Friday, February 22, 2013

သည်ပုံ သည်နည်း သည် ခရီး ဘယ် ပုံဖြင့် နီးမယ်ကြံ

Posted by drmyochit Friday, February 22, 2013, under | No comments


 သင်းရီ
တစ်ခါ တစ်ခါ၌ ကျွန်ုပ်တို့သည် ငယ်ငယ်တုန်းက ရွှေထီး ဆောင်း ခဲ့ဖူးကြောင်းတွေကို ပြောမကုန် လွမ်းမ ကုန်အောင် ရှိနေ တတ်ကြသည်။ မြန်မာပြည်ကြီး မည်မျှလောက် ချမ်းသာ ကြွယ်ဝခဲ့ဖူးသည့်အကြောင်း၊ မင်္ဂလာဒုံ လေဆိပ်ကြီးက အာရှမှာ ဘယ်သို့..၊ မြန်မာ့ဆန်က ကမ္ဘာ့ဈေးကွက်မှာ ဘယ်ချမ်း သာ..၊ မြန်မာ့ ကျွန်းရွှေဝါ ကဘယ့်နှယ်..၊ မြန်မာ့ကျောက် သံပတ္တမြားက ဘယ်ပုံ.. စသည်ဖြင့် ရုပ်ဝတ္ထုတွေ အကြောင်း တမ်းတ လွမ်းမောလို့ မဆုံးနိုင်ခဲ့။ တွေးမိတိုင်း လွမ်းလောက်စရာဖြင့်တော့လည်း တကယ်ကောင်းပါသည်။ 


သို့သော် ကျွန်ုပ်တို့သည် မြင်သာသည့် အတွင်းပစ္စည်း လက်ဝတ်ရတနာတွေ ပျောက်ကွယ် ဆုံးရှုံးသွား ခဲ့ရသည် ကိုသာ သတိမူမိနေကြခြင်းဖြစ်၏။ မမြင်သာဘဲ တတိတိလှိုက်စား အိဆင်းသွားခဲ့လျက် အမှုန် အမွှား မျှသာ ကျန်တော့သော အပြင်အကာအရံ စိတ်ခံတပ်ကြီးတစ်ခုလုံး ပျောက်ကွယ်ဆုံးရှုံးသွားခဲ့ရပြီကိုမူ သတိ မပြု မိခဲ့ကြ။ ရာစုနှစ်ဝက်နီးပါးအတွင်း တတိတိဖြင့် အိ၍ပြိုသည်ဆိုတော့ မသိသာလိုက်။ သိလိုက်လို့ ကြည့် မိတော့ ကုန်းကောက် စရာပင် မကျန်တော့သည့် အခြေ အနေမို့ ၀မ်းနည်း စရာ အလွန် ကောင်း သည်။ စိတ်ဓာတ်ရေးရာ အကာအရံ လုံခြုံမှုစည်းကမ်း မရှိတော့သည့် သည်ပရိဝုဏ်ကြီးထဲတွင် ဘာပင် စိုက် ၍ ဘာသီးပဲသီးသီး ကြီးလည်းအလကား၊ မှည့်လည်းအလကား ကျီးလည်းထိုး၊ ခွေးလည်းစားဖြစ်မှာ စိုးရိမ်စရာ ကောင်းလှသည့် အခြေအနေမျိုးသာ ဖြစ်နေလေတော့၏။

