Monday, November 19, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

Posted by drmyochit Monday, November 19, 2012, under | No comments


  
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် နံနက်(၁ဝ)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Champa Room ၌ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးမျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတနှင့်အတူ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်းယူဒိုရိုနို၊ လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရ အဖွဲ့အကြီး အကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့သည် အာဆီယံအသိုက်အဝန်း ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေး ပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်းမင်းမြတ် နိုရာဒုံ သီဟာနု နတ်ရွာစံခြင်း အတွက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်နှင့် ပြည်သူများအား မိမိနှင့်မြန်မာ ပြည်သူတစ်ရပ်လုံးက ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင်း၊ ဘုရင်သီဟာနုသည် ကမ္ဘောဒီးယားပြည်သူများက သာမက ကမ္ဘာ့နိုင်ငံများက လေးစားကြည်ညိုသည် နိုင်ငံ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် နှမြောတသ ဖြစ်မိပါ ကြောင်းကို အားပေးပြောကြားခဲ့ပြီး  မိမိနှင့် ကိုယ်စားလှယ်အားလုံးကို သာယာလှပသည့် ဖနောင်ပင်မြို့ကို ရောက်ရှိချိန်မှစပြီး အစစအရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်ခြင်း နှင့်အထူးကောင်းမွန်သည့် အစီအစဉ်များ စီစဉ်ထားရှိခြင်းအတွက် ဝန်ကြီးချုပ်နှင့် ပြည်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။ 
အာဆီယံအသိုက်အဝန်းကြီး ပေါ်ထွန်းလာရန် သက်တမ်း(၂) နှစ်သာကျန်ပါတော့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဆီယံ အသိုက်အဝန်းကြီး ပေါ်ထွန်းလာရေးအတွက် မြန်မာနိုင်ငံသည် ကျန်အာဆီယံ နိုင်ငံများနှင့်အတူ အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် (၂) နှစ်အတွင်း အထူးအာရုံစိုက်ဆောင်ရွက် ရမယ့်လုပ်ငန်းများကို စိစစ် ထုတ်ဖော်ပြီး အလျင်အမြန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး(၃)ရပ်တွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ရှိသည့် အရင်းအမြစ်များကို အပြည့်အဝ အသုံးချပြီး အကောင်အထည် ဖော်သွားရမည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံအရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ (၁)ရက် မှ အောက်တိုဘာလ(၃၁)ရက်အထိ အကောင်အထည်ဖော်ရမည့် ကတိကဝတ် များ (၄၈) ခု ရှိရာ (၃၉)ခု အကောင်အထည်ဖော်နိုင်ပြီး ရာခိုင်နှုန်းအားဖြင့်(၈၁ ဒသမ ၃) အကောင် အထည်ဖော်နိုင်ခဲ့ပါကြောင်း။
အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုအတွက် အချိန်ကာလမှာ နီးကပ်လာသည့်အပြင် ဆောင်ရွက်ရမည့် ကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် ကြီးမားသောဖိအားပေးမှုများကို ကျန်အာဆီယံ နိုင်ငံများနှင့်အတူ မိမိတို့အနေဖြင့်လည်း ရင်ဆိုင် နေရပါကြောင်း၊ သို့သော်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းအောင်မြင်စွာ ဖြစ်ထွန်းလာရေးအတွက် မိမိတို့အစိုးရအနေဖြင့် ကတိကဝတ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဘက်တွင်လည်း ASEAN Awareness များကို ပြည်သူများကြား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
