Wednesday, October 10, 2012

တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…(၂)

Posted by drmyochit Wednesday, October 10, 2012, under | No comments

From :Myanmar Express

အောက်တိုဘာ ၈၊ ရန်ကုန်မြို့။

တကယ်တမ်း သူတို့ နိုင်ငံရေး လုပ်တော့လည်း မေမေ ကျနော်တို့ နေလို့ မရတော့ဘူး ဆိုတဲ့ နေ့မှပဲ သိ ရတော့တယ်။ များသော အားဖြင့် သားကြီးက ခ၀ဲခြံမှာနေတယ်။ သားက အဆောင်မှာနေတယ်။အဲ လို နေရင်းနဲ့ ၈၈ ခုနှစ်မှာ အရေးအခင်းကြုံပြီး နိုင်ငံရေးဘက်ကို ရောက်သွားကြတာ။


အဲဒီတုန်း ကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ လုပ်နေတဲ့ အတွက် အမေ တယောက် အနေနဲ့ ဘာမှ ပြောခဲ့ တာမျိုး ဆိုခဲ့ တာမျိုးလည်း မလုပ်ခဲ့ဘူး။ ရှောင်နေဦးမယ်လို့ ပြောတော့လည်း မတားခဲ့ပါဘူး၊ အဲဒီနေ့ ကစပြီး ဒီ နေ့ထိ အိမ်ပြန်မလာတော့တာပါပဲ။

တောခို သွားတော့လည်း သားတွေနဲ့ ပတ်သက်ပြီး သတင်းတွေဘာတွေက တော်တော်နဲ့ မကြားရဘူး။ တစွန်း တစလောက် ကြားရတာ နယ်စပ်သွားတဲ့ သူတွေဘာတွေက ပြောကြတာ နယ်စပ်မှာ အန်တီ့ သားကြီးကို တွေ့ တယ်ပေါ့၊ အန်တီ့လိုပဲ မှဲ့နဲ့ပေါ့ ပြီးတော့ အဲဒီလမ်းက ပန်းခင်းလမ်း မဟုတ်ဘူး ဘာဘူးပေါ့ အဲလို ခက်ခဲတဲ့ လမ်း မျိုး ဆိုတာလောက် ပြောကြတယ်။

နောက် အန်တီ့ကို လှိုင်မြို့နယ် ရဲစခန်းက ခေါ်စစ်တယ်၊ အန်တီ့သားတွေနဲ့ အဆက်အသွယ်ရှိလားတဲံ မရှိပါ ဘူး လို့ပြောတော့ ရှိရင် ကျနော်တို့ ဆီကို အကြောင်းကြားပါတဲ့ အဲလို ပြောတော့ အန်တီက ပိုတောင် သိချင် သေးတယ်လို့ အန်တီက မွေးမိခင်ပဲ ပိုသိချင်တာပေါ့ခုလို ဘာမှ မသိလို့တောင် စိတ်ပူနေရတယ် ပိုသိချင် သေး တယ်လို့ တကယ်လို့ ဆရာတို့ သိရင်လည်း အန်တီကို ပြန်ပြောပါလို့ ပြောလိုက်တယ်။ အဲဒါက တခါ ရဲစခန်းက ခေါ်မေးတာခံရတာ။

နောက် အန်တီ့ အမျိုးသားက ရွှေတောင်မှာ တာဝန်ကျတယ်၊ တာဝန်ကျတော့ကျောင်းပိတ်တော့ အန်တီ တို့ အဲဒီကို လိုက်သွားကြတာ။ အဲဒီလို လိုက်သွားတော့ ထောက်လှမ်းရေးက လာတယ်ပေါ့ အန်ကယ့် ကို မေးတာ သားနှစ်ယောက်တောခိုတာ ရောက်နေတယ် ကြားလို့တဲ့..။ အဲဒါနဲ့ပတ်သက်ပြီး တိုင်လို့တဲ့ အဲလိုပြောတော့ အန်ကယ်က ကျနော့် သားတွေ ရှိပါတယ် ဆိုပြီး အိမ်မှာ ရှိတဲ့ ဋ္ဌေးဝင်းတို့ ဋ္ဌေးမြင့် တို့ကို ထုတ်ပြတယ်။ အဲဒါ ကျနော့် သားတွေပဲဆိုတော့…လာမေးတဲ့ ထောက်လှမ်းရေးက ဟာ စိတ်မရှိပါနဲ့ ဗိုလ်ကြီးရယ် တဲ့…ကျနော် တို့ကို တိုင်တဲ့သူ ရှိလို့ပါ ဆိုပြီး ပြန်သွားကြတယ်။