ဆုံးရှုံးပျက်ပြားသွားခဲ့ပြီးသည့် စိတ်ဓာတ်ရေးရာ အခြေအနေကိုကြည့်တော့ ဂရပ်မျဉ်းက အောက်ဆုံးသို့ မြားဦး လှည့်နေသည်။ အခြေခံစိတ်ကမှ ရစရာမရှိတော့ပြီ ဆိုတော့လည်း စားနိုင်သူတွေအဖို့က အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားပင် မဟုတ်တော့။ အသားပေါသည့် အလယ်ပိုင်းကိုမှ အလု အယက် ပိုင်ပိုင်နိုင်နိုင် ရွေးစားသည့်ခေတ်သို့ ရောက်လေပြီ။ အရိုးအရင်းကိုက်သူတွေကလည်း ကိုယ်စီ ကိုယ်င နီးပါးဆိုသည့်အခါ ဘယ်သူရယ် ဘယ်ဝါရယ်နှင့် ထူး၍အပြစ်ပြောစရာမရှိတော့။ အိမ်တစ်ဆောင်၏ တိုင်တွေ အားလုံးကမှ ပိုးထိုးခြစားပြီဆိုသည့်အခါ အခင်းလည်း ရစရာမရှိတော့၊ လှေကားခုံဆိုတာလည်း အကောင်းမကျန်။ ခြကောင်တွေ အလုံးအရင်းနှင့်။ အတုမြင်၍ အတတ်သင်ကြပြီမို့ အတူတူနှင့်အနူနူ။ သည်ပုတ်ထဲက သည်ပဲတွေ ဖြစ်ကုန်သည်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသည်မဟုတ်။ ကြွက်ချေးပုံထဲ ကျသွားသည့် ဆွမ်းဆန်တစ်စေ့ အရှာခက်သလို စိတ်ဓာတ်ရေးရာ ကျန်းမာခိုင်ခံ့သူကို ယူရေနီယံထက် ယခုအခါ အရှာရခက်သည်က ထိတ်လန့်စရာကောင်းလာသည်။ ပြောစည်းကမ်းမရှိ၊ နေစည်းကမ်းမရှိ၊ စားစည်းကမ်းမရှိတွေ ဖြစ်ကုန်သည်။

ရုပ်ဝတ္ထုဆိုသည်ကတော့ စိတ်ဓာတ်ရေးရာလို မခက်ခဲ။ ခုရှာ ခုဆောက် ခုစိုက် ခုသီး ခုချက်ချင်းပြီး ဆိုသလို ရွှေအတိပြီးသည့် ဗိမာန်ကြီးဆိုလည်း အခုပင်ချက်ချင်း အကောင်အထည်ဖော်လို့ မြန်သည်။ ရွှေသီး ရွှေနှံ တိုင်းပြည်အနှံ့ လျှံသွားအောင်ဆိုတော့လည်း ခက်လှသည်မဟုတ်။ ၂၁ ရာစုထဲမှာက အစစ နည်းပညာတွေက ရွှံ့အုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့ဆိုသလို ခေတ်မျိုး မဟုတ်တော့။ ဆောက်ပြီးသား ဗိမာန်ကြီးကို အခု မသယ်လာပြီး အခုနေ့ချင်းပြီး အကောင်အ ထည်ဖော်ပစ် လိုက်လို့ ရ နိုင်သည်။ ၀တ္ထုပစ္စည်းဆိုသည်က သွေးဆုတ်နေသည့် လူနာကို သွေးသွင်းကုသလိုမျိုး ချက်ချင်းသွင်း ယူလို့ရသည်။ သွင်းကုန်လုပ်လို့ရသည်။

ခုလောလောဆယ် အခြေအနေကဖြင့် အဲ့သည်လို ဆင်းရဲအားနည်းနေသည့် ရုပ်ဝတ္ထုပစ္စည်းတွေ ပြန် လည်ဖြည့်တင်းနိုင်ဖို့ ပေးချင်ကမ်းချင် ကူညီချင်သည့်လက်တွေကို အထင်အလင်း မြင်နေရသည်။

အခြေအနေနှင့် မြင်ကွင်းဇာတ်ထုပ်ဇာတ်ရုပ်တွေကလည်း လှနေပနေကြသည်ကိုး။ ရပ်ကွက်ထဲမှ ပြုလို့ပြင် လို့ မရနိုင်လောက်တော့ဟု သြချဝိုင်းပယ်ထားရသည့် ရာဇ၀င်လူဆိုးတစ်ယောက် ဗြုန်းခနဲဆိုသလို တစ်ဆစ် ချိုးကြီးကွေ့ကာ အကောင်းဘက် တာစူလိုက်တာ မြင်လိုက်ရသည့် ရပ်ကွက်သူ၊ ရပ်ကွက်သား တွေလို မယုံနိုင်သလိုကြီးဆိုပေသည့် ရပ်ကွက်တော့ မျက်စိအေး နားအေး ရှိရချေသေးရဲ့ဖြင့် ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြသည့် အဖြစ်မျိုးနှင့်ဆင်သည်။ သူ့မိသားစုလေး အနှိပ်အစက်ခံဘ၀မှ လွတ်မြောက် ချေသေး အတွေးဖြင့် မုဒိတာပီတိဖြစ်ကြသည်။ သို့ဖြင့် ဘာလေးများ အကူအညီပေးလိုက်ရပါ့ စေတနာဖြင့် တွေးသူတွေ လည်း ၀ိုင်းဝိုင်းလည်လို့ ရှိကြသည်။ ခုနေတုန်း သူများမ၀င်ခင် တွဲလက်စ ကိုယ့်လက် မြဲအောင် ဆက်ညှစ်ထားမှ ရလက်စ ကိုယ်ကျိုးလေး ဆက်နိုင်မည် တွေးသူမျိုးကလည်း ရှိသေးသည်။ ထား တော့။ 

