Tuesday, October 08, 2013

ကလေးမြို့၌ ရေဘေးကြောင့် ပျောက်ဆုံးသူ ခုနစ်ဦးထိ မြင့်တက်

Posted by drmyochit Tuesday, October 08, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး မြစ်သာမြစ်နှင့် နေရဉ္ဇရာ... မြစ်ရေလျှံ တက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုများကြောင့် မူလပျောက်ဆုံးသူ သုံးဦးခန့်မှာ လက်ရှိတွင် ခုနစ်ဦးခန့်အထိ မြင့်တက်လာခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်။
“အခုထိ အလောင်း ပြန်ရှာမတွေ့သေးပါဘူး။ အလောင်း မတွေ့တဲ့အတွက် သေဆုံးစာရင်းထဲ ထည့်လို့မရဘူး။ ပျောက်ဆုံးတယ်လို့ပဲ သတ်မှတ်ရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျောက်ဆုံးသူများမှာ ကလေးမြို့ စမ်းမြို့ရပ်ကွက်နေသူ နှစ်ဦးနှင့် စခန်းကြီးကျေးရွာမှ အမျိုးသမီး တစ်ဦးတို့ အပါအဝင် စုစုပေါင်း ခုနစ်ဦးဖြစ်ပြီး သေဆုံးသူများကို အသက် ၁၈ နှစ် အောက်ဖြစ်ပါက ငါးသောင်းကျပ်၊ အသက် ၁၈ နှစ် အထက်ဆိုပါက တစ်သိန်းကျပ် သတ်မှတ် ကူညီပေးရန် စီစဉ်နေကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

အဆိုပါ စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပေါ် ခဲ့သော တောင်ကျ ချောင်းရေကြောင့် ကလေးမြို့နယ်၊ နတ်ကြီးကုန်း ကျေးရွာအနီးရှိ ဘုံးချောင်းအနီး တောင်ယာအခင်းတဲ ၄၀ လုံးခန့် ရေမျောပါသွားခဲ့ပြီး အနည်းဆုံး လူသုံးဦးနှင့် တိရစ္ဆာန်များ ပါဝင်ကြောင်း၊ နန်းစောင်းပု ကျေးရွာတွင်လည်း နေရဉ္ဇရာ မြစ်ရေကြောင့် ကမ်းပါးပြိုကာ နေအိမ်နှစ်လုံး ရေမျောပြီး ငါးလုံးခန့်မှာ ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ရေကြီးမှုများကြောင့် ကလေးမြို့နယ်အတွင်း ဆည်ကြီးချောင်း တံတား၊ နတ်တံခါးချောင်း တံတား၊ ဆိပ်ကမ်းသာတံတား၊ နန်းကလိန်ချောင်း တံတားတို့မှာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပြီး ဆိပ်ကမ်းသာတံတားကို ကမ္ဘောဇဘဏ်က တာဝန်ယူ ပြန်လည် ပြုပြင် တည်ဆောက်ပေးမည် ဖြစ်ပြီး ဆည်ကြီးချောင်းတံတားကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ပြန်လည် ပြုပြင် တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှထပ်မံ သိရသည်။

လက်ရှိကလေးမြို့တွင် ရေပြန်ကျနေပြီ ဖြစ်သောကြောင့် ရေဘေးကယ်ရေး စခန်းများတွင် သွားရောက် နေထိုင်ကြသူများသည် မူလနေထိုင်ရာ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်သူများ ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ရေဘေးသင့် ကယ်ဆယ်ရေး စခန်းများထံမှ သိရသည်။

မြတ် (ကလေး)
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်