အဲလိုတွေပြီးတော့ ဋ္ဌေးနိုင်နဲ့ ပတ်သက်ပြီး သတင်းကြား ရလာရတာ ပိုများလာတယ်။ အဖမ်းခံ ရတယ်လို့ လည်း ကြားတယ်၊ ၀ဲတွေပေါက်နေတယ် ကျန်းမာရေး မကောင်းဘူး လို့လည်း ကြားရတယ်။ မယုံဘူးပေါ့။ မဟုတ် နိုင်ပါဘူးလို့ပဲ ထင်နေခဲ့တာ။

အဲဒီမှာ အန်တီသူ့ကို အိပ်မက် မက်လိုက်သေးတယ်။ သားနှစ်ယောက် တောခိုသွားတယ် အိမ်ကနေ ထွက် သွားတယ်ပေါ့ သားအကြီး ကိုဋ္ဌေးတင့်ကို ဘယ်တော့မှ အိမ်မက် မမက်ဘူး။ သူ့ကိုပဲ မက်တယ်။ သူ သေ ပြီဆိုတာကို မသိရခင် ကတည်းက အိမ်မက် မက်မက်နေတာ။

အဲဒါကို အိမ်က သားတွေနဲ့ သမီးတွေကို ပြောရတယ်၊ ထူးဆန်းတယ်လို့ ငါဋ္ဌေးတင့်ကို ဘယ်တော့မှ မမက်ဘူး လို့ဋ္ဌေးနိုင်ကိုပဲ အိမ်မက် မက်နေတာ ဆန်းတယ်လို့။ အိမ်မက်ထဲမှာ အိမ်ပြန်လာတယ် ပြီးရင် ဘယ်တော့ မှ လည်း အိမ်ထဲ မ၀င်ဘူးလို့ ဒီအတိုင်းပဲ ပြန်ပြန်ထွက်သွားတယ်လို့။ ဆိုက်ကယ်လေး စီး ပြီး ပြန်ထွက်သွား တယ် လို့ အဲလိုပဲ သားငယ်ကို အမြဲမက်တယ်။တောက်လျှောက်ကို မက်နေတာ။

နောက်မှတ်မှတ်ရရ ဘာလဲဆိုတော့ သားတယောက်က အိမ်ရှေ့ကနေ မ၀င်ဘဲနဲ့ အိမ်နောက်ဘေး မီးဖိုချောင် အပေါက် ကနေ ပြေးပြီးတော့ အိမ်ထဲကို ၀င်သွားတာ။ အဲဒီမှာ ချွေးမကလည်း အိမ်မှာ အန်တီ က ချွေးမကို မိုးမိုး ကျော်ရေ..နင့်ယောင်္ကျား နင့်ကို ပုန်းနေတယ်လို့ ပြောလိုက်သေးတယ်။ မီးဖိုချောင်ထဲမှာ ဆိုတော့ မိုးမိုးကျော် က ဟုတ်လားဆိုပြီး ထွက်လာတော့ ဟဲ့..ဟဲ့… မဟုတ်ဘူး မဟုတ်ဘူး အဲဒါ ဋ္ဌေးနိုင် ဋ္ဌေးနိုင်လို့ ပြောလိုက် တယ်…အဲဒီမှာ သားကပြန်ထွက်မသွားဘူး။ အန်တီက အမြဲတမ်း သူ ပြန်ပြန် ထွက်သွားတာကိုပဲတွေ့ရတော့ ဒီတခါ ပြန်ထွက်သွားတာ မတွေ့ရဘူးဆိုပြီး အံ့သြသွားတယ်။

