Monday, September 02, 2013

Apple ရဲ့ မှန်းချက်ပေး ကစားကွက်များ

Posted by drmyochit Monday, September 02, 2013, under | No comments


Apple အနေနဲ့ ထုတ်ကုန် အမျိုးအစားအလိုက် နှစ်စဉ် မော်ဒယ် အသစ်များကို ထုတ်လုပ်ရောင်းချလေ့ ရှိတယ်လို့ အားလုံး နားလည် ထားကြတယ်။ ဆိုလိုတာက နှစ်စဉ် နှစ်တိုင်း နှစ်ဝက်ကျော်တာနဲ့ ထုတ်ကုန် အမျိုးအစားအလိုက် မော်ဒယ်များကို စတင် ရောင်းချလေ့ ရှိတယ်။ စတင်ရောင်းချတဲ့ အချိန်အထိ မိမိထုတ်ကုန်ရဲ့ အသေးစိတ် အချက်အလက် အတိအကျကို တရားဝင် ထုတ်ဖော် ပြောကြားလေ့ မရှိခဲ့ပေ။ Apple ပရိသတ်ကို မှန်းချက် ပေးရုံသက်သက် သတင်းအစအနကိုသာ ရရှိစေတယ်။

တစ်နည်းပြောရရင် မှန်းချက်ပေး တိုက်ကွက် ဆင်ယူတဲ့ guessing game ကို အသုံးပြုလေ့ ရှိတယ်။ ထင်ကြေးပေး မှန်းဆ ပြောဆိုမှုတွေ အခြေခံပြီး Apple Cragy တွေကို မွေးယူနေတဲ့သဘော သက်ရောက်နေစေတယ်။ iPhone အသစ် ဘယ်တော့ ထွက်မလဲ၊ Sucreen ပိုကြီးတဲ့ အရွယ်အစားနဲ့ ထုတ်မှာလား၊ Retina iPad Mini ဆိုတာ နောက်ထုတ်မယ့် iPad အသစ်လား၊ ဒီနှစ်အတွက် iWatch ကို ဈေးကွက် ပို့မယ်ဆိုပါလား၊ ဈေးနှုန်း အချိုသာဆုံးနဲ့ iPhone ကို အမြောက်အမြား ထုတ်မယ်ဆိုတာက တကယ်လား၊ Apple Glass ဆိုတာ ဘာလဲ၊ head-maunted displays တွေအတွက် patents တွေ ရှိနေပြီးပြီတဲ့လား၊ စသလို သတင်းအစအနလိုလို၊ ကောလဟလလိုလို၊ မှန်းဆပြောဆိုချက် သက်သက်လိုလို သတင်းစကားတွေ ရှိနေတဲ့ ပရိသတ်ကပင် စိတ်ဝင်တစား ရှိလာကြတယ်။

တချို့ဆိုရင် Apple ပလက်ဖောင်းဘက်ကို ပြောင်းကူးသွားတဲ့အထိ ရှိခဲ့တယ်။ ကြားရှိတဲ့ သတင်းအစအနနဲ့ ပတ်သက်ပြီး Apple ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို မေးမြန်းတဲ့အခါမှာလည်း တိတိကျကျ ပြန်လည် ဖြေကြား ပြောဆိုလေ့ မရှိသလို အတိအလင်း ပြောဆိုတာမျိုးလည်း မရှိခဲ့ပေ။ မကြာသေးခင်က ဒီလိုကိစ္စတွေနဲ့ စပ်လျဉ်းပြီး Apple ရဲ့ စီအီးအို ဖြစ်သူ Tin Cook ကို မေးမြန်းရာမှာ မိမိတို့ရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် အတိအကျကို ရောင်းချရန် အသင့်ဖြစ်နေချိန်မှာ ထုတ်ဖော် ပြောကြားမှာ ဖြစ်တယ်။ ဒါမှ ထုတ်ကုန်ရဲ့ ထူးခြား သစ်လွင်မှုတွေကို ဝယ်ယူအသုံးပြုမှုတွေက တအံ့တသြ စိတ်ဝင်စားစေမယ်။ ဒီလိုပေါ်လစီကို အစဉ်တစိုက် လက်ကိုင်ထား ဆောင်ရွက်မှာပါလို့ ပြောကြားသွားတယ်။