ဘာပဲဖြစ်ဖြစ် နဂိုက အဖက်မလုပ်လိုသလို စည်းခြားပြီး ခွာခွာနေသူတွေကလည်း ဖက်လဲတကင်း လုပ်လာ ကြသည်။ ကြွေးလျှော်သူကလျှော်။ ငွေချေးသူကချေး။ အကြံပေးဉာဏ်ပေး ဒိုးတူပေါင်ဖက် လုပ်ကြကိုင်ကြဖို့ ကမ်းလှမ်း သူကမ်းလှမ်းနှင့် ရုပ်ဝတ္ထုတွေ ပြန်လည်ဖြည့်ဆည်းဖို့အတွက် သက်သက်ဆိုလျှင်ဖြင့် မနက်ဖြန် က တိမ်မြူကင်းလျက် ခြေခင်းလက်ခင်း သာယာသည်ဟု ဆိုရမည်။ ထို့အတွက်တော့ဖြင့် ၀မ်းသာစရာ ကောင်းသည်။ 

သွေးလို၍သွင်းသလို အပြင်မှ သွင်းယူလို့ရသည့် ရုပ်ဝတ္ထုဆိုင်ရာ ဆင်းရဲနွမ်းပါးမှုကို ထိုနှယ် ကုစားနိုင် သော်လည်း စိတ်ဓာတ်ရေးရာ ချို့တဲ့ခေါင်းပါးမှုကျတော့ သည်ကုထုံးမျိုးလို မလွယ်ကူတော့။ ပင်ကိုနှလုံး သားနှင့်လည်း ဆိုင်သည်။ ကိုယ်ပိုင်ဦးနှောက်နှင့်လည်း ဆိုင်လေသည်။ 

စိတ်ဓာတ်နှင့်အကျင့်စရိုက် ဆိုသည်ကလည်း အခက်သား။ ပျက်ဖို့ဆိုလွယ်သလောက် ကောင်းအောင်ပြင် ရဖို့ကျ လက်ပေါက်က အတော်ကပ်ချင်သည်။ စိတ်နေသဘောထား အသာထား အပြောအဆိုဝသီကိုပင် အနည် ထိုင်ပြီး သားကို ပြင်ရဖို့ အတော်ခက်လေ၏။

သို့မို့ကြောင့် ယခုထက်တိုင် ဖယောင်းတိုင်ထွန်းခိုင်းသူက ခိုင်းတုန်း။ တစ်နပ်လျှော့စားခိုင်းသူက ခိုင်းတုန်း။ လယ်မလုပ်ရ လည်း အိပ်နေပေါ့ ပြောသူကပြောတုန်း။ တိုက်လေယာဉ်တွေ ၀ယ်ထားတာ တိုက်ဖို့ပဲလို့ ပါးစပ်စည်း ကမ်းပျောက် ပြောချင်သလိုပြောတုန်းဆိုတော့ ခက်သည်။ အကြွင်းမဲ့အာဏာကို ရေလဲသုံးနိုင် ခဲ့သည့် အခါတုန်းက လေသံတွေက လုံးဝမပျောက်ချင်။ ဥခွံပြောင်းသည့်တိုင် စရိုက်က မကျွတ်မလွတ် ရှိနေဆဲ။ ပြင်နိုင်ခဲသည့် စိတ်စရိုက်ဆိုသည်က အလွန်ကြောက်စရာ ကောင်းသည်။ စိတ်ဓာတ်တွေက ချွတ်ခြုံ ကျခဲ့ပြီ။

