ပထမဦးဆုံးအနေနဲ့ ကိုရဲရင့်သစ္စာရဲ့ နောက်ဆုံးပြန်ကြားချက်ထဲမှာ
ကျွန်တော်ရှေ့မှာ ပြန်ကြားခဲ့တဲ့ ပြန်ကြားချက်တွေထဲက နားလည်မှုလွဲမှားတဲ့
အချက်တွေကို ထောက်ပြပေးထားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားပါရစေ။
ကျွန်တော်ရေးသားတင်ပြသွားတာတွေကို ပညာရှင်ပီသတယ်လို့ ကိုရဲရင့်သစ္စာ
ချီးမွှမ်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ ကိုရဲရင့်သစ္စာလိုမျိုး
ကျမ်းတစ်စောင်၊ စာတမ်းတစ်ခုတလေမှ မပြုစုဖူးသေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်
မခံယူဝံ့ပါဘူး။ ကိုရဲရင့်သစ္စာက ကိုယ့်ကိုယ်ကို လေ့လာဆည်းပူးဆဲ
လူတစ်ယောက်အဖြစ် နှိမ့်ချပြောဆိုသွားတာ တွေ့ရတော့ တကယ်ပဲ ရင်ထဲက
လှိုက်လှဲစွာ လေးစားမိပါတယ်။ ကိုရဲရင့်သစ္စာလို ပုဂ္ဂိုလ်မျိုးနဲ့
နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်ဟာ လေ့လာဆည်းပူးဆဲ လူတစ်ယောက်တောင် မဟုတ်ပဲ
လေ့လာဆည်းပူးခါစ လူတစ်ယောက်သာ ဖြစ်ပါတယ်။ နောက်ပြီး
ပညာရှင်အသိုင်းအ၀န်းရဲ့ အပြင်က သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်။
မှတ်သားဖူးတဲ့ ဗဟုသုတအနည်းအကျဉ်းနဲ့ ဆွေးနွေးနေတဲ့ လူတစ်ယောက်ဖြစ်လို့
ကိုရဲရင့်သစ္စာလိုမျိုး သမိုင်းတွေကို အသံမြည်အောင် ရေးသားဖို့
ကျွန်တော့်မှာ အခက်အခဲ၊ အကန့်အသတ်တွေရှိနေတာကို ၀န်ခံလိုပါတယ်။
နောက်တစ်ချက်က အလုပ်တစ်ဖက်နဲ့ မအားလပ်လို့ ရတဲ့အားလပ်ချိန်လေးအတွင်းမှာ
အလျင်စလို ပြန်ကြားရတာကို နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။
ခုကျွန်တော်တို့ ဆွေးနွေးနေတဲ့ ဘင်္ဂလီ(ရိုဟင်ဂျာ)ကိစ္စမှာ ကိုရဲရင့်သစ္စာပြောသွားသလိုပဲ ကျွန်တော်တို့နှစ်ယောက်စလုံး သဘောတူညီမှု မရနိုင်သေးတဲ့အချက်က ဒီဘင်္ဂလီတွေ ရခိုင်မှာ အခြေချနေထိုင်ခြင်းဆိုတဲ့ အကြောင်းပါပဲ။ ဒီနေရာမှာ ကျွန်တော်အရင်ပြန်ကြားခဲ့တဲ့ စာတွေထဲက ရေးသားချက်တွေဟာ တင်ပြပုံအားနည်းလို့ ကိုရဲရင့်သစ္စာနားလည်မှုလွဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြန်ကြားချက်-၂ မှာ ကျွန်တော်ရေးခဲ့တဲ့ စာတစ်ကြောင်းကို ကိုရဲရင့်သစ္စာ မျက်စိလျှမ်းသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်ရေးခဲ့တာက-
ခုကျွန်တော်ပြောသွားသမျှအချက်တွေဟာ မြောက်ဦးခေတ်မှာ ရခိုင်ပြည်မှာ အခြေချခဲ့တဲ့ ဘင်္ဂလီ၊ အာရပ်၊ ပထန်၊ မဂိုနဲ့ ပေါ်တူဂီစတဲ့ နိုင်ငံခြားသားတွေအကြောင်း မဟုတ်ပါဘူး။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေအကြောင်းပဲ ဖြစ်ပါတယ်။ မြောက်ဦးခေတ်မှာအခြေချနေထိုင်ခဲ့တဲ့ မူဆလင်ဦးရေဟာ ရခိုင်ဦးရေနဲ့ယှဉ်ရင် အရမ်းနည်းပါးပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ကျန်တဲ့လူနေမှုပုံစံ၊ စိတ်နေသဘောထား စရိုက်သဘာဝတွေဟာ ရခိုင်လူနေမှုစနစ်မှာ စိမ့်ဝင်ရောနှောသွားခဲ့ပါတယ်။
