Monday, November 19, 2012

အိုဘားမား မြန်မာခရီးစဉ် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆို

Posted by drmyochit Monday, November 19, 2012, under | No comments


ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုး သမီးများ အစည်းအရုံး ဥက္ကဌဒေါ် စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြောသည်။ “သမ္မတအိုဘားမား မြန်မာခရီးစဉ်အပေါ် ကြိုဆိုပါတယ်။ သူ့ရဲ့မြန်မာ ခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေး လမ်းစဉ်ကို အကောင်အထည် ဖေါ်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျော်လင့်တယ်။  ပြီးရင် တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးအတွက်ပါ အထောက်အကူပြုနိုင်လိမ့်မယ်လို့ RWUက ထုတ်ပြန်တဲ့ သဘောထားကို အိုဘားမားအပါ အ၀င် ရခိုင်ပြည်သူလူထု တရပ်လုံးက သိစေချင်ပါတယ်။ ထိုနည်း လည်းကောင်း မြန်မာပြည်သူ တရပ်လုံးက လည်း သိစေချင်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟုပြော သည်။
ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် သမ္မတအိုဘားမား ခရီးစဉ်အတွင်း တောင်းဆိုထားသည့် အချက်အလက်များ ကိုလည်း ပြောပြသည်။ “ပထမဆုံးအနေနဲ့ အိုဘားမားကို တောင်းဆိုထားတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကား အောင်လုပ် ဆောင်တဲ့နေရာမှာ မြန်မာတနိုင်ငံ လုံးမှာရှိတဲ့ မည်သည့်ပြည်နယ် တခုကိုမှ ချဉ်လှပ် မထားဘဲ ပြည်နယ်အားလုံး ကို ဒီမိုကရေစီ အခွင့်အရေးရအောင် လုပ်ဆောင်ပေးမယ့်ဟာကို တွန်းအားပေးပါလို့ အကျွန်တို့က တိုက်တွန်း ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တချို့ပြည်နယ်မှာ စစ်မက်ဖြစ်ပွားတာရယ်၊ လူမျိုးရေး အဓိကရုဏ်းဖြစ်နေ တာရယ် စတဲ့အခြေအနေတွေ တွေ့ရတယ်။ အဲဒီလိုချဉ်ထားခဲ့တဲ့ ပုံစံမျိုးမ ဖြစ်စေအောင် ပြောပြရခြင်း ဖြစ်ပါ တယ်”ဟုဆိုသည်။ ပြည်ပနိုင်ငံများတွင် ခိုလှုံပြီး တိုင်းပြည်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားအောင် ကြိုးစား လုပ်ဆောင်နေကြ သူများအနေဖြင့်လည်း မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာနေထိုင်ခွင့် ရရှိမှုအခြေအနေကိုလည်း ယခုလိုဆက် ပြောသည်။
“ပြည်ပမှာ အခြေစိုက်ပြီးတော့ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်နေ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ထဲမှာ လွတ်လွတ် လပ်လပ်နေထိုင်ခွင့် ရရှိရေးနဲ့ နိုင်ငံရေး လုပ်ငန်းများကိုလည်း ပြည်ထဲမှနေပြီး လုပ်ခွင့်ပေး ဖို့ဟာတွေကို သမ္မတ အိုဘားမားအနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းစေချင်ပါတယ်။
ထို့အတူ ပြည်ပနိုင်ငံတွေမှာ နှစ်တစ်ဆယ်၊ နှစ်ဆယ် နေထိုင်ခဲ့ကြတဲ့ လူတွေကို နိုင်ငံ သားဖြစ်မှုကို အကန့်အ သတ်မ ရှိဘဲနဲ့ သူတို့တွေကို လွတ်လွတ် လပ်လပ် နေထိုင်ခွင့်ပေးဖို့ကို ပြောပေးပါလို့ ပြောစေချင်တယ်။  နောက်တခုက ၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ ပြင်စရာ ရှိတဲ့အချက်တွေ၊ အရေးကြီးတဲ့အချက်တွေကို ပြင်ဆင်ခွင့်ရ အောင် သမ္မတအိုဘားမားအနေနဲ့ တိုက်တွန်းပေးပါလို့ အကျွန့်အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟုဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်း ကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ်အဖြေထုတ် ရမယ့်နည်းလမ်းများကိုလည်း စတိတ်မန့်ထဲတွင် ရေးသားဖေါ်ပြ ထားသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း တချို့တချို့ လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေး ရှု့ထောင့်တခုကိုကြည့်ပြီး အပေါ်ယံလုပ်ဆောင်ချက်များကိုလည်း တွေ့ရကြောင်း ယခုလိုသုံးသပ်ပြောဆိုသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေအပေါ်မှာ တချို့တချို့ လူ့အခွင့်အရေး အဖွဲ့တွေက ပကတိအခြေအနေ ကိုမသိဘဲ အပေါ်ယံလုပ်ဆောင် တာတွေကိုတွေ့ရတယ်။ ဒီအချက်အပေါ်မှာ အကျွန်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုဘားမားကို ပြောချင်တာက ရခိုင်ပြည်နယ် ပကတိတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည် အေးချမ်းသာယာရေးအတွက် တကယ်ဆုံးဖြတ်ချက်ကို စဉ်းစားဆောင်ရွက်ပေးပါ၊ ပြီးရင် အိုဘားမား မြန်မာခရီး စဉ်အတွင်း ရခိုင်ခေါင်းဆောင်တွေနဲ့ ၁၀မိနစ်၊ ၁၅မိနစ်ခန့် တွေ့ဖို့အချိန်ပေးပါလို့ အကျွန်တို့အနေနဲ့ ထုတ်ဖေါ်ပြီး တော့ပြောရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ခ်ျအခြေစိုက် အမေရိကန်သံရုံးကိုသို့ Fax နှင့်ပေးပို့ခဲ့သလို သမ္မတအို ဘားမားဆီသို့လည်း အမေရိကန်အခြေစိုက် အဖွဲ့အစည်း တခုကတဆင့် ပို့ပေးခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်