Tuesday, July 17, 2012

ယနေ့အချိန်သည် မြန်မာနိုင်ငံ၏ အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ပြောကြာ

Posted by drmyochit Tuesday, July 17, 2012, under | No comments


ယနေ့အချိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ် တွင် ပြော ကြားခဲ့သည်။ 
ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါ စီးပွားရေးဖိုရမ်တွင် သမ္မတဦးသိန်းစိန်က မိန့် ခွန်း ပြော ကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော် တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း ၆၀ ကျော်ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း ၁၀၀ ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှုအသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့နိုင်ငံဟာ ပထ၀ီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြား တည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး သယံဇာတ အရင်းအမြစ်တွေ ပေါများတဲ့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်” ဟု နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ “စစ်ဘက်အုပ်ချုပ်ရေး စနစ်အောက်မှ ရုန်းထွက်ပြီး လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့အချိန် ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရမည် ဆိုသည်ကို ကြိုတင်မျှော်မှန်းပြီး ဖြစ်ကြောင်း၊ အစိုးရသစ် အပြောင်းအလဲ ဖြစ်လာသည်နှင့်အညီ မြန်မာနိုင်ငံသား အားလုံးသည် အပြောင်းအလဲကို လိုလားလျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှု သုံးရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက် ရှိပါကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ မိန့်ခွန်းနိဂုံးချုပ်တွင် “ကျွန်တော်တို့နိုင်ငံ အနေနဲ့ နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံ အများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိလာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိပ်တန်းအမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်းသိရှိရသည်။

From : ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်