Friday, November 16, 2012

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံရေးအကျဉ်းသားများမပါဝင်

Posted by drmyochit Friday, November 16, 2012, under | No comments


 နိုင်ငံတော်သမ္မတကြီးမှ ခွင့်ပြုပေးသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်၌  နိုင်ငံရေးသမားများ တောင်း ဆိုနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ (နိုင်ငံရေးအကျဉ်းသား) မပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရှိရသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများထဲမှ (၄၅၂)ဦး လွတ်ငြိမ်းချမ်း သာခွင့်တွင် စစ်စည်းကမ်းချိုး ဖောက်သူများနှင့် ရာဇ၀တ်မှု ကျူးလွန်သူများသာ ပါဝင်ခဲ့ပြီးနိုင်ငံရေး အကျဉ်းသားများ မပါဝင်သဖြင့်  နိုင်ငံရေးအသိုင်းအ၀န်းက ကျေနပ်မှုမရှိဟုပြောဆိုနေကြသည်။
  “စစ်ပြေးနဲ့ လောင်းကစားမှု တွေပဲပါတယ်။ အိုဘားမားလာလို့ အကြိုပုံစံမျိုးနဲ့ လွှတ်တယ်ပေါ့။ နိုင်ငံရေး အကျဉ်သား တစ်ယောက်မှ မပါဘူး။ ဒါက အားလုံးကို စော်ကားလိုက်သလို ဖြစ်နေတယ်။ ဒါကိုတော့ လုံးဝ လက်မခံနိုင်ဘူး။ မြန်မာပြည်မှာ  နိုင်ငံရေး အကျဉ်သားမရှိဘူး ဆိုတာကိုလည်း လက်မခံဘူး”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ကိုသက်ဦးက ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းထားသည့် စာရင်းများအရ နှစ်ကြီးကျခံနေရသူ ဦးမြင့်အေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၃၁)ဦး ကျန်ရှိနေကြောင်းကိုလည်း သိရှိရသည်။ မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးရှိ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အစဉ်တစိုက်တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။
 ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား(၃၆)ဦး၊ အကျဉ်းသူ (၇)ဦး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။  အင်းစိန်ထောင်တွင်းရှိ ဆေးရုံ၌လည်း နိုင်ငံရေး အကျဉ်းသား(၂)ဦးမှာ နှလုံး၊ အသည်းရောဂါဖြင့် ဆေးကုသမှုခံယူ နေရကြောင်း  လွတ်မြောက်လာ သူများထံက သိရသည်။
 “ကျွန်တော်တို့ကို (၄၀၁)နဲ့ လွှတ်ပေးလိုက်တာ နောက်ထက်အမှု မဖြစ်အောင် နေရမယ်ပေါ့။ အမှုဖြစ်မယ်ဆိုရင် အခုပြစ်ဒဏ်တွေပါ ပေါင်းပြီး အပြစ်ပေးခံရမယ်လို့ ပြောလိုက်တယ်”ဟု လွတ် မြောက်လာသူတစ်ဦးက ပြောသည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သတ်၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှလည်း နိုဝင်ဘာ လ(၁၆)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှသိရှိရသည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်