Friday, February 22, 2013

ဦးနေ၀င်း၏ သမိုင်းဝင်ထောင်တွင်းစကားမိန့်ခွန်းများ

Posted by drmyochit Friday, February 22, 2013, under | No comments


၁၉၆၃ ခုနှစ် ဧပြီလ (၁)ရက်နေ့ တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို တော်လှန်ရေး ကောင်စီ အစိုးရ က ကြေညာခဲ့သည်။ ထိုကြေညာချက် အရ ထောင်အသီးသီးမှ အကျဉ်းသား အချုပ် သမားများ လွတ်ကြရာ ရန်ကုန် ဗဟိုစံပြအကျဉ်းထောင်ကြီးမှ လွတ်မည့် အမျိုးသမီး၊ အမျိုးသားအကျဉ်းသား အချုပ်သား (၇၅၃)ယောက်တို့ကို ဧပြီလ (၅)ရက် နံနက်(၉)နာရီတွင် တော်လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်း က အကျဉ်းထောင်အတွင်း ၀င်ရောက် ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ 


ထိုသို့ နိုင်ငံ ခေါင်းဆောင်တစ်ဦးက အကျဉ်းထောင် အတွင်းဝင်ရောက်ပြီး အကျဉ်းသားများ ကို တရင်းတနှီး မိန့်ခွန်း ပြောကြားခြင်း မှာ မြန်မာ့သမိုင်းတွင် တွေ့ရခဲလှသော မှတ်တမ်းဝင် အကြောင်း တစ်ရပ်ဖြစ်ခဲ့ သည်။ သို့အတွက် နောင်တစ်ခေတ်၏ သုတေသီနှင့် သမိုင်းဝင်ခိုင်လုံသည့် အထောက်အထားအဖြစ် လေ့လာ မှတ် သားနိုင်ကြသည့် ပြောကြားချက်မိန့်ခွန်း စကားအချို့ကို ထုတ်နုတ်တင်ပြရလျှင်- ““ကနေ့ ကျွန်တော် အရေး တယူလာပြီး စကားပြောရတာကတော့ အခုလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ထောင်က ထွက်သွားပြီး တဲ့ နောက်မှာ ထောင်ကို နောက် ဘယ်တော့ မှ ပြန်မလာရအောင်လုပ်ပေးမယ်၊ ကျွန် တော်တို့ လုပ်ပေး မယ်လို့ ဆိုင်ရာ ပုဂိ္ဂုလ် တွေကလည်း လိုက်ပြီးတော့လုပ်မှဖြစ် မယ်။ ဒီလိုမှမ ဟုတ်ရင် တော့ ကျွန်တော် တို့က လွှတ်လိုက်၊ အပြစ်တွေကျူးလွန် လိုက်နဲ့ ပြန်ပြီးတော့ ဖမ်းရလို့ရှိရင် ဘယ် တော့မှ ဆုံးမှာမ ဟုတ်တော့ဘူး။ 

ဒါကြောင့် မို့လို့ ကျွန်တော်တို့ အခုတစ်ခါလွှတ်ပြီး ရင် နောင်ကို ဘယ်တော့မှထောင် ကိုပြန်မလာရအောင် နေကြပါ၊ ထိုင်ကြ ပါ၊ နေနိုင်အောင်၊ နေတတ်အောင်လည်း  ကျွန်တော်တို့အနေနဲ့ ကူညီပါ့မယ်။