တကယ်တော့ သူတို့လို အပေါ်ထပ်အလွှာမှာ တောက်လျှောက် စီးမျောငြိမ့်ညောင်းလာသူတွေက အဆီ တစ်ထပ် အသားတစ်ထပ် ဘ၀ဟောင်းကို မောင်ကြီး မစွန့်နိုင်သည်ထားတော့။ အောက်ခြေ အရိုးကိုက် လူတန်းစား ကလည်း သူ့စိတ်စရိုက် အပုပ်အသိုးကြီးကို စွန့်ရမှာ ဧ၀ရတ်ကို ဖနောင့်နှင့်ပေါက် ဖြိုရမှာထက် ခက်နေပုံရ သည်။ နောက်ဆုံးတော့လည်း အဆီတစ်ထပ် အသားတစ်ထပ်သမားကလည်း အဆီတွေအ သားတွေမို့၊ အရိုးကိုက်သမားကလည်း အရိုးပေမို့ ကိုက်ထားသည့် စိတ်ပါးစပ်ကို မဟချင်ကြတော့။ စားရ၀ါးရမည် ဆိုလျှင် ဘယ်လိုနည်းနှင့်ပင် ၀ါးရ၀ါးရ အရှက်အကြောက်လည်း မရှိတော့တာက အလွန်စိုး ရိမ် ထိတ်လန့်စရာကောင်းသည့် အမျိုးသားအန္တရာယ်ကြီးလို ဖြစ်လာသည်။ နေရာခပ်သိမ်း၌ အဂတိတရား က အခိုင်အမာကြီးစိုးနေသည်။ ရေလောင်းရသည်၊ ရွှေလမ်းငွေလမ်း ခင်းရသည်ဆိုတာက ယဉ်ကျေး မှုကြီးတစ် ခုလို ထွန်းကားနေသည်။ ထိုယဉ်ကျေးမှုကို လက်မခံလျှင်ပင် လူညံ့လူတုံးကြီးလို ဖြစ်နေသည့် ခေတ်အခါ က ကြာခဲ့ပြီ။ 

တရားစီရင်ရေးမဏ္ဍိုင်ကြီးတစ်ခုလုံး အဂတိရေစီးကမ်းပြို လိုက်ခဲ့ပြီ ဆိုသည့်အခါ ကျန်သည့် ကဏ္ဍတွေ အားလုံး နှာခေါင်းကြိုးပြတ်ကုန်တာ မဆန်းတော့။ ကြာသလားဟေ့မောင်တို့ရေနှင့် ဝေလေလေယိမ်း အတူက ပစ်လိုက်ကြသည်။

အခုလို ခေတ်ကြီးတစ်ခုလုံးကို ပုံအသစ်လောင်းရတော့မည်ဆိုတော့ စာရေးဆရာ မောင်သံဒိုင်(ဘောဂဗေဒ) ၏စကားကို ယူကာ “နှစ်ပေါင်းများစွာ တွင်းနက်နက်ထဲ အခိုင်စိုက်ထားသည့် တိုင်တစ်တိုင်လို အပေါ်ပိုင်းကို ချည်း တွန်းရွှေ့နေလျှင် တိုင်သာ ကျိုးသွားပေလိမ့်မည်”ဟု အလေးအနက် စဉ်းစားစရာရှိလာသည်။

လက်ရှိအခြေအနေကို ပကတိအတိုင်း ကြည့်စို့ဆိုတော့ အားလုံးက အပေါ်ပိုင်းကိုသာ အရွေ့ခရီး မပေါက်ရသေးကောင်းလား လက်ညှိုးဝိုင်းထိုးနေကြသည်။ မိမိကိုယ်တိုင်ပါဝင်သည့် အောက်ခြေကြီး တစ်ခုလုံးက နှမ်းတစ်ထောက်ရွှေ့ဖို့ အားမယူကြသေးတာတော့ မေ့လျော့နေကြသည်။ နွံတောထဲမှ ထွက်လာကြသူ အတူတူတွေထဲ ကိုယ်ကတော့ ခြွင်းချက်မို့ ရွှံ့မပေဆိုလျှင်တော့ မဟုတ်သေး။ ကိုယ့်ကိုယ် ကိုယ် ဆေးကြောဖို့တော့ လိုပေလိမ့်ဦးမည်။

ဟိုဘက်လထဲတုန်းက နယ်စာပေဟောပြောပွဲတစ်ခု ကြုံသဖြင့် ဟောပြောမည့် မိတ်ဆွေ စာရေးဆရာ တွေနှင့်အတူ လိုက်သွားဖြစ်ခဲ့သည်။ စာပေဟောပြောပွဲက ပရိသတ်ထူထူထဲထဲ စည်စည်ကားကားဖြင့် ပြီးဆုံး သွားတော့ စီစဉ်ကြသည့် စာပေ၀ါသနာရှင် လူငယ်လေးတွေလည်း ပျော်ကြလေသည်။ စကားစပ် မိသဖြင့် ပြောလိုက်သော မြို့ခံလူငယ်လေး၏ အရိုးခံစကားတစ်ခွန်း နားထဲမှာစွဲကျန်နေခဲ့သည်။