အဲဒီစာအရ ကျွန်တော်ဟာ ရခိုင်မှာ ဘင်္ဂလီလူမျိုးတွေဟာ အရင်ကတည်းက လုံးဝအခြေချနေထိုင်ခဲ့ခြင်း လုံးဝမရှိပါဘူးလို့ ယတိပြတ်ငြင်းပယ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက အလုံးအရင်းပြောင်းရွေ့အခြေချမှု ပုံစံကိုအဓိကထား ပြောချင်တာပါ။ ကျွန်တော်လေ့လာမိသလောက်ကတော့ ဘင်္ဂလီတွေ အစုလိုက်အပြုံလိုက် ပြောင်းရွေ့အခြေချမှုဟာ အချိန်ကာလအားဖြင့် သုံးကြိမ်ရှိပါတယ်။ ပထမတစ်ခုက မြောက်ဦးခေတ်မှာ စစ်သုံးပန့်(သို့) ကျွန်အရောင်းအ၀ယ်အနေနဲ့ ရောက်ရှိလာတာပါ။ နောက်တစ်ခုက ကိုလိုနီခေတ်မှာ ကူလီအနေနဲ့ ၀င်ရောက်လာတာဖြစ်ပါတယ်။ ရှေးခေတ် လမ်းပန်းဆက်သွယ်ရေး အနေအထားအရ ဘင်္ဂလားကနေ ရခိုင်ပြည်ထဲက အလုံးအရင်း ပြောင်းရွေ့အခြေချဖို့ဆိုတာ အဲဒီခေတ် အုပ်ချုပ်သူဘုရင် ဒါမှမဟုတ် အာဏာပိုင်ရဲ့အစီအစဉ်နဲ့ပဲ လုပ်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ အဲဒီလိုပဲ ကိုလိုနီခေတ်လယ်မှာလည်း ရခိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်စိုက်ပျိုးရေး စီမံကိန်းတွေအတွက် ဗြိတိသျှအစိုးရ အစီအစဉ်နဲ့ အလုံးအရင်းပြောင်းရွေ့လာခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ကြိမ်ကတော့ လွတ်လပ်ရေးမရခင် ဗြိတိသျှတွေ မြန်မာပြည်ကို အိန္ဒိယကနေ ပြန်လည်ဝင်ရောက်လာတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေကို ခိုးဝင်လာတယ်လို့ ပြောလို့မရပေမယ့် ပြောင်းရွေ့အခြေချလာသူတွေ ဖြစ်တဲ့အတွက် ရိုဟင်ဂျာသမိုင်းဆရာတွေ ပြောနေသလို ဒီဒေသရဲ့ ဌာနေမျိုးနွယ်စု မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်ထဲမှာလည်း ရခိုင်ပြည်နယ်က ဘင်္ဂလီတွေဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ နာမည်ပေးထားကြောင်း အမှန်အတိုင်း ဖော်ပြသွားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် နားလည်မှုကပ်လွဲနေတဲ့ အချက်က ကျွန်တော်က ခုနိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂလီတွေဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ပြောင်းရွေ့ဝင်လာရောက်လာသူတွေနဲ့ ပါလီမန်ခေတ်မှာ ခိုးဝင်အခြေချလာသူလို့ဆိုထားပြီး ကိုရဲရင့်သစ္စာက ရှေးဘုရင်ခေတ်ကတည်းက အလုံးအရင်းနဲ့ ပြောင်းရွေ့အခြေချလာသူတွေဟာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေထဲမှာ အများစုပါဝင်နေတယ်လို့ သုံးသပ်ပြောဆိုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုး တိုက်ရိုက်ရေးသားထားတာမျိုး မတွေ့ရပေမယ့် ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ဒီလိုပဲနားလည်မိပါတယ်။ ကျွန်တော် မှားကောင်းမှားနိုင်ပါတယ်။ ဒါကလည်း ကိုရဲရင့်သစ္စာ ကိုးကားတင်ပြထားတဲ့ ဒေါက်တာ Suniti Bushan Qanungo ပြုစုခဲ့တဲ့ A History of Chittagong Volume (1), စာမျက်နှာ ၂၉၁ မှာ-