နောက်တစ်ခုပြောချင်တာကတော့ အပြင်ရောက်သွားလို့ရှိရင် ကျွန်တော်တို့ ဘယ်လောက်ပဲ အကူ အညီ ပေးပေး ပြဿ နာတွေက အကုန်ပြေလည်ချင်မှ ပြေ လည်မယ်၊ မပြေလည်လို့ စိတ်အလျောက် သို့မဟုတ် စီးပွားရေး အဆင်မပြေလို့စိတ် ညစ်ပြီးတော့ တွေ့ကရာတော့ ထပ်မလုပ် ကြပါနဲ့။ အခက်အခဲတွေ့လို့ရှိရင် ကျွန် တော်တို့ လုံခြုံရေးနှင့်အုပ်ချုပ်မှုကော် မတီတွေခန့်ထားတာရှိတယ်။ ရပ်ရွာ အသင်း အဖွဲ့အစိုးရအရာရှိအမှုထမ်းတွေ ဆီမှာ သွားပြီးတော့ အကူအညီတောင်း ပါ။ တတ်နိုင်သမျှအကူအညီပေးဖို့ ကျွန် တော်မှာထားပါတယ်။ အစီအစဉ်တွေလဲ လုပ်ပေးပါ့မယ်။

နောက်တစ်ခုကတော့ ကျွန်တော် တို့ ဒီအကျဉ်းကျတဲ့ လူတွေထဲမှာ အတန်းအစားခွဲလိုက်ကြမယ်ဆိုရင် စော စောကလွတ်သွားကြတဲ့ နိုင်ငံရေးသမား တို့၊ ပုဒ်မ(၅)တို့ကတော့ ကျွန်တော်တို့ ပြောစရာမလိုပါဘူး။ ဒီပုဂိ္ဂုလ် တွေနဲ့ ပတ်သက်လို့ကတော့ အခုဒီမှာ ကျန်တဲ့ ပုဂိ္ဂုလ်တွေနဲ့မတူဘူးပေါ့။ ဒီမှာကျန်တဲ့ ပုဂိ္ဂုလ်တွေ ထဲမှာ (၂)ပိုင်း ဆိုကြပါစို့။ 

စီးပွားရေးအခြေအနေမလှလို့၊ မလွှဲမ ရှောင်သာလို့ ကျူးလွန်ရတဲ့အပိုင်း၊ နောက်တစ်ပိုင်းကတော့ ဒေါသ အလျောက် ပေါ့လေ။ စိတ်လိုက်မာန်ပါ၊ ခုတ်ကြထစ် ကြ၊ ရိုက်ကြနှက်ကြလို့ အပြစ်ကျူးလွန် ခဲ့တာ၊ အဲဒီတော့ (၂)ပိုင်းမှာ ဒေါသဆို တဲ့ အပိုင်း၊ ဒေါသတွင်မဟုတ်သေးဘူး တချို့ကျတော့လည်းပဲ မွေးလာက တည်း က စရိုက်မကောင်းလို့ စရိုက်ကြမ်းတာပေါ့ လေ။ မုဒိမ်းမှုတို့၊ ဘာတို့ဆိုကြပါစို့။ အဲဒီ (၂)ခုမှာ ပထမအမျိုး အစားဖြစ်တဲ့ စီးပွား ရေးကြောင့် ကျူးလွန်တဲ့ပုဂိ္ဂုလ်တွေကို စီးပွားရေးနဲ့ပြန်ပြီး အကူအညီ ပေးရမယ်။

စီးပွားရေးကျပ်တည်းလို့ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ဖြစ်လို့ ခိုးကြ၊ တိုက်ကြ၊ လုကြ၊ ယက်ကြ၊ ဗမာတချို့ ဆိုလည်း ခါး ပိုက်နှိုက်၊ ဒီတော့ ဦးဆုံးစဖြစ်တဲ့ ဥစ္စာက ၀မ်းရေးကြောင့်ပဲ၊ ဘ၀ကိုက အင်မတန် ဆင်းရဲလွန်း လို့စားရ မဲ့သောက်ရမဲ့ဖြစ်ရ တာ။ သို့သော်လည်း နောက်ကျတဲ့အခါကျ တော့ ဒီအလုပ်ကလွယ်ပါသလား၊ ဒီ အလုပ်နဲ့ နေလို့ဖြစ်ပါလားဆိုပြီးတော့ ထပ်တလဲလဲ ပြစ်မှုကျူးလွန်ရတော့ အကျင့်စာရိတ္တပါ ပျက်လာ တာပေါ့။ ဒီလိုပုဂိ္ဂုလ်မျိုးတွေဆိုရင်ဖြင့် စီးပွားရေး လုပ်ငန်းမှာနေသားတကျ ဖြစ်အောင် အကူအညီပေး ရတယ်။