အဲဒါနောက်ဆုံး မက်ပြီး ခုထိ ပြန်မမက်တော့ဘူး။ အမေတယောက် အနေနဲ့ကတော့သူများတွေ ပြန်လာ တဲ့အချိန် ရရင် ငါ့သားတွေလည်း ပြန်လာမှာပဲလို့ မျှော်လင့်တာပဲ။ အဲလိုအချိန်မှာ ခုလို သားတယောက် ရက် ရက်စက်စက် အလုပ်ခံရပြီး သေရတယ်ဆိုတာကို အမေတယောက်အနေနဲ့ မကျေနပ်ဘူး။

သူတို့က ရန်သူလို့ သတ်မှတ်ရင် တခါတည်း ပစ်သတ်လိုက်…အဲလို သေတယ်ဆိုတာက ခုလိုမျိုးဖြည်းဖြည်းခြင်း ညင်းဆဲပြီး ဝေဒနာတွေခံစားရ၊ ၀ဲတွေပေါက်၊ ရောဂါဝေဒနာရော …အဲလိုမျိုးတွေ ခံစားရပြီး မှသတ်ပြစ် တာမျိုး ကို မခံနိုင်ဘူး။ လူတယောက်ရဲ့ ခံစားမှုထက်ကျော်လွန်ပြီး ခံစားလို့မ ရဘူးပေါ့ အမေ တယောက်အနေနဲ့။

ထောက်လှမ်းရေးလို့ စွပ်စွဲမယ်ဆိုရင် ဟုတ်နိုင် မဟုတ်နိုင် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဘဲနဲ့ လုပ်ရသ လား၊ ထောက်လှမ်းရေးတယောက်ဖြစ်ဖို့ ဆိုတာ လွယ်တာမှမဟုတ်တာ၊ အန်တီတို့သားက လုံးဝ ထောက် လှမ်းရေး မဟုတ်ကြောင်း အန်တီကိုယ်တိုင် အသက်နဲ့ လဲပြီး အာမခံတယ်။ တာဝန်ယူတယ်။ သူတို့ရော ထောက်လှမ်း ရေးလို့ စွပ်စွဲပြီး လုပ်ခဲ့တဲ့အပေါ်မှာ ဘယ်လို တာဝန်ယူမလဲ။

ထောက်လှမ်းရေးလို့ ၀န်ခံခိုင်းခဲ့တာကလည်း ဘယ်လိုနှက်စက်ခဲ့သလဲ …နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တဲ့ အဆုံး ၀န်ခံကြမှာပဲ ၊မတရားနှိပ်စက် ငြင်းပမ်းတာကို ခံလိုက်ရလို့သာ ၀န်ခံခဲ့ကြတာလေ။ အဲဒါကို အမှန်လို့ ယူဆလို့ မဖြစ်ဘူးဆိုတာသူတို့ သိရမှာပေါ့။

အမေတို့ သိနေတာပဲ မြောက်ပိုင်း ကျောင်းသားတွေလည်း ညှင်းပန်းနှိပ်စက်ခံရတယ်၊ သူတို့လည်း ကိုယ့်အ သားနာလွန်းလို့ မခံနိုင်ဘူး ပြောမိပြောရာ ပြောကြတာပဲ။ အဲဒီသဘောတွေ။ နောက်အန်တီက ဒီရက် ပိုင်းတွေ မှာ တအားခံစားလိုက်ရတယ် သား ဒီလိုဆုံးတာ ပြီးတော့ ဂျာနယ်တွေမှာလည်း မိုးသီးဇွန် တို့က ဋ္ဌေးနိုင်နဲ့ ပတ်သက်ပြီး လုပ်ကြံပြောကြတာနဲ့ပတ်သက်ပြီး ခံစားရတယ်။