“ကျွန်တော်တို့မှာ ဆရာရယ်... စာရေးဆရာတွေ ဟောတဲ့ပြောတဲ့ ဗဟုသုတပွားစရာ စကားလေးတွေ သိချင်ကြားချင်ကြလို့ ကြိုးစားပြီးလုပ်ကြရတာဆရာ၊ အဲ့ဒါခွင့်ပြုမိန့် သွားတင်တော့ ခရိုင် အုပ်ချုပ် ရေးမှူးရုံး က စာရွက်စာတမ်းကြေးဆိုပြီး ငွေတစ်သောင်း ပြောင်ပြောင်တောင်းတာ ဆရာ...မနည်းတောင်းပန်ပြီး ငါးထောင် ပေးမှ ပါမစ်ထုတ်ပေးလိုက်တာ...”

လူငယ်လေးကို ကျွန်တော် ဘာမျှပြန်မပြောမိလိုက်တော့။ တောင်းလျှင် ပေးသာပေးလိုက်ပေတော့ ဆိုသည် ကလည်း ထုံးတမ်းကြီးလိုဖြစ်နေပြီ။ သည်ဓလေ့က စကားလေးသုံးလေးခွန်း တစ်ထိုင် တည်းပြော ရုံမျှဖြင့် ပြင်နိုင်ဦးမည်မဟုတ်။ တိုင်က အခြေမြဲနေခဲ့ပြီပဲ။

သည်လို အတောင်းအရမ်းတွေက သည်တစ်နေရာတည်းမှာမဟုတ်။ နေရာတကာမှာရှိသည်။ သည်ရက်ထဲ (ကာတွန်းဌေးအောင် TGN)၏ ကာတွန်းတစ်ပုဒ် ဖတ်ရသည်။

“လက်ဖြန့်တောင်း သူတောင်းစားမဟုတ်။ ၀ီစီမှုတ် ဒိုင်လူကြီး မဟုတ်...” တဲ့။ ဒါလည်း ဘယ်သူ့ကိုရည်ညွှန်းပြီး စကားထာဖွက်သည်လဲ သိသာသည်။ သို့သော် တောင်းနေမြဲ ပေးနေကြရမြဲ။ 

ဆေးရုံအတက်တံခါးပေါက်မှာ တံခါးစောင့်က လက်ဝါးဖြန့်တာလည်း ဆယ်စုနှစ်နဲ့ချီခဲ့ပြီ။ ဘယ့်နှယ့် လုပ်မည် လဲ။ ပေးပြီးတော့ပဲ တက်ရသည်။

မီးရထားလက်မှတ်ရုံမှာ ပိုငွေနှစ်ရာ၊ သုံးရာ ပြန်မအမ်းတော့လည်း သြော်...အကြွေများ ရှားလို့ထင်ရဲ့ ဆိုပေမင့် တစ်ခါကနှစ်ခါမို့ မေးမိတော့ “နေရိပ်တဲ့အခြမ်းကနေ ကျွန်တော်ပေးထားပါတယ်အစ်ကို...”ဆိုတော့ အေး လေ ဒါလည်း အပေးအယူတစ်ခုပေပေါ့နှင့် နှုတ်ဆိတ်နေခဲ့ကြသည်မှာ ကြာပေါ့။

အပေးအယူလုပ်ကြသည့် ခေတ်ကြီးပေပဲပ။ အပေါ်မှာလည်း ဘီလျံနဲ့ ပေးကြယူကြ အဆင်ပြေကြ။ အောက်မှာ လည်း မူးစ၊ ပဲစ အငမ်းမရ။ ယူကြ ပေးကြ ချောဆီ ထည့်ကြ။ သြော်...အင်း...ခုများဖြင့် အဲ့ဒါက သဘာဝဓမ္မ ကြီးပင် ဖြစ်လိုက်လို့...။