နောက်တစ်ခုပြောချင်တာကတော့ အရင်တုန်းကဆိုရင် (၂)ဖက်စလုံးဆိုကြ ပါစို့။ အကျဉ်းသားကလည်း အင်မ တန်ကြမ်း တမ်း၊ အကျဉ်းသားဘက်ကကြမ်းတော့ ထောင်အုပ်ချုပ်တဲ့ဘက်ကလည်း  ကြမ်းကြမ်း တမ်းတမ်း အုပ်ချုပ်ရတယ်၊ ဒီတော့ (၂) ဖက်လုံးအပြစ်ရှိတယ်လို့ ဆိုကြပါစို့ရဲ့။ အဲဒီတော့ အရင်တုန်း ကတော့ သွန်သင် မယ့်လူလည်း မရှိဘူး။ ပြသမယ့်လူလည်းမရှိတော့ အကျဉ်းသားဘက်ကလည်းကြမ်း၊ အုပ်ချုပ် တဲ့ဘက်ကလည်းကြမ်းနဲ့ ဒီ(၂)ဦးဟာ ရန်သူ လိုသဘောထားပြီး ဆက်ဆံနေကြတယ်။ အဲဒီတော့၊ နောင်ကျရင် တော့ ကျွန်တော် တို့စိတ်ထဲရှိတာပေါ့လေ။ ထောင်တွေ တိုင်းပြည်မှာမရှိဘဲနဲ့ အကုန်လုံးဟာ လူဟောင်း လူဟောင်းတွေဖြစ်ပြီးတော့ နေနိုင်ရင် အကောင်းဆုံးပဲ။ သို့သော်လည်း ပဲ ဒါကတော့ ကျွန်တော် တို့စေတနာပဲ ရှိတာပဲ၊ ကျွန်တော်တို့စေတနာရှိသလို တကယ့်လက်တွေ့ကြတော့ ရာခိုင်နှုန်း ပြည့်ဖြစ် ချင်မှဖြစ်မယ်။

ထောင်ဆိုတာ ဒီလူတွေကို ချုပ်ပြု ထားပြီးလို့ရှိရင် အပြင်နဲ့အဆက်အသွယ် မလုပ်စေဘဲနဲ့ အထဲမှာ မကောင်း တာ မရှိရဘူးဆိုပြီး ကျွန်တော်တို့ထားတာ။ သို့သော်လည်းပဲ ထောင်ထဲမှာ ဘိန်းယူ မလား၊ အရက်ယူ မလား အစရှိသဖြင့် အကုန်ရှိတယ်လို့ ကျွန်တော်တို့ကြားရ တယ်။ အဲဒီတော့ အပြင်မှာဒီကိစ္စတွေ ကြောင့် ကိုးယိုးကားယားဖြစ်လာတဲ့လူ တွေ ဒီအထဲကျတော့လည်း ဒီသံသရာထဲ ပြန်လည်ရပြီး အပြင်ထက် တောင်ဆိုး သေးတယ်။ ဒီတော့ ဒါမျိုးတွေ နောင်မဖြစ်အောင် ကျွန်တော်တို့ပြင်ရ မယ်။ နောက်ဆုံး ပြောရမှာ ကတော့ ကျွန်တော်တို့ဒီထောင်တင်မဟုတ်ပါဘူး။ အခြားထောင်တွေလည်း လွှတ်မယ့်လူ တွေအများကြီး ရှိပါတယ်။ ဒီပုဂိ္ဂုလ်တွေကို ကျွန်တော်တို့ အထူးမှာလိုက်ချင်တာက တော့ ပထမဆုံး ကျွန်တော်ပြော ခဲ့သလို ထောင်ကလွတ်သွားပြီးလို့ရှိရင် နောင် ထောင်ပြန်မကျအောင်၊ ထောင်ထဲပြန် မရောက်ရ အောင် ကိုယ့်ကိုယ်ကိုလည်းပဲ ထိန်းသိမ်းကြပါ။

