Friday, August 10, 2012

ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်

Posted by drmyochit Friday, August 10, 2012, under | No comments



ရန်ကုန် (မဇ္ဈိမ)

 အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတား သုံးခုကို တည်ဆောက်နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့်ပြုလိုက်သည်။ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ် တွင်ပြုလုပ်သည့် လုပ်ငန်းလုပ် ကိုင်ခွင့်ပြုကြောင်း လက်မှတ် ရေးထိုးခြင်း အခမ်းအနားတွင် “ပို့ဆောင်ရေး ဝန်ကြီးဌာန အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ အစိုးရသစ် သက်တမ်း ဒုတိယနှစ် မှာမြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်တယ်” ဟု ပို့ဆောင် ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသွားသည်။

အဆိုပါ ဆိပ်ကမ်းများ တည်ဆောက် ပြီးစီးပါက တန်ချိန် ၃,၅ဝဝ ရှိ နိုင်ငံခြားသင်္ဘာကြီး ခြောက်စီး တပြိုင်နက် ဆိုက်ကပ်နိုင်ပြီး ကုန်တင်ကုန်ချ လုပ်ငန်းများအတွက် ကုန်သေတ္တာ အလုံးရေ ၃၂,ဝဝဝ ခန့်ထိ သိုလှောင်နိုင်မည်ဟုမြန်မာ့ အဏ္ဏဝါ စွမ်းအားရှင်အုပ်စုမှ မန်နေးဂျင်းဒါရိုက်တာ ဦးကိုကိုထူး က အဆိုပါ အခမ်းအနားတွင် ပြောသွားသည်။ ထိုကုမ္ပဏီသည် ၂ဝဝ၃ ခုနှစ်၊ ဇန်နဝါရီလ မှစတင် ကာမြန်မာ့ ရင်းနှီးမြှပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အလုံမြို့နယ် ကမ်းနားလမ်းရှိ ကြွေထည် မြေထည် လုပ်ငန်း မြေနေရာကို ငှားရမ်းပြီး ဆိပ်ခံတံတား နှစ်ခု တည်ဆောက်ပြီး ကုန်းတွင်း ကုန်သတ္တာ စခန်းများ တည်ဆောက်ကာ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ စတင် လုပ်ဆောင် ခဲ့သည်။ ထိုလုပ်ငန်းများ အောင်မြင် ခြင်းကြောင့် ၂ဝဝ၃ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့သည့် ကနဦး လုပ်ကိုင်ခွင့် နှစ် ၃၀ အပြင်နောက်ထပ် နှစ်တိုး ၁၅ နှစ် နှစ်ကြိမ် ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟုလည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန် ကြားရေးမှူး ဦးချိုသန်းမောင် က ပြောသည်။ အဆိုပါ လုပ်ငန်းများ ပုဂ္ဂလိကအား လုပ်ကိုင်ခွင့် ပြုခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးဉာဏ်ထွန်းအောင် က မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရမည်ဖြစ်ပြီး  မြန်မာ့ စီးပွားရေးကဏ္ဍကို တခြား အာဆီယံနိုင်ငံများ နှင့် ရင်ပေါင် တန်းနိုင်ရန် ပုဂ္ဂလိက အဖွဲ့အစည်းများကို အားပေးခြင်းဖြစ်ကြောင်းလည်း ပြောသွားခဲ့သည်။ ရန်ကုန်မြို့ရှိ ဆိပ်ကမ်း များအနက် သင်္ဘော ၁၈ စီး ဆိုက်ကပ်နိုင်သည့် တံတား ၁၈ ခု ရှိပြီပြီး တံတား ၁၄ ခု ထပ်မံ ဆောက်လုပ်၍ နိုင်ငံခြား ကုန်တင်သင်္ဘော ၃၂ စီး တပြိုင်နက်တည်း ဆိုက်ကပ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက် ရှိသည်ဟု လည်း ဦးဉာဏ်ထွန်းအောင် က ပြောသည်။ ထို့အပြင် ရန်ကုန် တဘက်ကမ်း သံလျင်မြို့နယ် သီလဝါ ဆိပ်ကမ်းတွင်လည်း သင်္ဘောပေါင်း ၃၇ စီး ဆိုက်ကပ်နိုင်သည့် တံတားများ တည်ဆောက်ရန် စီစဉ်ထားရမည် ဟုလည်း ဝန်ကြီးက ပြောသွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်