“ရခိုင်မှာ ရှိတဲ့ မွတ်စလင် လူဦးရေ ကို အကြမ်းဖြင်းအားဖြင့် အုပ်စု လေးခုခွဲခြားနိုင်ပါတယ်။ အဲဒါတွေ က တော့ ဘင်္ဂါလီ၊ အခြားအိန္ဒိယအနွယ်၊ အာဖရိက အာရှ အနွယ် နဲ့ native ဌာနေ မွတ်စလင် တို့ဖြစ်ကြပါတယ်။ အဲဒီ မွတ်စလင်အုပ်စုလေးခု ထဲမှာ ဘင်္ဂါလီ မွတ်စလင်တွေက အကြီးဆုံးအုပ်စုဖြစ်ပါတယ်။ ဘင်္ဂလားအောက်ဖက် ကနေဝင်ရောက်လာတဲ့ မွတ်စလင် သုံ့ပန်းတွေဟာ ရခိုင်ဘုရင့်နိုင်ငံမှာ ဘင်္ဂါလီမွတ်စလင် အရေအတွက်တိုးပွါးခြင်း ကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။”
ဒီတင်ပြချက်အရ ဘင်္ဂလီတွေဟာ နဂိုကတည်းက ဒါမှမဟုတ် ရခိုင့်ဘုရင့်နိုင်ငံအဆက်ဆက်မှာ ပြောင်းရွေ့အခြေချလာသူတွေဖြစ်ပြီး အဲဒီအရေအတွက်ဟာ စစ်သုံးပန့်တွေကြောင့် ပိုမိုတိုးပွားလာခဲ့တယ်လို့ ကိုရဲရင့်သစ္စာ လက်ခံထားကြောင်း ခြုံငုံသုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုရဲရင့်သစ္စာပြောထားတဲ့ Settlement တွေမရှိပဲ ကိုလိုနီခေတ်မှသာ ဘင်္ဂလီတွေအလုံးအရင်းနဲ့ ၀င်ရောက်လာတယ်ဆိုတာ Logically အရပဲဖြစ်ဖြစ် Historically အရပဲဖြစ်ဖြစ် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့ အချက်ဟာလည်း ဒီသုံးသပ်ချက်ကို ပိုပြီး ခိုင်မာစေပါတယ်။ အဲဒီကိုးကားချက်နဲ့ ပတ်သက်ပြီး မြောက်ဦးခေတ် ရခိုင်ပြည်ထဲကို ဘင်္ဂလီတွေ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်လာတယ်၊ အဲဒီဘင်္ဂလီတွေဟာ ခုချိန်မှာ ဘယ်နေရာမှာ ဘယ်လိုနေထိုင်နေကြတယ်ဆိုတဲ့ အထောက်အထားတစ်ခု ပေးချင်ပါတယ်။
သမိုင်းပညာရှင် ဦးခင်မောင်စော-ဘာလင်ရဲ့ လန်ဒန်မှာဖတ်ကြားခဲ့တဲ့ Religions Of Arakan ဆိုတဲ့စာတမ်းမှာ မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက် သက္ကရာဇ်၁၅၃၃ခုနှစ်မှာ စစ်တကောင်းကို ပြန်လည် သိမ်းပိုက်ရာကနေ ဖမ်းဆီးမိတဲ့ ဘင်္ဂလီစစ်သုံးပန့်တွေကို သံတွဲမြို့ကို ဘုရားကျွန်အဖြစ် ခေါ်ယူလာတဲ့ အကြောင်း တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စာတမ်းရေးသားသူက Tydd,W.D,Burma Gazetteer,Sandoway District, Vol.A,Rangoon,1962 ကို ကိုးကားထားပါတယ်။ အခု သံတွဲခရိုင်မှာ ထင်ရှားတဲ့ ဆံတော်၊အံတော်၊နံတော် စေတီတော်တွေဟာ အဲဒီဘင်္ဂလီဘုရားကျွန်တွေရဲ့ လုပ်အားနဲ့ တည်ဆောက်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဘုရားကျွန်ဆိုကတည်းက သူတို့ဟာ ရခိုင်ပြည်မှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိခဲ့တဲ့ တရားဝင်နိုင်ငံသား မဟုတ်တာ သေချာပါတယ်။ ၁၅၆၄ခုနှစ်မှာဖြစ်ပွားတဲ့ သံတွဲမြို့စားရဲ့ မြောက်ဦးထီးနန်းကို ပုန်ကန်ထကြွမှုမှာ အဲဒီဘုရားကျွန် ဘင်္ဂလီတွေဟာ ပုန်ကန်သူဖက်က ပါဝင်ခဲ့တဲ့အတွက် အဲဒီအရေးအခင်း အရေးနိမ့်သွားတဲ့အခါ မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့ပြီး ဘုရားကျွန်လေးထောင်လောက်ဟာ အထက်မြန်မာပြည် အင်းဝဘုရင်ဆီကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အဲဒီဘင်္ဂလီတွေကို အင်းဝဘုရင်က ကောင်းမွန်စွာလက်ခံပြီးတော့ သူတို့ကို ဘုရားကျွန်အဖြစ်မှ ကင်းလွတ်ကြောင်း ကြေငြာပြီး မြေဒူးဆိုတဲ့အရပ်မှာ နေရာချထားပေးခဲ့ပါတယ်။ အဲဒီမူဆလင်တွေကို မြေဒူးမူဆလင်လို့ ခေါ်ကြပါတယ်။ အဲဒီအချက်ကိုကြည့်ပြီး လက်ရှိမြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် အခြေချနေထိုင်နေကြတဲ့ မူဆလင်တွေဟာ မြေဒူးမူဆလင်တွေ ဖြစ်မယ်ထင်ပါတယ်။ အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာဘုရင်အဆက်ဆက်ဆီမှာ သစ္စာရှိစွာ အမှုထမ်းခဲ့တယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာပြည်အထက်ပိုင်းမှာ နှစ်ပေါင်း၁၅၀လောက် အခြေချခဲ့ပြီး အချို့ဟာ ဘိုးတော်မောင်ဝိုင်းရဲ့ ရခိုင်ကျူးကျော်စစ်ပွဲကာလမှာ သံတွဲစစ်မျက်နှာကနေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ရခိုင်ပြည်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ ဗမာပြည်မကိုမပြန်တော့ပဲ သံတွဲမှာပဲ ပြန်လည်အခြေချနေထိုင်ခဲ့ကြပါတယ်။ အဲဒါကြောင့် ခုသံတွဲမှာရှိတဲ့ မြန်မာနိုင်ငံသား မြေဒူးမူဆလင်တွေဟာ ခုရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေလို ဘင်္ဂလီစကား၊ရခိုင်စကားမပြောပဲ အညာသံဗမာစကားကို ပြောကြတယ်လို့ စာတမ်းမှာဆိုထားပါတယ်။ ဒီဘင်္ဂလီအနွယ် မြေဒူးမူဆလင်တွေဟာ မြန်မာလူနေမှုစရိုက်မှာ နှစ်ပေါင်းများစွာ ရောနှောစိမ့်ဝင်လာခဲ့တဲ့အတွက် ဘာသာကိုးကွယ် ယုံကြည်မှုကလွဲရင် မြန်မာစကားကိုပဲ ပြောဆိုပြီး ကျန်တဲ့လူနေမှုစရိုက်တွေ အကုန်လုံးနီးပါးဟာ မြန်မာတွေနဲ့ ထပ်တူညီကြပါတယ်။ ကမန်မူဆလင်တွေလိုပဲ သူတို့ဟာ သူတို့နေထိုင်ရာ ဒေသတွင်းက မြန်မာဗုဒ္ဓဘာသာတွေနဲ့ ပဋိပက္ခတစ်စုံတရာ မဖြစ်ပဲ၁၉၃၈ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမတိုင်ခင်ထိ ငြိမ်းချမ်းစွာအတူနေထိုင်ခဲ့ကြတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီတော့ခါ ကိုရဲရင့်သစ္စာပြောတဲ့ settlement တွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ထင်ရှားသွားပြီလို့ ယူဆပါတယ်။ ယခင်ကအခြေချနေထိုင်မှု လုံးဝမရှိဘူးလို့ ကျွန်တော်မငြင်းခဲ့သလို အဲဒီအခြေချနေထိုင်သူတွေနဲ့ ကိုလိုနီခေတ်မှာ အလုံးအရင်းဝင်ရောက်လာတဲ့ ဘင်္ဂလီတွေ ဘယ်လိုကွာခြားသလဲဆိုတာ မြေဒူးမူဆလင်သမိုင်းက သက်သေပြနေပါတယ်။
ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်တွေထဲမှာ ကျွန်တော်ရဲ့ပြန်ကြားချက်ထဲက အကြောင်းအရာတစ်ခုကို Logical evidence အနေနဲ့ ခုလိုပြောထားတာ တွေ့ပါတယ်။
“လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေက လက်နက်မဲ့ ရခိုင်လူမျိုးတွေကို အဲဒီလို သာမျိုးတုန်းသတ်ဖြတ်ခဲ့မယ်ဆိုရင် ရခိုင်လူမျိုးတွေ မျိုးတုန်းသွားနိုင်ကြောင်း။”
ဒီနေရာမှာ ကိုရဲရင့်သစ္စာ မျက်စိအနည်းငယ် လျှမ်းသွားတယ်ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာက“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်” ကျွန်တော်ပြောခဲ့တာ ကြိုးစားခဲ့တယ် ပါ။သတ်ဖြတ်ခဲ့တယ် မဟုတ်ပါဘူး။ တော်တော်ကွာခြားပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အခါ ရွာလုံးကျွတ်မီးရှို့တာတွေ ဖြစ်ပွားခဲ့မှာ အသေအချာပါပဲ။ အဲဒီတော့ ရွာမှာရှိတဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေနဲ့ ဗလီဝတ်ကျောင်းတွေဟာ ဖျက်ဆီးခံရမှာ အသေအချာပါပဲ။ ဒီဖြစ်ရပ်တွေကို ရခိုင်တွေက လူမျိုးရေးအဓိကရုဏ်းအဖြစ် သတ်မှတ်ပြီး ဘင်္ဂလီတွေက ဘာသာရေးအဓိကရုဏ်းအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ဘယ်ဗုဒ္ဓဘာသာမှ သတ်ဖြတ်နေတဲ့အချိန်မှာ သံဗုဒ္ဓေကို ရွတ်ဆိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘင်္ဂလီတွေကတော့ ဖမ်းမိလာတဲ့ ရခိုင်တွေကို လည်လှီးသတ်ဖြတ်မယ့်အချိန်မှာ ဘုရားစာတွေကို ရွတ်ဆိုကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒါတွေဟာ ပါးစပ်ရာဇ၀င်တွေ သတ်မှတ်လို့ရပေမယ့် အဓိကရုဏ်းနောက်ဆက်တွဲ ရလာဒ်တွေကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်တွေဟာ ဘင်္ဂလီတွေရဲ့ စီးနင်းသတ်ဖြတ်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရပြီး အဲဒေသက ရခိုင်ရွာတွေဟာ ဘင်္ဂလီရွာတွေဖြစ်လာတာကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကိုလိုနီခေတ် ၁၉၂၁ခုနှစ်ကနေ မဆလခေတ် ၁၉၈၆ခုနှစ်အတွင်း မောင်တောမြို့နယ်တွင်းက ဘင်္ဂလီနဲ့ ရခိုင် လူဦးရေ စစ်တမ်းကို ပြန်ကြည့်ရအောင်ပါ။
Table of population in Maungdaw
Year | Rakhaing | Bengali | Total | Remark
1921 | 34,700 | 68,035 | 65,724 |
1931 | 41,484 | 104,408 | 136,087 | Burma gazetteer
1956 | 5,808 | 124,452 | 165,936 |
1973 | 11,908 | 187,792 | 198,600 | (Akyab District of ACB)
1976 | 13,376 | 211,394 | 223,302 |
1981 | 13,326 | 212,070 | 222,549 |
1986 | 19,139 | 249,571 | 263,899 |