ဖြစ်နိုင်ရင် မိုးသီးဇွန်ကို မေးချင်တယ် မျက်နှာချင်းဆိုင်ပြီး လက်ညှိုးထိုးပြီးတော့ပေါ့။ ငါ့သားကို ငါက ထောက် လှမ်းရေး မဟုတ်ကြောင်း တာဝန်ခံတယ် တာဝန်ယူတယ် နင်ကရော ဘယ်လို တာဝန်ယူ သလဲပေါ့၊ မေးလိုက် ချင်တယ်။ လက်ညှိုးထိုးပြီးတော့ပေါ့။ တကယ့်လို မေးချင်ပါတယ်။

(၃)ဋ္ဌေးတင့်(ဋ္ဌေးနိုင်ရဲ့အကို)

(ကိုဋ္ဌေးတင့်က ပြည်ပ နိုင်ငံတခုမှာ နေထိုင်နေတဲ့ သူဖြစ်ပါတယ်။ အဲဒါကြောင့် ကိုဋ္ဌေးတင့်ကိုတော့ face to face အင်တာဗျူးခွင့်မရခဲ့ပါဘူး။ ကျမ မေးချင်တဲ့ မေးခွန်းတွေကို Facebook ရဲ့ message ကနေတဆင့် ရေး သားပေးပို့ပြီး မေးမြန်းခဲ့ပါတယ်)

၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံ International Care မဟာချိုင်ဒေသ မှာလုပ်စဉ်က ဖုန်းအလကားရလို့ တကြိမ်ဆက် ဖူးပါတယ်။ အဖေလေဖြတ်နေတဲ့ ကာလဆိုတော့ ဌေးနိုင် ကို ပျောက်နေတယ် လို့ပြောခဲ့ ပါတယ် ။ တကယ်လည်း သူ့ရဲ့ သတင်းက စုံစမ်းလို့ မရလောက်အောင်ကို ပျောက်နေခဲ့တာပါ။ ဒါနဲ့ ၂၀၀၅ နယ်သာလန်ကို ရောက် တော့ သမိုင်းချည်စက်က လုံခြုံရေးမှုး ဦးကျော်ခင်သား ကိုကျော်လွင်စိုးက တဆင့် ပြောင်းသွားတဲ့ အိမ်ကို ဆက် သွယ်ပေးလို့  အမေတို့ နဲ့  အဆက်အသွယ်ပြန်ရပါတယ်။အဲဒီတုန်း ကလည်း သေသေချာချာ မပြောဖြစ်ခဲ့ဘူး။

ကိုကျော်လွင်စိုးဆိုတာ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တိုက်ပွဲတခုမှာ ကျည်ဖူးက ပုခုံးညှပ်ရိုးက ဝင်သွားပြီး လည်ပင်ရိုးအားရုံကြောဘေးမှာ ကပ်နေလို့  လက်တဖက် မသန်တော့တဲ့ လှိုင်မြို့ နယ်က ၈၈ ကျောင်းသား တယောက်ပါ။

ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေ ကျွန်တော့ကို ကိုဌေးနိုင်ရဲ့ တောတွင်းသမိုင်း လုပ်ကြံ ဇတ် လမ်းပေါင်းစုံ ပြန်ပြော ကြပါတယ် ။ ကိုဌေးနိုင် ကောင်းတာလုပ်ခဲ့တာ တခုမှ မရှိပါဖူး ။ နိုင်ငံတကာရောက် အချို့တပ်ဖွဲ့ ဝင်တွေ အားလုံးက ကိုဌေးနိုင်လို လူတွေသေတာက ကောင်းတယ်ဆိုပြီး ဝါဒဖြန့် ချီနေ ခဲ့ကြပါတယ် ။ ကျနော်နားမလည် ခဲ့ဖူး။ ၂၀၁၂ ရောက်မှ ကျနော်တို့ ညီအကို ၂ ယောက်ကို ယုတ်မာ ပက်စက် တဲ့ အုပ်စုကြီးက အကောက်ကြံခဲ့ တာသိရတယ်။

တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးချိတ်တို့ကို နမူနာယူပြီး အသက်စွန့်ဖို့ သွားတဲ့ မြန်မာပြည် ထဲက ၈၈ ကျောင်းသား မိသားစုတွေရဲ့ အတွင်းပီတိ စိတ်ခွန်အားတွေကို ကို မဖျက်စီး ချင်ဖူးလေ ။ ဒီအတွင်းမှာ နောက်ဆုံး မိုးသီးဇွန် ဘန်ကောက်ရုံးမှာ တာဝန်ယူတယ်ပြောခဲ့တဲ့ ကိုကိုဦး ( အထွေထွေ အတွင်းရေးမှုး ) နဲ့ကို သန်းဝင်း ( အတွင်းရေးမှုး ) ကို အမေရိကန်မှာ လိုက်လံစုံစမ်း နေရင်း ၁၀ နှစ်လောက် အချိန်ယူရတယ် ။ ။

အမေ့ကိုတော့ တောထဲမှာ သေဆုံးပြီ ။လူမှားပြီး အသတ်ခံရတယ် ။ မြောင်းထဲရောက်သွားပြီလို့ အဖြေပေး ခဲ့ ပါတယ် ။မိဘ မောင်နှမတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ သူတွေဆိုတဲ့ပီတိ စိတ်ခွန် အား မျှော်လင့်ချက်ကို အဲဒီတုံးက မပျက်စီးစေချင်ဖူး ။

အဲဒီကိစ္စကို ပြန်ပြောရရင်တော့ ၁၉၉၂ ရောက်တော့ ဗိုလိချုပ်မြ အမျိုးလို့ ပြောတဲ့ ကိုတော်မီ ကိုစမစ် ဆီမှာ သင်ကြားလာခဲ့တဲ့ ရွေရည်စိမ် ခါးပတ်ခေါင်း ကြယ်သီး နားဆွဲ ထုတ်လုပ်တဲ့ ပညာကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်နေပါပြီ ။ချွန်ဖုံး စခန်းပျက်ပြီး ဒုက္ခရောက်လာတဲ့ ဘန်ကောက် မြန်မာကျောင်းသား အစုလေးကို အကူ အညီပေး နေတဲ့ ချင်းမိုင်သူ ဖီးလတ်ဆိုသူရဲ့ ရာဘာရောင်စုံ ဖိနပ်လုပ်ငန်းက ရှုံးသွား ပါတယ် ။ မြန်မာ အလုပ် သမားတွေနဲ့  ကျောင်းသားတွေ ကစင့်ကလျှား ဖြစ်မှာစိုးလို့  ခဲကြို ပြီး ပစ္စည်း အချော ထုတ်တဲ့စက်တွေ အကြွေးနဲ့ ဝယ်ပေးပြီး စက်ရုံဆောက် ဈေးကွက်ရှာ နေပါတယ် ။

လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ စက်ရုံအသစ်တည်တယ် ဆိုတော့ အင်မ တန် ခက်ခဲ့ပါတယ်။ နေ့ရော ညရော မအိပ်ရပါဖူး တရက်က ကျွန်တော် စက်ရုံထွက်ပစ္စည်းတွေ သွားပို့ပြီး အပြန် အနူစာဝါရီ အဝိုင်းဘေးက မလေးရှား ဒန်ပေါက်ဆိုင်မှာ ကိုကျော်ကျော်(မြောက်ပိုင်းကိုယ်စားလှယ်) ကို NCGUB က ဝန်ကြီးတယောက်နဲ့တွေ့လို့ စကားစမြည်ပြောဖြစ်ခဲ့ကြသေးတယ် ။ နောက်သိပ် မကြာပါဖူး ။ သူငယ်ချင်း တယောက်က လာပြောပါတယ် ။ ကိုဌေးနိုင် အဖမ်းခံနေရပြီတဲ့ ။

