Thursday, April 04, 2013

လူပျောက်တိုင်ခံထားရသူ ဦးရဲမင်းဦးကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်မည်

Posted by drmyochit Thursday, April 04, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၂

ဗဟန်း မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူပျောက်အဖြစ် တိုင်ကြားထားသည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်မှ ဦးရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ် မည်ဖြစ်ကြောင်း ၄င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်လင်းက The Voice သို့ အတည်ပြု ပြောကြားသည်။

၎င်းကို လည်း ဧပြီလ ၁ ရက် နေ့ ည ၁၁ နာရီတွင် ဗဟန်းရဲစခန်းက လာရောက်ခေါ်ယူခဲ့ပြီး ငါးနာရီကြာ စစ်ဆေး ခဲ့ကြောင်း ဦးခင်မောင်လင်းက ရှင်းပြသည်။

"ရဲစခန်းက ဆရာတော် ဦးဝီရသူနဲ့  ၉၆၉ ကိစ္စ ခေါ် စစ်တယ်။ ရဲမင်းဦးရဲ့ လက်ပ်တော့နဲ့ ဟန်းဖုန်းကို သိမ်း သွား တယ်။ ၉၆၉ နဲ့ ပတ်သက်တယ်လို့ ယူဆရတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဗဟန်း မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ "ကျွန်တော်တို့ ဖြေကြားခွင့် မရှိဘူး။ ကာယကံရှင် မိသားစု ကိုသာ မေးပါ" ဟု တာဝန်ကျ ဒုရဲအုပ်က ဖြေကြားသည်။

မတ်လ၂၅ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိသူ နှစ်ဦးက ဗဟန်း မြို့နယ် ဦးသာသနာ့ ကျောင်းတိုက် တွင် ရှိနေသည့် ဦးရဲမင်းဦးကို လာရောက် ခေါ်ဆောင် သွားခြင်းကြောင့် ရခိုင် လူငယ်များ အဖွဲ့က မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ လူပျောက် အနေဖြင့် အမှုဖွင့်ခဲ့ သည်။

"ကို ရဲမင်းဦးကို လက်ရှိ အင်းစိန် အကျဉ်းထောင်မှာ ရှိတယ်လို့ ကြား ထားပါတယ် " ဟု ၄င်း၏ သူငယ်ချင်း ဖြစ်သူ ဦးဒီငြိမ်းလင်းက ဆိုသည်။

ရခိုင် လူမျိုး ဖြစ်သူ ဦးရဲမင်းဦး ပျောက်ဆုံးနေခြင်းကို မတ်လ၂၉ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် နိုင်ငံခြားသံရုံးများသို့ အသိ ပေးစာ များကို ရခိုင်လူငယ်များအဖွဲ့ (AYO) က ပေးပို့ထားသည်။

The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်