Total |264,507 | 283,649
၁၉၄၂ ကုလား-ရခိုင် အဓိကရုဏ်းနဲ့ ၁၉၄၉ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်ဆူပူအုံကြွမှုကြောင့် မောင်တောမှာ ရခိုင်လူမျိုးတွေ သတ်ဖြတ်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးခဲ့ရတာ ဟုတ်မဟုတ်ကို ၁၉၅၆ခုနှစ်စစ်တမ်းမှာ ဖော်ပြထားတဲ့ ဘင်္ဂလီဦးရေ တစ်သိန်းနှစ်သောင်းကျော်နဲ့ ရခိုင်ဦးရေ ငါးထောင်ကျော်ကို နှိုင်းယှဉ်ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ကိုရဲရင့်သစ္စာ ကောက်ချက်ဆွဲသွားတစ်ခုကို တွေ့ရပါတယ်။ ကိုရဲရင့်သစ္စာပြောသွားတာက-
“ကျွန်တော် မီးမောင်းထိုးပြ ချင်တဲ့နောက် တစ်ချက်ကတော့….တစ်ကယ်လို့သာ ဘင်္ဂါလီတွေ က ရခိုင်လူမျိုးတွေ ကို ဘာသာရေးခေါင်းစဉ် တပ်ပြီး သတ်ဖြတ်နှိပ်စက်ခြင်း ပြုခဲ့မယ် ဆိုရင် ရခိုင်တွေ အနေနဲ့လည်း လက်တုန့်ပြန်တဲ့ အနေနဲ့ အစ္စလာမ် ဘာသာဝင်တိုင်းကိုရန်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင် ကမန်တွေကြား communal riot မဖြစ်ခဲ့ဘူးလို့ ကိုမြတ်သိန်းထွန်း ဆိုထားသလိုကျွန်တော်လည်း အဲဒီလို လက်ခံပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဘင်္ဂါလီတွေ ဟာ ရခိုင်လူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး မျိုးတုန်းအောင်တိုက်ခိုက်ခဲ့တာလုံးဝ မဟုတ်ကြောင်းပိုပြီး ထင်ရှားသွားပါတော့တယ်။”
ကျွန်တော်အထက်မှာ ပြောခဲ့ပါတယ်။ ဒီပြဿနာကို ရခိုင်တွေက လူမျိုးရေးပြဿနာလို့ ခံယူပြီး ဘင်္ဂလီတွေက ဘာသာရေးပြဿနာလို့ ခေါင်းစဉ်တပ်ကြတယ်လို့ ပြောခဲ့ပါတယ်။ လူမျိုးရေးပြဿနာလို့ မြင်ထားတယ် ဆိုကတည်းက ရခိုင်တွေဟာ အစ္စလာမ်ဘာသာဝင်တိုင်းကို မုန်းတီးနာကျည်း သတ်ဖြတ်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်လို့ရပါတယ်။ ဒီစကားကို ထပ်ရှင်းပါမယ်။ ကမန်အများစုဟာ ဘင်္ဂလီတွေနဲ့ ရုပ်ရည်အနည်းငယ် ကွဲပြားပါတယ်။ ရခိုင်တွေလိုပဲ ကမန်တွေဟာ ဘင်္ဂလီနဲ့ ရောရောနှောနှော မရှိပါဘူး။ နောက်ပြီး လူနည်းစုဖြစ်တဲ့အတွက် သူတို့နေတဲ့ဒေသမှာ သူတို့ဟာ ဘာလူမျိုးဆိုတာကို အနီးအနားက ရခိုင်တိုင်း သိကြသလို သူတို့ရဲ့စိတ်နေသဘောထားနဲ့ စရိုက်ကိုလည်း ရခိုင်တွေ ကောင်းကောင်း သိထားပါတယ်။ တစ်ခါမှပြဿနာမရှိဖူးတဲ့ ဒီလူမျိုးကို အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုပြီး ဘင်္ဂလီတွေနဲ့ တန်းတူ ရခိုင်တွေ ဘယ်တုန်းကမှ သဘောမထားခဲ့ပါဘူး။ ဘင်္ဂလီတွေရဲ့ စရိုက်က ကမန်တွေနဲ့မတူပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ရခိုင်မြောက်ပိုင်းကို Islamist State ဖြစ်အောင် ဖန်တီးဖို့ပါ။ အဲဒီလိုလုပ်နိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ အဲဒီလိုကြိုးစားမှုတွေကြောင့် ဒေသခံရခိုင်တွေနဲ့ မကျေမလည်ဖြစ်ရာကနေ ဒီရခိုင်တွေမရှိမှသာ ဒီဒေသကိုလွှမ်းမိုးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့လူအင်အားကို အသုံးပြုပြီး ရခိုင်တွေကို တိုက်ခိုက်မောင်းထုတ်ခဲ့တာပါ။ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန မော်ကွန်းဌာနစုမှာသိမ်းဆည်းထားပါတယ်။ လက်လှမ်းမှီရင် သွားရောက်လေ့လာနိုင်ပါတယ်။ ခွဲထွက်ရေးအတွက် လူသိရှင်ကြား ကြိုးစားခဲ့တဲ့ အချက်တွေကကတော့ မိုရှေရေဂါရ်အပါအ၀င် သမိုင်းသုတေသီ တော်တော်များများရဲ့ စာအုပ်တွေမှာ ဖော်ပြပြီးသား ဖြစ်ပါတယ်။ ဘင်္ဂလီတွေရဲ့ ဘာသာရေးအစွန်းရောက် လုပ်ရပ်တွေကို သမိုင်းသုတေသီ မိုရှေရေဂါရ်ရဲ့ Between Integration and Secession;The Muslim communities of Southen Philippines,Southen Thailand and Western Burma/Myanmar စာအုပ် အခန်း၅ Mojahideen Rebellion မှာ-
Muslim Religious leaders began preaching “Jihad” against Arakan “Infidels”. Indeed,initially,guerilla activities were directed more at “ethnic” targets(against the Buddhist Arakanese)than against the Government. လို့အတိအလင်း ရေးသားဖော်ပြထားပါတယ်။
မူဂျာဟစ်များတောင်းဆိုခဲ့သည့် မေယုဒေသ
အဲဒီအချက်အလက်တွေကို ရှာမတွေ့ခင် ကြားဖူးနားဝရှိတာလေးနဲ့ ပထမဆုံးအကြိမ် ကိုရဲရင့်သစ္စာကို မေးမြန်းတုန်းက ရခိုင်က ဘင်္ဂလီဘာသာရေးခေါင်းဆောင်တွေဟာ သူတို့နောက်လိုက်တွေကို ကိုရမ်ရ်ကို ဘယ်လိုပုံစံမျိုးနဲ့ သွန်သင်ဆုံးမနေသလဲလို့ မေးခဲ့ဖူးပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တိုင်းပြည်တစ်ပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူပုန်ထမှု၊ သာမန်တော်လှန်ရေးလှုပ်ရှားမှု တစ်ခုအဖြစ် ရခိုင်ခွဲထွက်ရေးသမားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ပြီး ကိုရဲရင့်သစ္စာ ဥပမာပေးသွားတာ တွေ့ပါတယ်။ နောက်ပြီး ဒီအုံကြွမှုဟာ ရခိုင်တွေရဲ့ ဘာသာရေးမုန်းတီးမှုကြောင့် ဖြစ်ရတာလို့ ပြောသွားတာ တွေ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပြည်ထောင်စုထဲက အစိတ်အပိုင်းတစ်ခု ပဲ့ပါသွားမှာကို မလိုလားဘူးလို့ ကိုရဲရင့်သစ္စာရဲ့ တိုင်းပြည်ချစ်စိတ်ကို ဖော်ပြသွားတာကို ကျွန်တော်လေးစားစွာ အသိအမှတ်ပြုပါတယ်။ ဒီမူဂျာဟစ်ဆူပူအုံကြွမှုနဲ့ ပတ်သက်ပြီး ကိုရဲရင့်သစ္စာရဲ့ အမြင်ကို ကျွန်တော်သဘောမတူပါဘူး။ ရခိုင်တွေဟာ ဒီပြဿနာတွေကို ဘာသာရေးပြဿနာအဖြစ် မမြင်ပဲ လူမျိုးရေးပြဿနာအဖြစ် ရှုမြင်ထားကြောင်း အထက်မှာ ကျွန်တော်ပြောပြီးပါပြီ။ နောက်တစ်ချက်က ကျွန်တော့်အမြင်ပြောရရင် ရခိုင်တွေရဲ့တော်လှန်ရေးဟာ ဘင်္ဂလီတွေရဲ့တော်လှန်ရေးနဲ့ နေရာတော်တော်များများ ကွာခြားပါတယ်။ ရခိုင်တွေရဲ့ တော်လှန်ရေးဟာ အုပ်ချုပ်သူအစိုးရကို တော်လှန်တာဖြစ်ပါတယ်။ ရခိုင်ဒေသမှာ အခြေချနေထိုင်နေကြတဲ့ ဗမာတွေကို သုတ်သင်ဖို့ လုံးဝမဟုတ်ပါဘူး။ အသေးစိတ်အချက်တွေ ရှည်ရှည်ဝေးဝေးမပြောချင်လို့ ဥပမာလေးတစ်ခုပေးပါရစေ။ မိသားစုတစ်ခုမှာ မိဘမကောင်းလို့ သားသမီးက ကလန်ကဆန်လုပ်တာနဲ့ လာရောက်မှီခိုကပ်ရပ်နေတဲ့ အလုပ်သမား(သို့)မှီခိုသူက ကလန်ကဆန်လုပ်တာ ပုံစံချင်းမတူပါဘူး။ သွေးသားချင်းဖြစ်တဲ့ ပြဿနာနဲ့ တစိမ်းတရံစာနဲ့ ဖြစ်တဲ့ပြဿနာ အတော့်ကို ကွာခြားပါတယ်။ ဒီလိုပြောလို့ ကျွန်တော်ဟာခွဲထွက်ရေးသမားတွေကို ထောက်ခံနေတဲ့လူလို့ မထင်စေချင်ပါဘူး။ ကျွန်တော်ဟာ နိုင်ငံရေး၊တော်လှန်ရေး အသိုင်းအ၀ိုင်းရဲ့ အပြင်ဖက်က ပြည်ထောင်စုနဲ့ ကိုယ့်လူမျိုးကို တန်းတူချစ်မြတ်နိုးတဲ့ သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဘင်္ဂလီတွေက Religion of Peace လို့ သတ်မှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး မလျော်ကန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက် တချိန်က လူမျိုးရေးပြဿနာ သက်သက်ရှုမြင်ခဲ့ကြတဲ့ ရခိုင်လူမျိုးတွေတင်မကပဲ မူဆလင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာ အစ္စလာမ်ဘာသာကို မုန်းတီးမှုအမြစ်တွယ်လာရတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်ရဲ့ ပြန်ကြားချက်-၁မှာ အကြမ်းဖျဉ်းရေးသားခဲ့ပါတယ်။ ကိုရဲရင့်သစ္စာထောက်ပြသွားတဲ့ ခုဖြစ်နေတဲ့ အင်တာနက်ပေါ်မှာ ဘာသာရေးကို မိုက်ရိုင်းစွာဆဲဆိုမှုတွေ၊ အမျိုးပျောက်မှာ စိုးကြောက်စရာလိုမျိုး အမုန်းတရားတွေ ပြည့်နှက်တဲ့စာအုပ်တွေဟာ တချိန်က လူမျိုးရေးပြဿနာအဖြစ် ရှုမြင်ရာကနေ ဘင်္ဂလီတွေရဲ့ ဘာသာရေးခုတုံးလုပ်မှု အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေပါပဲ။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ ဖြစ်ရပ်မျိုး ရခိုင်ကဘင်္ဂလီတွေ ကျူးလွန်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ နှစ်ခါတိတိ ကြုံတွေ့ဖူးပါတယ်။ အဲဒီအကျိုးဆက်တွေဟာ ကိုရဲရင့်သစ္စာတို့လို တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး တရားအဆုံးအမကို မှန်ကန်စွာ လိုက်နာစောင့်ထိန်းနေတဲ့ မြန်မာမူလဆင်တွေကို တိုက်ရိုက်လာထိခိုက်စေပါတယ်။ အထက်မှာဖော်ပြသွားတဲ့ အကိုးအကားဖြေရှင်းချက်တွေဟာ ပထမဆုံးပြန်ကြားချက်ထဲက ကျွန်တော့်ရဲ့ အကိုးအကားမပါတဲ့ သုံးသပ်ချက်တွေကို ကိုရဲရင့်သစ္စာက ပါးစပ်ရာဇ၀င်အဖြစ် သုံးသပ်သွားတဲ့အတွက် ကျွန်တော် လက်လှမ်းမှီသလောက် ရှာကြံတင်ပြပေးလိုက်တာပါ။
မြတ်သိန်းထွန်း

0 comments:
Post a Comment