Apple ထုတ်ကုန်တွေရဲ့ သတင်းယိုပေါက်မှုတိုင်းက အာရှဖြန့်ချိရေး လမ်းကြောင်းက အများဆုံး ထွက်ပေါ်လာလေ့ ရှိတယ်။ တချို့ သတင်းပေါက်ကြားမှုတွေမှာ ပါတဲ့ ပုံတွေနဲ့ အသေးစိတ်အချက်တွေကလည်း အနီးစပ်ဆုံး မှန်ကန်လေ့ ရှိတယ်။ raw speculation ကနေ ထွက်ပေါ်လာတာလို့လည်း ဆိုနိုင်ပါတယ်။ Apple ရဲ့တန်းစီဇယားအရ ၂၀၁၃ ခုနှစ် ပထမဆုံး လပတ်မှာ Apple TV refresh ကို ထုတ်ပေးခဲ့ပြီး ဒုတိယသုံးလပတ်မှာ Mac Book Air ကို စတင်ပို့ခဲ့တယ်။ တတိယ သုံးလပတ်အတွက် iPhone 5S တို့ iPad 5 နဲ့ iPad Mini တို့အပြင် Modified iPod touch 5 နဲ့ iPod nano refresh တို့ကို တင်ပို့ရောင်းချမယ့် အစီအစဉ်တွေ ရှိနေပါတယ်။

တစ်ပြိုင်နက်တည်း ဒီဇိုင်းသစ်နဲ့ Retine MacBook Pro လည်း ထွက်လာနိုင်တယ်။ စတုတ္ထ သုံးလပတ်အတွက် iMac နဲ့ iMac Mini အသစ်တို့ကို ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ ရှိတဲ့ မှတ်တမ်း တင်ပြချက်များအရ iPhone 31.2 သန်း၊ i Pads 14.6 သန်းနဲ့ Macs 3.8 သန်း ရောင်းချရမှုအပေါ် အမေရိကန် ဒေါ်လာငွေ ၆.၉ ဘီလီယံ ရရှိသွားတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့နှစ်က ဒုတိယ သုံးလပတ် အသားတင် အမြတ်က ဒေါ်လာငွေ ၈.၈ ဘီလီယံ ရရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ လျော့နည်းနေတာ တွေ့နိုင်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က iPhone ရောင်ရတဲ့ အရေအတွက်က ၂၆ သန်းသာ ရှိပြီး ဒီနှစ်အတွက် ၃၁.၂ သန်း ရောင်းရတာကြောင့် ပိုပြီး အားရကျေနပ်မှု ရှိတယ်လို့ ဆိုတယ်။ Apple အနေနဲ့ တတိယ သုံးလပတ်အပြီး ရလာနိုင်မယ့် အမြတ်အစွန်းငွေများအပေါ် ပိုပြီး စိတ်ဝင်တစား ရှိနေခဲ့တယ်။

မကြာသေးတဲ့ ကာလအတွင်း ထုတ်လုပ်ရောင်းချမယ့် iPhone 5S နဲ့ ပတ်သက်ပြီး အခက်အခဲတချို့ ရှိနေတယ်လို့လည်း သတင်း ထွက်ပေါ်နေတယ်။ လက်ရှိ ဈေးကွက်မှာ ထွက်ပေါ်ပြီး ဖြစ်နေတဲ့ Android နဲ့ Windows Phone ပလက်ဖောင်းတွေကို နောက်ဆုံး အခြေအနေအတိုင်း ယှဉ်ရမှာ ဖြစ်တယ်။ Ming Chi Kuo ရဲ့ သုတေသန ပြုချက်အရ iPhone 5S မှာ fingerprint sensor နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မတွေ့ရပေမယ့် ဒီနှစ် ထုတ်မော်ဒယ်တွေရဲ့ function တွေအရ home button အောက်မှာ fingerprint sensor တစ်ခုကို မြှုပ်ထားနိုင်စရာအကြောင်း ရှိတယ်။ တရုတ်နိုင်ငံရဲ့ Wii Phone ကနေ Apple အနေနဲ့ ဘတ်ဂျက် စမတ်ဖုန်း ထုတ်လုပ်မယ့်အကြောင်း screenshot ပုံရိပ်တစ်ခုနဲ့ ဖော်ပြလာတာ တွေ့ရတယ်။

