Friday, November 16, 2012

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ရခိုင်အရေး ဆွေးနွေးဖွယ်မရှိ

Posted by drmyochit Friday, November 16, 2012, under | No comments


 ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အရေးကိစ္စကို ဆွေးနွေးဖွယ်မရှိကြောင်း အာဆီယံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က Eleven Media Group သို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများအတွက် အကြိုပြင်ဆင်မှု အစည်းအဝေး တစ်ရပ်ဖြစ်သော Committee of Permanent Representatives to ASEAN(CPR) အစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Sofitel ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး ကာလအတွင်း သံအမတ်ကြီး ဦးမင်းလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုပြုလုပ်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဘင်္ဂါလီကိစ္စရပ်ကို အာဆီယံအတွင်း ရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က ဆွေးနွေးဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ် မရှိကြောင်း ဦးမင်းလွင်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
"မြန်မာနိုင်ငံမှာ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တစ်ချို့ ခေါင်းဆောင်တွေက အားပေး ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သိရတယ်။ ရခိုင်ကိစ္စကတော့ ဆူရင်က ပြောတယ်ဆိုပေမဲ့ ကျွန်တော်ထင်ပါတယ် ဆွေးနွေး
မယ်လို့ မထင်ဘူး"ဟု ဦးမင်းလွင်က ပြောခဲ့ပါသည်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်သည် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ကြားဝင်ပေးရန် တောင်းဆိုခဲ့သူ ဖြစ်ပါသည်။ ဆူရင်ပစ် ဆူဝမ်သည် အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးကို ၂၀၀၈ ခုနှစ်က စတာဝန်ယူခဲ့ပြီး၂၀၁၂ နှစ်ကုန် ပိုင်းအထိတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။  ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Le Luong Minh တာဝန်ယူမည် ဖြစ်ကာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်သော တရားဝင်ထုတ်ပြန် ကြေညာမှုကို ယခုကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ယခု ထိပ်သီးဆွေးနွေးပွဲ၌ ရေပန်စား အကြောင်းအရာ ဖြစ်နေသော တောင် တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးဖွယ်ရှိပြီး ခေါင်းဆောင်များ၏ ဆွေးနွေးမှု အပေါ် ကန့်သတ်ထားခြင်း မရှိကြောင်းသိရသည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများအနက် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်းအဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်သာ ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့် (+3)နိုင်ငံများ ဖြစ်သော ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြားဆွေးနွေးပွဲများ၊ ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် ဖြစ်ပါသည်။နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များကို ပြုလုပ်မည် ဖြစ်ပါသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်