ကျနော့်နားကို ကျွန်တော် မယုံနိုင်အောင်ဖြစ်သွားတယ်။ ဌေးနိုင် ပင်လယ်ပြင် စစ်ဆင်ရေးက အပြန် ဘန် ကောက်ကို လာတော့ ကျွန်တော်က တရုပ် စက်ရုံမှာ မန်နေဂျာ လုပ်နေတာပါ ။ ကျွန်တော် စုထားတဲ့ ဘတ်ငွေ တွေ အားလုံးပေးလိုက်ပါတယ် ကိုဌေးနိုင်က ကိုကြီး ကျွန်တော်ပြန်ထက်လာခဲ့မယ်။ ထောက် လှမ်းရေး လက်မှတ် အသစ်လုပ်နေတာ မပြီးသေးဖူး ပြီးရင် ဘန်ကောက်မှာ အကိုကြီးနဲ့ အကြာကြီး လာနေမယ်လို့ပြော သွားပါတယ် ။ ဦးစင်ကြယ် ဘန်ကောက်မှာ နေတုံးက ယာယီ ကျောင်းသားတွေ အတွက် အပေါ်ထပ်မှာ ကျွန်တော်ရယ် သန်းဝင်းရယ် မိုးသီးရယ် အတူတူ အိပ်ခဲ့ကြတာပါ ။ မိုးသီးခိုင်း တဲ့ ကျောင်းသား တပ်အတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့ဖူးပါတယ် ။မိုးသီးဇွန်က ရုပ်ရှင်ကြည့်တာ ဝါသနာပါလို့ ရုပ်ရှင်ရုံလိုက်ပို့ပေးခဲ့ ဖူးတယ် ။

သတင်းကြားရတော့ ကျနော်ချက်ခြင်းဘဲ ဘန်ကောက်က ABSDF ရုံး သစ်ကို လိုက်သွားတယ်။ မိုးသီးဇွန် သတင်းပျောက်နေတယ်။ ကိုသန်းဝင်း ကိုကိုဦးတို့နဲ့တွေ့ပါတယ်။ ခဏခဏ သွားမေးပါတယ်။ ကိုကိုဦးက ကိုဌေး နိုင်ကို အစည်းဝေးဆုံးဖြတ်ချက်နဲ့ လွတ်ပေးဖို့ ကြေးနန်းရိုက်လိုက်ပြီတဲ့။ အဲဒီအချိန်က KNU ဘန်ကောက်ရုံးကို ဖုန်းဆက်ပြီး ပြောရပါတယ် ။ KNU အစီအစဉ်နဲ့  ကျောင်းသားတပ် ကို ကြေးနန်းပို့ ရ ပါတယ် ။ ကျွန်တော်ရှေ့ မှာ ကိုကိုဦးက KNU ကို ဖုန်းဆက်ပြီးကြေးနန်း ရောက်မရောက် ကျွန်တော်ရှေ့ မှာ ဖုန်းဆက်ပြီး မေးပြပါတယ် ။

ကျနော်တို့စုပေါင်းတည်ဆောက်ခဲ့တဲ့ ကျောင်းသားတပ်မတော်ကို ကျွန်တော်တို့မှ မယုံကြည်ရင် ဘယ်သူ ယုံကြ မလဲဗျာ။ နောက်မှ သိရတာက ဝင်းနိုင်ဦး ( ရင်မောင် BBC ) က ကြေးနန်းကို ဆက်သွယ်ရေး တပ်စုဆီ မရောက်အောင် ဖြတ်ပြီး ယူသွားတယ်တဲ့ ။ အဲဒီအချိန်မှာ မိုးသီးဇွန်နဲ့ ကျောင်းသားအချို့ ကို ဗိုလ်ချုပ်မြ အမိန့်နဲ့ ဖမ်းထားပြီလေ။ ကရင်ဌါနချုပ်က အောက်ခြေ ကျောင်းသားတပ်ဖွဲ့ တွေ မိုးသီးဇွန် အ ဖမ်းခံရတာ ဘယ်အချိန်မှာ ဘယ်လိုလွတ်ခဲ့တယ်ဆိုတာမသိကြပါဖူး။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်