Friday, October 19, 2012

လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပ (သတင်းအပြည့်အစုံ)

Posted by drmyochit Friday, October 19, 2012, under | No comments


နှစ်ရက်ကြာ ကျင်းပမည့် ‘လက်ပန်တောင်းတောင် စီမံကိန်း ရပ်စဲရေး ပြည်သူ့ညီလာခံ’ကို ဆားလင်းကြီးမြို့ နယ်၊ ဆည်တည်းကျေးရွာတွင် ကြာသပတေးနေ့ မနက်ပိုင်းကစတင်ကျင်းပခဲ့သည်။

အနယ်နယ် အရပ်ရပ်မှ သံဃာတော်များ၊ ကျောင်းသားများ၊ တိုင်းရင်သားများ၊ ကဗျာဆရာများနှင့် ဒေသခံ ရွာသူ၊ ရွာသားများ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြကြောင်းဆည်တည်း ဘုန်းကြီးကျောင်းမှ ဦးပဉ္ဇင်း ဦးနန္ဒာစာရ က မိန့်ကြားသည်။

“အဓိကတော့ လက်ပန်တောင်းတောင် စီမံကိန်းရပ်စဲရေး ဆိုပြီး အဆိုတင်ပြီးအားလုံးက ထောက်ခံပြီး ဆုံးဖြတ်ကြတယ်။ ဒီကိစ္စဟာ သူပိုင်ငါပိုင် အငြင်းပွားမှု ဖြစ်နေတယ်။နိုင်ငံတော် သီချင်းနဲ့ သာဓက ထောက်ပြ ဆုံးဖြတ်တယ်။ ‘ဒါဒို့ပြေ ဒါဒို့မြေ’ ဆိုပြီးဆုံးဖြတ်တယ်။ ဒီမြေဟာ ပြည်သူလူထု ပိုင်တယ် ဆိုတဲ့ အကြောင်း သံဃာတော်တွေရဲ့ ကိုယ်စား၊ ပြည်သူတွေရဲ့ကိုယ်စား ဆရာတော်တပါးက အဆို တင်သွင်း တယ်။
လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ၊ ကချင်စစ်ရပ်ဆိုင်းရေး၊ ရခိုင်အရေးကိစ္စတွေပါတယ်” ဟု မဇ္ဈိမကို မိန့်ကြား သည်။ဆည်းတည်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မြောက်ဘက်ရှိ ကွင်ပြင်တွင် ‘လက်ပန် တောင်းတောင် စီမံကိန်း လုံးဝရပ်စဲရေး’ တိုက်ပွဲဝင် အလံများ လွှင့်ထူကာပရိတ်သတ်အင်အား ငါးထောင် ကျော် တက်ရောက် အားပေးခဲ့ကြကြောင်း မုံရွာခရိုင်ဗကသ ခေါင်းဆောင်တဦး ဖြစ်သည့် ကိုနွေဦးကို က ဆိုသည်။

“အလံက အောက်ခံ အနီရောင်။ ထောင့်က စက်ဝိုင်းထဲမှာ အင်္ဂလိပ် အက္ခရာ Y ပုံသဏ္ဍာန်က ချင်းတွင်းမြစ် နဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာ။ ချင်းတွင်းမြစ် လတ်တလော ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းနေ ရလို့။ Y ရဲ့ ဘယ်ဘက် ထိပ်မှာ ကြယ်အဖြူ တပ်ထားတယ်။
အဝိုင်းကတော့ အမဲရောင်။ လက်ပန်တောင်းတောင် စီမံကိန်း လုံးဝရပ်စဲရေး ကိုယ်စားပြုတဲ့အလံ။ မရပ်မ ချင်း တိုက်ပွဲဝင်သွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

