအနှီး လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်နဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကသက်သာသော ချေးငွေတွေ၊ အထောက်အပံ့ငွေတွေ၊ လူ့စွမ်း အားမြှင့်တင်ပေးမည့်သင်တန်းအကူအညီတွေရယူရမှာဖြစ်ပါတယ်။

ဒီလိုရယူနိုင်ဖို့အတွက် ဒီကနေ့ အရှေ့အနောက်မခွဲခြားတဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ထူထောင်နေခြင်း ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာကဲ့သို့ ကျဉ်းမြောင်းသွားပြီ ဖြစ်တဲ့အတွက် ကိုယ့်တစ်နိုင်ငံတည်း ထီးတည်း နေလို့မရတော့တဲ့ အခြေအနေမှာ နိုင်ငံအားလုံးနဲ့ သင့်တင့်အောင် လိုက်လျောညီထွေ ဆက်ဆံနေရပါတယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ဆက်ဆံနေတာဖြစ်လို့ ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကို သတိထားပြီး ဆက်ဆံနေခြင်း ဖြစ်ပါတယ်။ ဒီလို ဆက်ဆံခဲ့မှုကြောင့် ဒီကနေ့ ကျွန်တော်တို့ရရှိတဲ့ အကျိုးအမြတ်ကတော့ ကမ္ဘာ့အလယ်မှာ တင့်တယ်လာယုံသာမက အလေးထားလေးစားခံရတဲ့နိုင်ငံဖြစ်လာပါတယ်။

မြို့ပြများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မြို့နေပြည်သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြပတ်ဝန်းကျင်ကောင်း ဖြစ်ရေး၊ စက်မှုကိုအခြေခံတဲ့ အသေးစား၊ အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရေး၊ လူများများ အလုပ်အကိုင်အခွင့်အလမ်းများရနိုင်တဲ့ သဘာ ဝပတ်ဝန်းကျင် မထိခိုက်သော အလုပ်ရုံစက်ရုံများထူထောင်ရေး၊ မြို့ပြအိမ်ယာများ တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ဒေသခံအစိုးရနဲ့ပြည်သူလူထု အကြား ညှိနှိုင်းမှုပုံစံများဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်မှာ မြူနီစီပယ်အဖွဲ့အစည်းကို ပြည်သူများရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်အများစုနဲ့ စနစ်တကျ အမြန်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မြူနီစီပယ်အက်ဥပဒေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှ ရေးဆွဲဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာစီမံချက်များ အမြန်ရေးဆွဲကြရန် ပြောကြား ထားပြီးဖြစ်ပါတယ်။ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာမှ မြို့ပေါ်တက်သည့်လမ်းများ သွားလာဆက်သွယ်မှု လွယ်ကူအောင် အသစ် ဖောက်လုပ်ခြင်း၊ လမ်းဟောင်းကို ပြန်လည် ပြုပြင်ခြင်းများပြုလုပ်ရန်၊ ကျေးလက်စီးပွားရေးသည် လယ်ယာကုန်ထုတ် စိုက်ပျိုး မွေးမြူရေးအပေါ် အခြေခံတဲ့အတွက် လယ်ယာမြေစာရင်းများ၊ လယ်မဲ့ယာမဲ့စာရင်းများ၊ အမှန်တကယ် မလုပ်ဘဲပစ်ထားသည့် လယ်ပျက်၊ ယာပျက်စာရင်းများ၊ အလုပ်လက်မဲ့စာရင်း များကို အမြန်ဆုံးကောက်ယူပြီး ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့အား တာဝန်ယူ၊ တာဝန်ခံစေပြီး စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဘက် ဂျက်ခွဲဝေပေးခြင်း၊ ကိုယ့်ဒေသအတွင်း အခွန်အခများကောက်ခံခြင်းတို့ အပြင်၊ ပြည်ပမှ ရရှိမည့်ချေးငွေနဲ့ အကူအညီ ပေးငွေများကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အချိုးကျခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း မျှမျှတတဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စီမံဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်အစိုးရအဖွဲ့မှ တာဝန်ယူပြီး အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေနဲ့အညီ အရည်အချင်းရှိသူ၊ အဂတိ တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုးကို အမှန်တကယ်ဆောင်ရွက်လိုသူများကို စနစ်တကျ အောက်ခြေမှ ရွေးချယ်ပေးစေပြီး ကိုယ့်ကျေးရွာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ အကူအညီကိုရယူပြီး ကိုယ်တိုင်တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက်ခိုင်းရမှာ ဖြစ်ပါတယ်။ ကျေးရွာများရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ ထိထိရောက်ရောက် ဆောင်ရွက်သွားစေရန် ဖြစ်ပါတယ်။

အဂတိလိုက်စားမှုဟာ အောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလို ရှိနေသေးတဲ့အတွက် တာဝန်ရှိ သူအဆင့်ဆင့်တို့မှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန်လိုအပ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ ဒီအမဲစက်ကို မိမိတို့အစွမ်းကုန်ချေဖျက် သွားကြဖို့ တိုက်တွန်းပါတယ်။ အောက်ခြေကဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာ တာဝန် ရှိတယ်လို့ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်အောင် ခွဲဝေဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့အတွက် ကိုယ့်ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိအောင်၊ လူ့အဖွဲ့အစည်းလုံခြုံအောင်၊ တရား ဥပဒေစိုးမိုးအောင်၊ ဥပဒေများနဲ့အညီ ထိရောက်စွာ ဆောင်ရွက်သွားကြရန်နှင့် ခေတ်စနစ်နဲ့အညီ လူမျိုးစုတစ်စုနဲ့တစ်စု သဟဇာတဖြစ်ရေး၊ အတူတကွ ပူးပေါင်းနေထိုင်ရေး၊ လူမျိုးဘာသာ၊ ယောက်ျားမိန်းမ မခွဲခြားဘဲ လူ့အခွင့် အရေးများကို နယ်ပယ်ကဏ္ဍအသီးသီးမှာ လေးစားလိုက်နာရေးတို့ကိုအထူးအလေးထားပြီးဆောင်ရွက်ကြရန်လိုအပ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို လေ့လာပြီး မိမိတို့ဒေသရှိ မြို့များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်