iPhone 5C လို့ အမည်ပေးထားတယ်။ ဈေးနှုန်းချိုသာစွာနဲ့ ဈေးကွက်ဝင်ဖို့ ကြိုးစားကြံဆတာလို့ ဆိုထားတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားတယ်။ “C” ဆိုတာက color အတွက် အဓိပ္ပါယ် ဖွင့်ယူနေကြတယ်။ ရောင်စုံကာလာနဲ့ ကိုယ်ထည်ရှိပြီး ဘတ်ဂျက် စမတ်ဖုန်း ဈေးကွက်ကို အမြောက်အမြား ပို့ဆောင်ပေးဖွယ် ရှိတယ်။ အမည် ထုတ်ဖော် မပြောပြလို့တဲ့ သတင်းဌာနတစ်ခုက ၄ လက်မ အရွယ်အစားထက် ကြီးမားတဲ့ screen နဲ့ ထုတ်လုပ်မယ့် iPhone အသစ်တစ်ခုရဲ့ prototype တစ်ခုအနေနဲ့ ၁၃ လက်မ screen အရွယ်အစားရှိတဲ့ iPad အသစ်တစ်ခုရဲ့ Prototype တွေကို တွေ့ခဲ့ရတဲ့အတွက် မျိုးဆက်သစ် iPhone နဲ့ iPads တွေရဲ့ screen အရွယ်အစားတွေ ပိုကြီးလာလိမ့်မယ်လို့ ခြေရာကောက်ပြလိုက်တာ ဖြစ်နိုင်ပါတယ်။

လက်ရှိ iPhone မော်ဒယ်တွေမှာ ၃.၅ လက်မနဲ့သာ တွေ့ရပြီး iPad တွေကိုလည်း ၇ လက်မ အရွယ်အစားနဲ့ ၉.၇ လက်မ အရွယ်အစားတို့နဲ့သာ ထုတ်လုပ်ခဲ့တယ်။ Screen အရွယ်အစား ကြီးကြီးနဲ့ ထုတ်လုပ်လာကြတဲ့ Samsung တို့ HTC တို့ Motorola တို့ကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။ တတိယ သုံးလပတ်မှာ စတင် တင်ပို့ ရောင်းချဖို့ စီစဉ်ထားတဲ့ iPad 5 နဲ့ iPad Mini 2 ကိုလည်း ပရိသတ်က ဘယ်လိုပုံစံ ရှိနေသလဲလို့ မှန်းဆကြည့်နေကြတယ်။ iPad 5 က iPad 4 ထက် ပိုပြီး ပါးလျပေါ့ပါးမှာ အသေအချာ ဖြစ်တယ်။ iPad Mini 2 မှာလည်း retina display နဲ့ တပ်ဆင် ထုတ်လုပ်မယ်ဆိုတာ ၅၀% သေချာနေတယ်လို့ သတင်း ထွက်လာပြန်ပါတယ်။

ထုံးစံအရတော့ Apple က ထုတ်ကုန် မော်ဒယ်သစ်တွေကို ၁၂ လခြားပြီး လွှတ်ပေးလေ့ ရှိတယ်။ နောက်ထပ် စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ခုကတော့ Google Glass ကို ကြည့်ရှုပြီး wearable compating အပေါ် ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်ဖို့ Apple ရဲ့ စီအီးအို Tin Cook က အရိပ်အမြွက် ပြောဆိုလာတာ ဖြစ်တယ်။ ဒီအတွက် iWatch ဆိုတာကို ရှေ့တန်းထား ပြီး ပြင်ဆင်မှုတွေရှိလာသလို Apple Glass နဲ့ ပတ်သက်ပြီး Apple ပရိသတ်ရဲ့ ပြောဆိုဆွေးနွေးမှုတွေ ထပ်တွေ့လာရတယ်။ Apple ရဲ့ မှန်းချက်ပေး ကစားကွက်တွေကြောင့် Apple ထုတ်ကုန်တွေအပေါ် Apple ပရိသတ် သန့်သန့်လေးထက် တခြားပလက်ဖောင်း ပရိသတ်တွေပါ ပိုပြီး စိတ်ဝင်စားလာကြတယ်။

ဘယ်လိုပဲဖြစ် ဖြစ် Apple ရဲ့ ထုတ်ကုန်တွေက အဆင့်အတန်းမြင့်မြင့်နဲ့ သားသားနားနားရှိတာ အမှန်ဖြစ်ပေမယ့် တကယ်တန်း ထွက်လာတဲ့အခါမှာ မျှော်မှန်းထားသလောက် ကျေနပ်ရတဲ့ အခြေအနေ အစဉ်အလာ မရှိခဲ့ပေ။ အသေးစိတ် အချက်အလက် ဝှက်ဖဲလေးတစ်ခုနဲ့ ဈေးကွက် မြှင့်တင်တဲ့ နည်းလမ်းက ချက်ချင်းဆန်းသစ်တဲ့ ပုံစံတွေနဲ့ ပွင့်ပွင့်လင်းလင်း ပစ်တင်လာတဲ့ Android နဲ့ Windows Phone သုံး စမတ်ဖုန်းတွေကို ဆက်လက် အနိုင်ယူမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးသောင်းဝင်း (ပန်းချယ်ရီ)
Ref & Credit: Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်