မန္တလေး လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့မှ သံဃာတော်များ၊ ၅ နှစ်ပြည့် ရွှေဝါရောင် ဖြစ်မြောက်ရေး ကော်မတီ မှမြဝတီ မင်းကြီး ကျောင်းဆရာတော်၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့် ရန်ကုန်မှ သံဃာတော် များ ကြွရောက်ခဲ့ကြသလို မုံရွာမြို့ခံ ကဗျာဆရာကြီး (ဦး)အံ့မောင်၊ ဓနထွန်း တို့က ကဗျာများ
ရွတ်ဆိုခဲ့ကြသည်။ 

စီမံကိန်းကြောင့် နယ်မြေသူ၊ နယ်မြေသားများ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်း၊ ဓါတုစွန့်ပစ်ပစ္စည်းများကြောင့် နောင်တွင် လက်ပန်တောင်းတောင်၊ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ် အပါအဝင် တနိုင်ငံလုံး ထိခိုက်မှာဖြစ်ကြောင်း ဦးနန္ဒာစာရ က မိန့်ဆိုသည်။

ထို့ပြင် လယ်တီဆရာတော်ဘုရားကြီး တရားကျင့်ခဲ့ရာ တောရကျောင်း ပရဝုဏ်လည်း အဆိုပါ ကြေးနီ စီမံကိန်း အတွင်း ပါဝင်နေပြီး ဖြိုဖျက် ရှင်းလင်းမည်ကို စိုးရိမ် ပူပန်လျက်ရှိကြောင်း “ဖြိုချတော့မယ့် ပုံစံ လှိုဏ်တွေ လုပ်ထားပြီ၊ မဖြိုသေးဘူး”ဟု မိန့်ကြားသည်။

သမ္မတ သို့ လိပ်မူကာ ‘ပထမ လယ်တီဆရာတော် ဘုရားကြီး၏ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများ ကွယ်ပျောက် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက် ပေးပါရန်မေတ္တာရပ်ခံချက်’ ကို လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြောင်း သိရသည်။

“ပထမ လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်၊ ဓါတုသစ္စဒီပနီ၊ နိရုတ္တိဒီပနီ၊သမ္မာဒိဌိဒီပနီ၊ ကမ္မဌာ နဒီပနီ စသည်စသည်များကို ရေးသားတော်မူခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင်ခြေရှိ လယ်တီတောရကျောင်းအား ယခုအခါ မြန်မာဝမ်ပေါင် ကြေးနီ သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့်မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့က သတ္တုဖော်ရန်အတွက် မြေတူး စက်ဖြင့် ဖြိုချဖျက်ဆီးမည့် အရေးနှင့် ကြုံတွေ့နေရကြောင်း” သံဃာတော်များ၏ မေတ္တာရပ် ခံချက် တွင်ဖော်ပြ ပါရှိသည်။

အဆိုပါ စီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့်ကြေးစင်တောင် နှစ်ခု သည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင် ကိုလည်း ယင်းတောင်များကဲ့သို့ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများနှင့် ယနေ့အစည်း အဝေး တက်ရောက်လာသူများက စိုးရိမ်လျက် ရှိကြသည်။

၁၉၉၆-၉၈ မျိုးဆက် ကျောင်းသားများကလည်း “လက်ပန်တောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်း သည် အမှားတခုအဖြစ် သမိုင်းတွင်မကျန်ရစ်စေရန် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယခုအချိန် သည် အချိန် အခါကောင်းပင် ဖြစ်ပါသည်။

ထိုသို့ဖြစ်နိုင်ရန် ဒေသခံနိုင်ငံသားများနှင့် တရားမျှတသော ဆွေးနွေးပွဲများ အမြန်ဆုံးပြန်လည်စတင်သင့်ပြီး ပြည်သူများ ၏အသံကိုပါ နားထောင်သင့်ပါသည်” ဟုသဘောထား ထုတ်ပြန်လိုက်သည်။

ထိုစီမံကိန်း ရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရအနေဖြင့်လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်း စားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆို ထားသည်။

စီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ်လုပ်ဆောင်ကြပြီး အဆိုပါ စီမံကိန်းကြောင့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော် အသိမ်းခံလိုက်ရသည့်အတွက် တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာစက်တင်ဘာလအထိ ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်