၂ဝ၁၅ခုနှစ်တွင် အာဆီယံအသိုက် အဝန်းပီပြင်စွာ ဖြစ်ပေါ်လာသည့်အခါမှသာ အာဆီယံ၏ ခိုင်မာမှုနှင့်  စည်းလုံးညီညွတ်မှု ကို ဖော်ပြနိုင်မည်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံရဲ့ ဗဟိုအချက်အချာ ကျမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ အာဆီယံ အသိုက် အဝန်းထူထောင်နိုင်ခြင်းသည်လည်း အာဆီယံအတွက် အန္တိပန်းတိုင်မဟုတ်ဘဲတည်ငြိမ် အေးချမ်းသာယာဝပြောသည့်ဒေသ တည်ဆောက်မှု၏ မှတ်တိုင် တစ်ရပ်သာဖြစ်ပါကြောင်း၊ အာဆီယံရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်များကို ဆက်လက်ချမှတ် သွားရမည် ဖြစ်ပါကြောင်း။ လာမည့် နှစ်နှစ်တာကာလတွင် ကမ္ဘာကြီး မည်သို့တိုးတက်ပြောင်း လဲမည်ဆိုသည်ကို  မည်သူမျှ အတိအကျပြော၍ မရပါကြောင်း။ ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများကို ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းရန် အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးပါကြောင်း၊ အကြိမ်(၂ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ခဲ့ သည့်အတိုင်း အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဌာနကို ထူထောင်နိုင်သည့် အတွက် များစွာ ဝမ်းမြောက်ပါကြောင်း။
ယင်းဌာနအနေဖြင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အကောင်အထည် ဖော်မှုအတွက် တန်ဖိုးရှိသော သုတေသနများနှင့် စာတမ်းများကို ပံ့ပိုးပေးနိုင် လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မြန်မာနိုင်ငံသည်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထူးအလေးပေးဆောင်ရွက်နေရာ မိမိတို့ရဲ့အတွေ့အကြုံကိုလည်း ဝေငှရန် အဆင်သင့်ရှိပါကြောင်း။
ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်  ဖိလစ်ပိုင်နိုင်ငံအစိုးရ အနေဖြင့် မိုရိုအစ္စလာမ် မစ်တပ်ဦး ကြားမှာ  ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ သမိုင်းတွင်ရမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အောက်တိုဘာ(၇)ရက်က ရရှိခဲ့သည့် အတွက် ဝမ်းမြောက် ပါကြောင်း၊ ဒီလို ပြန်လည်သင့်မြတ်မှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် နမူနာယူစရာဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဒီထိပ်သီးအစည်းအဝေးတွင် Regional Comprehensive Economic Partnership အတွက် စေ့စပ်ဆွေးနွေးမှုများကို စတင်မည် ဖြစ်သည့်အတွက် ဆွေးနွေးဘက် နိုင်ငံများအကြား Win-Win Situation ကိုဖြစ်ပေါ်စေမည် ဖြစ်ပြီး စီးပွား၊ ကုန်သွယ်မှုရေးရာများတွင် အာဆီယံဗဟိုပြုမှုကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းမှု မဟာစီမံကိန်းသည် အာဆီယံအသိုက်အဝန်း အမှန်     တကယ် ဖြစ်ပေါ်ရေး အတွက်လည်းကောင်း၊ အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ကျဉ်းမြောင်း စေရန်လည်းကောင်း၊ အာဆီယံဒေသကို ဆက်စပ် လျက်ရှိသည့်  ဒေသများနှင့် ပေါင်းစည်းရေးအတွက်လည်းကောင်း အရေးပါသော စီမံကိန်း ဖြစ်ပါကြောင်း။ ဒီစီမံကိန်းအပေါ် အာဆီယံအပေါင်း သုံးနိုင်ငံများနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး နိုင်ငံများကပါ စိတ်ဝင်စားမှုပြသကြပြီး ပုဂ္ဂလိက ကဏ္ဍများကို စိတ်ဝင်စားမှုပြသခဲ့ခြင်းကို ဝမ်းသာပါကြောင်း။ တကယ် လက်တွေ့အ မြန်ဆုံးစတင် သည် ကို မြင်တွေ့လိုပါ ကြောင်း။ 
