Friday, November 16, 2012

ပေါက်တောစမ်းသပ်လူစာရင်းကောက်ခံရာ၌ ရိုဟင်ဂျာဟုထည့်သွင်းရန် ဘင်္ဂလီများက တောင်းဆို

Posted by drmyochit Friday, November 16, 2012, under | No comments


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီလူမျိုး များနေထိုင်ရာ ဘင်္ဂလီကျေးရွာများ၌ နိုဝင်ဘာ ပထမအပတ် အတွင်းက ဘင်္ဂလီလူဦး ရေစာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းမှသာ လက်မှတ်ထိုးပေး နိုင်မည်ဟု တောင်းဆို မှုများရှိလာကြောင်းသိရသည်။
ပေါက်တောမြို့နယ် ကျေးရွာအချို့၌ ဘင်္ဂလီလူဦး ရေစာရင်း(အစမ်း) ကောက်ခံယူမှုကို နိုဝင်ဘာ(၇)ရက်နေ့က စတင် ကောက်ခံခဲ့ရာ လူမျိုးအမည်များကို ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်းကိုလည်း သိရသည်။
ထိုသို့ လူဦးရေစာရင်း ကောက်ယူမှုကို ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ၊ ကြိမ်နီပြင်ကျေးရွာ ၊ ငှက်ချောင်းကျေးရွာ ပြိုင်းတောင်ကျေးရွာတို့တွင် ပြုလုပ်ခဲ့ရာ မူဆလင် ဘင်္ဂါလီအချို့မှာ လက်မှတ်မထိုးဘဲ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စာရင်းကောက်ယူရာ၌ ကိုယ်တိုင် လိုက်ပါခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ “ အခုလဲ အဲဒီဒေသတွေမှာ စစ်ဆေးနေပါတယ်၊ စစ်ဆေးနေတဲ့ နေရာငါးနေရာ ပြီးသွားပြီး (၆) ရက်နေ့က စတယ်၊(၇) ရက်နေ့မှာ စစ်ဆေးတယ်၊ စစ်ဆေးမခံတာက ကြိမ်နီပြင်ကျေးရွာပါ၊ စစ်ဆေးခံတဲ့ ရွာတွေရှိတယ်၊ ဒါပေမယ့် သူတို့က လက်မှတ်မထိုးဘူး ”ဟု ပေါက်တော မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ ထိုသို့စစ်ဆေးရာတွင် လူဦးရေစာရင်း ကောက်ခံပြီး ပုံစံတခါတည်း ဖြည့်ရကြောင်း၊ ၁၉၈၂ ဥပဒေနှင့် လူမျိုး ဘာသာစသဖြင့် ပုံစံ(၄)ခုရှိကြောင်း ပုံစံနှစ်နေရာတွင် လက်မှတ်ထိုးရကြောင်း ၊ ၄င်းတို့မှာ လက်မှတ် မထိုးသေးပဲ သူတို့အား ရိုဟင်ဂျာဟု ထည့်သွင်းမှ လက်မှတ်ထိုးမည်ဟု ဆိုကြောင်း ဦးတက်ထွန်းအောင်ကရှင်းပြသည်။
ပေါက်တောမြို့နယ်တွင် ကယ်ဆယ်ရေး စခန်း(၅)ခုရှိပြီး လူဦးရေစာရင်း ကောက်ခံရန်အတွက် အဖွဲ့(၁၅) ဖွဲ့ သတ်မှတ်ထားကြောင်း ကိုလည်း သိရှိရသည်။ လူဝင်မှုကြီးကြပ်ရေး   အပါဝင်အဝင် စစ်တပ်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများလည်း အဆိုပါအဖွဲ့များ၌ ပါဝင်သည်။
“ ရခိုင်မှာက ဘင်္ဂလီလို့ဘဲ သုံးလာတာ၊ သူတို့လဲ မူဆလင် ဘင်္ဂလီလို့ဘဲ ပြောကြတာ၊  ဒီနောက်ပိုင်း သူတို့ဆီက ရိုဟင်ဂျာလို့ တပြိုင်နက် အသံထွက်လာတော့ အံ့သြမိတယ်” ဟုအစိုးရ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။
ဘင်္ဂလီလူဦးရေ စာရင်းကောက်ယူမှုကို ပေါက်တောမြို့နယ်တွင် အစမ်းကောက်ခံ နေခြင်းဖြစ်ပြီး စစ်တွေမြို့၌ လည်းကောက်ယူမည်ဟု သိရသည်။ 


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်