ကျွန်တော်တို့မှာ ပြဿနာအကြီး ဆုံးကတော့ ခုခင်ဗျားတို့အပြင်ထွက်သွား လို့ရှိရင်၊ ခင်ဗျားတို့ ကလည်းငြိမ်ငြိမ်ဆိတ် ဆိတ်မနေလို့ရှိရင် ကျွန်တော်တို့မှာ အလုပ်တစ်ခုတိုးဦးမယ်။ အဲဒီတော့ ကျွန်တော် တို့လည်း အလုပ်မတိုးပါရစေနဲ့၊ ခင်ဗျားတို့လည်းပဲ ကျွန်တော်တို့တိုင်းသူ ပြည်သားတွေပဲ ဒိုးတူပေါင် ဖက်အလုပ် ကို မှန်မှန်ကန်ကန်လုပ်ပြီးတော့ လိုက် လုပ်ဖို့ပြောချင်ပါတယ်။ ရုပ်ပိုင်းကတော့ စီးပွားရေး လုပ်ပေးရမှာပဲ၊ စိတ်ပိုင်းနဲ့ ပတ်သက်တာတော့ တိုင်းပြည်တစ်ဝန်း က ဒီပုဂိ္ဂုလ်တွေကို ၀ိုင်းဝန်းကူညီကြပြီး တော့ စေတနာထားပြီးတော့လုပ်မှရ မယ်။ အဲဒီတော့ အများဆုံးတည်တာ ကတော့၊ ကျွန်တော် တောင်းပန်ချင်တာ နောက်ထပ်အမှားမလုပ်ကြပါနဲ့တော့၊ ဒုက္ခ၊ သုက္ခတွေ့တယ်။ ပြဿနာရှိလို့ဆိုရင် အကူအညီ တောင်းပါ၊ လက်လွှတ်စပယ် မလုပ်ကြပါနဲ့၊ ကျွန်တော်တို့ကို အလုပ်ပို မပေးပါနဲ့၊ တိုင်းသူပြည်သား ကောင်းတစ် ယောက်ဖြစ်ကြပါလို့ ပြောချင်တာပါပဲ”” ဟူ၍ဖြစ်ပါသည်။

အချုပ်အားဖြင့်တင်ပြရလျှင် နိုင်ငံ ခေါင်းဆောင်အကြီးအကဲတစ်ဦးအဖြစ် ရပ်တည်နေသော ဘ၀မှာပင် ပြည်သူ တို့ ၏ အလွှာပေါင်းစုံမှ ဖြစ်ရပ်များကို မေ့ လျော့မထားဘဲ လူသားချင်းစေတနာ ထောက်ထားမှုတရားတို့ဖြင့် ရင်တွင်းမှ ရှိနေသည့် စေတနာကို ကိုယ်တိုင်ကိုယ် ကျ ရင်းနှီးပွင့်လင်းစွာ တွေ့ ဆုံ၍ ပြောကြားခဲ့သည့် ဦးနေ၀င်း၏ သမိုင်းဝင် ထောင်တွင်းမိန့်ခွန်းစကားမှာ ထောင် သားများ တွင်သာမက ပြည်သူအများ အားလုံးကပါ အစဉ်အသိပွား၍ သတိ ထားစရာများအဖြစ် လေ့လာမှတ်သား နိုင်ကြရန် ရေးသားတင်ပြရပါသတည်း။



စောကျော်အေး
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်