Friday, August 10, 2012

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရလဒ် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From:ခတ်လူငယ်


နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ရေနံချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း၏ မေးခွန်းကို ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံနိုင်ခြင်း မရှိခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ယခုနှစ်မှ စတင်ကောက်ယူမည်ဖြစ်ရာ သုံးနှစ်နှင့် ၁၀ လခန့် အချိန်ရရှိသည်။ ထိုသို့ ကောက်ခံရာတွင် အဆင့်လေးဆင့်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခံခြင်း၊ စာရင်းပြုစုခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရမည် ဖြစ်သောကြောင့် ဝန်ထမ်းများအား အဆင့်မြင့်သင်တန်းများ ပို့ချပေးခြင်း၊ သန်းခေါင်စာရင်းအတွက် အသုံးပြုမည့် နည်းပညာရပ်များအတွက် လိုအပ်သော စက်ကိရိယာများ တပ်ဆင်ခြင်း၊ ကွန်ပျူတာ နည်းပညာရပ်ပိုင်းဆိုင်ရာများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုသို့ မေးမြန်းကောက်ခံရမည့် မေးခွန်းများအတွက် အချက်အလက်များရရှိရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ “သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဖွဲ့စည်းထားရှိပြီး မိမိတို့ဌာနနဲ့ စတင်ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ဦးခင်ရီက ပြောသည်။ ထိုသို့ ကောက်ခံပြီးသည့် နောက်ပိုင်းတွင် လူဦးရေဆိုင်ရာ ပေါ်လစီများ ထွက်ပေါ်လာနိုင်ပြီး ကိန်းဂဏန်းများလည်း မှန်မှန်ကန်ကန် ရလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လူဦးရေ စာရင်းမှာ ၆၀ ဒသမ ၃၈ သန်းဖြစ်ကြောင်း ဦးခင်ရီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေတိုးနှုန်းမှာ ယခင် ၁၉၈၈ နောက်ပိုင်းက ၂ ဒသမ ၀၂ ရာခိုင်နှုန်းမှ ယခု နောက်ဆုံးနှစ်တွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်