ဒ့ါထက်ဆိုးသည်က ကြည်ဖြူသည့် အပေးအယူမဟုတ်ဘဲ ကလိမ်ကျပြီး ယူနည်းမျိုးတွေလည်း ခေတ်စား လာနေသည်။ မြို့တော်ခန်းမ မျက်စောင်းထိုးမှာ၊ ဧမာနွေလဘုရားကျောင်းရှေ့မှာ၊ ဗဟိုတရားရုံးက ကျောခိုင်း ထားသည့် ပလက်ဖောင်းပေါ်မှာ နိုင်ငံခြားငွေနှင့် မြန်မာငွေ လဲသူတွေကို ပဉ္စလက်ဆန်ဆန် လိမ်ယူနေ သူတွေကလည်း ခပ်ပြောင်ပြောင် မျက်နှာထားတွေနှင့်။ နိုင်ငံခြား အလုပ်ထွက်လုပ်ကြသူတွေ မဖြစ်မနေ ဖြတ်သန်းရသော အခွန်ငွေစိစစ်သည့် ပုံစံ ၁၉ ရုံးပေါက်ဝတွင်လည်း မသိနိုးနားရှိသူတွေကို နည်းမျိုး စုံဖြင့် ဆီးပြီး ပြောင်ပြောင်လိမ်နေသူ ပွဲစားတွေဆိုသည်ကလည်း လိုင်စင်ရထားသလိုဆိုတော့ ခက် သည်။

ဖြစ်နေကျပုံတွေထဲမှာ ပိုက်ဆံရဖို့သာဆိုလျှင် စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်သိက္ခာပင် ခြောက်ခန်း ကုန်ကြသည်က ပို၍ပင်ထိတ်လန့် ရင်လေးစရာကောင်းသည်။

မနေ့တစ်နေ့က ကျူရှင်သွားသည့် သမီးဖြစ်သူ တက္ကစီကားပေါ်တွင် ဟန်းဖုန်းကျကျန်ခဲ့သည်။ ကျူရှင်ခန်း ထဲရောက်မှသိတော့ ကားက ဘယ်ရောက်သွားပြီ မသိတော့။ ကိုယ့်ဖုန်းနံပါတ်ကို ခေါ်ကြည့်သည့်အခါ သည်ဖုန်းက ဘယ်လောက်တန်သည်ကို သိသည့်အကြောင်း၊ ဖုန်းပြန်လိုချင်လျှင် ငွေနှစ်သောင်းခွဲပေးမှ ပြန်ပေးနိုင်မည်ဖြစ်ကြောင်း တက္ကစီဒရိုင်ဘာက အကြောင်းပြန်သည်။ တောင်းသည့်အတိုင်း ပေးပါမည်ဆိုမှ ပြန်လာပေးသွားသည်။ 

ထိုတက္ကစီဒရိုင်ဘာကတော့ ဘယ်လိုခံစားစိတ်ဖြင့် ကောက်ရသည့် တယ်လီဖုန်းကို ပြန်ပေးဆွဲလိုစိတ် ပေါက်လိုက်သည်မသိ။ တကယ်တွေးတော့ တကယ်ရှက်ဖို့ကောင်းသည့်ကိစ္စ။ ရေအဆုံး ကုန်းတစ်ဝက် ဆိုစကားရှိပေသည့် ဟိုတုန်းကဖြင့် တစ်ဝက်ယူဖို့ ရှက်တတ်သည့်မြန်မာ။ ကောက်ရပစ္စည်း ပိုင်ရှင်လက်ကို ပြန်အပ်ရ သည်ဆိုခြင်းက မွေးကတည်းက သိခဲ့သလိုရှိခဲ့သည့် သင်ခန်းစာ။ သို့ပေသည့် မလိုက်နာ ကြတော့။ သည်လိုစိတ် သည်လိုအကျင့်မျိုးတွေနှင့် ရှေ့ခရီး ဘယ်လိုဆက်ကြပါ့ မျှော်ကြည့်တော့ မြူတွေဆိုင်း နေသည်။

ဆရာမောင်သံဒိုင်(ဘောဂဗေဒ)၏စကားကိုပင် အကောင်းဆုံးမို့ ယူသုံးခွင့်ပြုစေချင်ပါသည်။

“နှစ်ပေါင်းများ စွာ တွင်းနက်နက်ထဲ အခိုင်စိုက်ထားသည့် တိုင်တစ်တိုင်လို အပေါ်ပိုင်းကိုချည်း တွန်းရွှေ့နေ လျှင် တိုင်သာကျိုးသွားပေလိမ့်မည်...”တဲ့။ 

သို့ဆိုလျှင် ဤခရီးနီးစေချင်ပါက ပြိုင်တူရွှေ့မှ ရွေ့နိုင်မည်ဖြစ်ကြောင်း ပြိုင်တူသိဖို့ လိုအပ်လှ   ပါကြောင်း... ။ ။

7 Day News journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်