အာဆီယံ ဆက်သွယ်ပေါင်းစည်းရေး ညှိနှိုင်းမှု ကော်မတီ၏ အာဆီယံ ဆက်သွယ် ပေါင်းစည်းရေး မဟာစီမံကိန်းကို လူသိများအောင် ဆောင်ရွက်ပေးခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း။ အာဆီယံပေါင်းစည်း ဆက်သွယ်ရေး ဆိုင်ရာဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အခန်းကဏ္ဍကိုကြိုဆိုပြီး အာဆီယံအပေါင်းသုံး ဆက်သွယ်ပေါင်းစည်းရေးဆိုင်ရာ အစီအစဉ်များကို ဦးစီးဦးဆောင်ပြု သည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု ကိုလည်းကျေးဇူးတင်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းရေးသည် အာဆီယံအသိုက်အဝန်းတွင် အရေးပါသည့်  ဤစီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင် နိုင်ရေးနှင့် လူသိများအောင် ဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါတယ်။ ဒီစီမံကိန်းကြီးဟာ အာဆီယံတွင်းဖွံ့ဖြိုး မှုကွာဟချက်ကို ကျဉ်းမြောင်း လာစေမည်ဖြစ်ပါကြောင်း။
အာဆီယံနိုင်ငံများအကြား Physical Connectivity နှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးတွင် ASEAN Infrastructure  fund(AIF) ကို အပြည့်အဝ အသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (AIF) ကို ဘက်ညီမျှတစွာ အပြည့်အဝအသုံးချနိုင်ပါက အဖွဲ့ဝင်နိုင်ငံများအကြား အခြေခံအဆောက် အအုံဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်း စေရေးအတွက် အထောက်အကူပြုစေနိုင်ကြောင်း။
Physical Connectivity နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးမှုတွင် ပုဂ္ဂလိက ကဏ္ဍဟာ အရေးပါတာကြောင့် Public-Private Partnership  အစီအစဉ်များကို အားပေး ဆောင်ရွက် သွားကြရန် လိုကြောင်း။
မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်မည့် ထားဝယ်ရေနက် စီမံကိန်းသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ နှင့်ချိတ်ဆက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း။ ထိုစီမံကိန်း စတင်အကောင် အထည်ဖော်ရန်မြန်မာ-ထိုင်းနှစ်ဖက်သဘောတူညီမှုကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ပါကြောင်း။

ယခုညီလာခံတွင် အာဆီယံလူ့ အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခြင်းသည် အာဆီယံ၏ အရေးပါတဲ့သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း။ ဤသို့ထုတ်ပြန်နိုင်အောင် ဆွေးနွေးဆောင်ရွက်ပေးကြသည့် လူ့အခွင့်အရေး နှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များ နှင့်ပါဝင်ဆောင်ရွက် သူများကို ချီးကျူးပါကြောင်း။
အာဆီယံ နိုင်ငံများအကြား လူ့အခွင့်အရေး နှင့်ပတ်သက်၍ မြှင့်တင်ဆောင် ရွက်သွားရန် သာမက  အကာအကွယ်ကင်းမဲ့ပြီး၊ အခွင့်အလမ်း များမရရှိသည့် ပြည်သူများအား သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးသွားရမှာ ဖြစ်ကြောင်း။
ယနေ့ အတည်ပြုခဲ့သည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းသည် အာဆီယံဒေသ အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ကာကွယ် စောင့်ရှောက်ရေးအတွက် အခြေခံကျတဲ့ စာရွက် စာတမ်းအဖြစ် တည်ရှိလိမ့်မည် ဟုယုံကြည်ပါကြောင်း။
မိမိတို့ ကြေညာချက် ထုတ်ပြန်ပြီး ဒီကြေညာချက် လက်တွေ့ဖြစ်လာရေးနဲ ရေရှည်တည်တံ့ ရေးကို ဆက်လက်လုပ် ဆောင်သွားရမည် ဖြစ်ပါကြောင်း။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အာဆီယံ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုကို ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုကို များစွာ ဂုဏ်ယူထောက်ခံကြောင်း၊ အာဆီယံကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ သည် အာဆီယံ၏ ကမ္ဘာပေါ်တွင် ရပ်တည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
စီးပွားရေးကျဆင်းမှု အရိပ်အရောင် သန်းနေသည့် ကမ္ဘာ့အခြေအနေတွင် ငွေရေးကြေးရေး အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးမှုသည် သင့်လျော်မှန်ကန်မှု ရှိပါကြောင်း။ လာမည့် ထိပ်သီးအစည်း အဝေးများတွင်လည်း ဆက်လက်ဆွေးနွေးသင့်ပါကြောင်း။
ယခုဆွေးနွေးပွဲသည် ကမ္ဘောဒီးယားနိုင်ငံမှ ဦးဆောင်ဦးရွက် ပြုကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲဖြစ်သော်လည်း အာဆီယံစီးပွားရေး အသိုက်အဝန်းအပါအဝင် ၂ဝ၁၅ခုနှစ် အာဆီယံအသိုက် အဝန်းအတွက် အထောက်အကူပြုမယ့် အကြံဥာဏ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။ လူသားချင်းစာနာ ထောက်ထားမှု ရှုထောင့်မှ နေ၍ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်မယ့် အာဆီယံ ဒေသဆိုင်ရာ မိုင်းရှင်းလင်းရေးဌာန ထူထောင်မှုကို မိမိတို့အနေဖြင့် မူအားဖြင့် ကြိုဆိုပါ ကြောင်း။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းလျက်ရှိရာ ငြိမ်းချမ်းရေး ရရှိပြီးဖြစ် သည့်နေရာများတွင် မိုင်းရှင်းလင်းရန်အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည်ည အော်တဝါကွန်းဗင်းရှင်းကို လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိုင်ငံဖြစ်ပါကြောင်း။ သို့သော် မြေမြုပ်မိုင်းများကို အထိန်းအကွပ်မရှိ အသုံးချမှုကို အမြဲဆန့် ကျင်ပါကြောင်း။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ၂ဝဝ၈ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးဆောင်မှုပေးခဲ့သည့် ဒေါက်တာဆူရင်ပစ်ဆူဝမ် အား ကျေးဇူး တင်ကြောင်းပြောကြားလိုပါကြောင်း။
အထူးသဖြင့် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံအစိုးရ၊ အာဆီယံနှင့်ကုလသမဂ္ဂ သုံးဦး ဖလှယ်ပူးပေါင်း ဆောင်ရွက်မှုတွင် အာဆီယံအတွင်းရေးမှူး ချုပ်အနေဖြင့် မားမားမတ်မတ် ဦးဆောင်မှုပေး ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရ နှင့်ပြည်သူများက အထူးတလည် အမှတ်ရကျေးဇူး တင်ရှိနေမည် ဖြစ်ကြောင်း ပြောကြား လိုပါကြောင်း။
ဒေါက်တာဆူရင်ပစ်ဆူဝမ်၏ အနာဂတ်ကြိုးပမ်း ဆောင်ရွက်မှုများသည် အောင်မြင်မှု အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း  တောင်းအပ်ပါကြောင်း။ မိမိတို့၏ ညီအစ်ကို နိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံက အမည်တင်သွင်းလာခဲ့သည့် မစ္စတာလျူလျောင်မင်း ကိုလည်း အာဆီယံအသိုက်အဝန်း ကကြိုဆိုပါကြောင်း။
မစ္စတာလျူလျောင်မင်းအနေဖြင့် အာဆီယံအသိုက်အဝန်းသို့ အသွင်ကူးပြောင်းမှုတွင် ဦးဆောင် ဦးရွက် ပြုရမည် ဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာ နှင့်ရင်ဆိုင် ရပါလိမ့်မည်ဖြစ်သော်လည်း အာဆီယံအတွင်း ရေးမှူးချုပ်ရုံးကို ထိရောက်စွာ ခေါင်းဆောင်မှုပြုလုပ်ပြီး အာဆီယံနှင့်အာဆီယံ ပြည်သူများ၏ အကျိုးစီးပွား တိုးတက်မြင့်မား လာအောင် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ပေး နိုင်လိမ့်မည်ဟု လို့မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်