Wednesday, November 14, 2012

အသုံးမကျ (၂) နှစ် ~ ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၂ နိုဝင်ဘာထိ ဘာမှတိုးတက်အောင် လုပ်နိုင်ခြင်းမရှိသော ဒေါ်အောင်ဆန်းစုကြည် (အပိုင်း - ၁)

Posted by drmyochit Wednesday, November 14, 2012, under | No comments


ယနေ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးတစ်ယောက် တစုံတရာ ထိန်းချုပ်မှု လုံးဝမရှိပဲ နိုင်ငံရေး လောကတွင်း  လွတ်လွတ် လပ်လပ်ဖြင့် ရှိသမျှ ပညာကုန်၊ အရည်အချင်းကုန် ထုတ်သုံးကာ ကြိုးစားခဲ့မှု (၂) နှစ် တိတိပြည့်သည့်အချိန်ပင်ဖြစ်သည်။ ပြည်တွင်း ထုတ်ဂျာနယ်များ၊ မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့် ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့ အမေ၊ လူထုတစ်ရပ်လုံး ထောက်ခံတဲ့ အမေ၊ မြန်မာတစ်နိုင်ငံ လုံးတွင်အတော်ဆုံး လူသား ဟူ၍ နာမည်မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါက ၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ ပစ်ချသလို တိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ရှိစုမယ့်စု အရည်အချင်းများကို အားကုန်ညှစ် သုံးစွဲခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် လုပ်လို့ တိုးတက်သွားသည့် မြန်မာ့နိုင်ငံရေး ဟူ၍ တစ်ခုမှ မတွေ့ရသလို ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်မှုကြောင့် ကောင်းကျိုးခံစားရသူ မြန်မာပြည်သူ ဟူ၍ ထွက်ပေါ်မလာခဲ့ပေ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းဦးဆောင်သော NLD ပါတီမှာ တိကျ ခိုင်မှာ သည့် မူဝါဒ မရှိခြင်းကြောင့် ရှေ့နောက် စကား မညီခြင်း၊ ပထမ ကြေညာချက်နှင့် ဒုတိယ ကြေညာချက် မူဝါဒ ကွဲမှားခြင်း၊ ပြောထားသည်နှင့် လုပ်ဆောင်မှု ဆန့်ကျင်နေခြင်းများမှာ (၂) နှစ် ဟူသည့် ကာလ အတွင်းမှာပင် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် တွေ့မြင်ခဲ့ရသည်။
မြန်မာနိုင်ငံကို ပြောင်းလဲရန်၊ တပ်မတော် အစိုးရ နှင့် မူဝါဒ များကို ပြောင်းလဲရန် အနှစ် ၂၀ ကျော် ဦးတည်ကြိုးစားကာ ပါးစပ်မှ တဖွဖွ  ဆက်တိုက် ရေရွတ်နေသော်လည်း တပ်မတော် နှင့် အစိုးရ အဖွဲ့ ၏ အစီအစဉ် နှင့် လုပ်ဆောင်မှုများကို တစ်စုံတစ်ခုမျှ ဟန့်တားနိုင်ခြင်း မရှိပဲ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် အတိုက်အခံ အဖွဲ့အစည်းများကိုသာ အစိုးရ မှ (၂) နှစ် အတွင်း အမျိုးမျိုး ပြောင်းလဲပေးခဲ့၊ လုပ်ချင်တိုင်းလုပ်ခဲ့သည်ကိုတွေ့မြင်ခဲ့ရသည်။
လွန်ခဲ့သည့် (၂) နှစ် အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနှစ် (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲအား မြန်မာလူထုမှ စိတ်ဝင်စားကာ မဲပေးဖို့ စဉ်းစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ "အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်၊ မဲပေးစရာ NLD ပါတီ မရှိရင် မပေးနဲ့ပေါ့" ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ ဦးဝင်းတင်ကလည်း ၂၀၀၈ အခြေခံဥပဒေ နွားတင်းကုတ် ဟုလည်းကောင်း၊ ရွေးကောက်ပွဲဝင် ပါတီများကို နွား ဟူ၍လည်းကောင်း ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် (၂) နှစ်အတွင်း ချက်ချင်းပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ NLD ပါတီကို မှတ်ပုံတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒပြခိုင်း သည့် ဒေါ်အောင်ဆန်းစုကြည်မှလည်း ၎င်း အား မဲပေးရန် မိတ်ကပ်အဖွေးသားဖြင့် NLD ပါတီနှင့် လားလားမျှ မသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအား ဖော်ပြကာ မဲဆွယ်ခဲ့သည့် မျက်နှာကို (၂) နှစ် အတွင်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့၏ အစီအစဉ် အရ NLD ပါတီကို ၎င်းတို့ ရေးစွဲထားသော လမ်းပြမြေပုံအတွင်း တနေ့ မဟုတ် တနေ့ အလိုလိုရောက်လာစေရန် စီစဉ်ခဲ့ရာ ရည်မှန်းထားသည့်အတိုင်းပင် လမ်းပြမြေပုံ ၇ ချက်အား တစ်ချက်ခြင်း ကန့်ကွက်ခဲ့သူ NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံအားလုံး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ ပြည်ပမှ နာမည်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံမှာ အစိုးရ က မဖျက်ခိုင်းပဲ ၎င်းတို့သဘောနှင့်ပင် ဖျက်လိုက်ရသည်။ အချို့ ပြည်ပ နာမည်ကြီး အတိုက်အခံများမှာ မြန်မာနိုင်ငံတွင် ကြာကြာနေချင်ကြ၊ ပါတီပင်ထောင်ကာ ရွေးကောက်ပွဲ ဝင်လိုကြသော်လည်း နိုင်ငံတွင်းတွင် အချိန်ကြာကြာနေခွင့်မရသဖြင့် လိမ်ဖယ်လိမ်ဖယ်ဖြစ်ကာ ပြန်သွားခဲ့ကြရသည်။ ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တွင် ပဝါရှေ့ချကာ ပေကြောင်ပေကြောင် မတ်တတ်ရပ်ပေးနေရသော ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်ဦး ဦးနေဝင်း နှင့် ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။ 
ရွေးကောက်ပွဲဝင်ကာ လွှတ်တော်အမတ်လုပ်မည့် အတူတူ ၁၉၉၃ ညောင်နှစ်ပင် အမျိုးသား ညီလာခံကတည်းက ဦးသန်းရွှေ၏ ဆန္ဒကိုလိုက်လျှောလိုက်လျှင် ယခုကဲ့သို NLD ပါတီလည်း မျိုးဆက် တစ်ခုစာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပေ။ ယခုတော့ အမျိုးသားညီလာခံကိုကန့်ကွက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း အမှားခြစ်ခဲ့ပြီးမှ လွှတ်တော်ထဲမှာ မတ်တတ်ရပ်နေရပြန်သည်။
လွန်ခဲ့သည့် (၂) နှစ်က ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းအား ဘူးသီး ပေးခဲ့ခြင်းကြောင့် ဘူးမဏပ်မှာ ဘူးသီးကြော်ကျွေးပြီး ဘူးသံချပ်ပြိုင်ကာ ရွေးကောက်ပွဲ ကို မဝင်ဘူး.. မဝင်ဘူး.. ဟု အော်ခဲ့သူများ အတွက်တော့ (၂) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့ပေ။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးရှေ့တွေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတစ်ခု စပြောခဲ့ရာ အချိန် နာရီဝက်ခန့်ကြာသော်လည်း အနှစ်သာရ ဘာတစ်ခုမှ မပါခဲ့ပေ။ မိန့်ခွန်းတွင် သူမနေဖြင့် နေ့စဉ် BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို နားထောင်ခဲ့ကြောင်း၊ ဖုန်းကိုင်ဆောင်သူ အများအပြားတွေ့ရသဖြင့် ဆက်သွယ်ရေးဖက်တွင် များစွာ တိုးတက်လာကြောင်း၊ ပြည်သူတွေပြောသမျှ ထိုင်နားထောင်မည့်အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည့် အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်း၊ သူမ၏ နေအိမ်တွင် သူမအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သော တပ်မတော်သားများကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်းအား နိုင်ငံရေးအကဲခက်များမှ အထူးသတိထားမိကာ ဝေဖန်မှုများ ဆူညံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို အချိန်ပြည့်နားထောင်သူ တစ်ဦးသည် ၎င်း အသံလွှင့်ဌာနများ၏ ရည်ရွယ်ချက်နောက်သို့လိုက်ကာ တဖက်စွန်းရောက်ခြင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံတို့အား အထင်ကြီးခြင်း တို့ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲကျင်းပအပြီး တစ်ပတ် အကြာဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့ ရေး ဟူသည့် လက်နက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလောကတွင်းတွင် ဘာမျှ လုပ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် (၂) နှစ် တာကာလတွင်း မည်သည့် အမျိုးသားရင်ကြားစေ့ရေးကို မျှ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။
ထို့နောက့် လူထုအသံနား ထောင်မည်ဟု ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် VOA, RFA မှ မေးခွန်းများဖြေကြားခြင်း အစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ရင်း အချိန်ဖြုန်းခဲ့သော်လည်း နောက်ပိုင်းတွင်း မေးခွန်းများ ခက်ခဲလာခြင်းကြောင့် ၎င်းအစီအစဉ်အား ရပ်နားခဲ့ရသည်။ ပြည်သူ့ အသံနားထောင်ပါမည်၊ မေးသမျှဖြေပါ့မယ် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်  လပိုင်းအတွင်း ရှေ့နောက်မညီမှုများကို တွေ့လာရသည်။  အထင်ရှားအမြင် သာဆုံးတစ်ခုမှ မည်သူ့ကိုမဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ပြောဆိုပြီး မကြာမီတွင် ဦးမင်းဆွေ မှ တွေ့ခွင့်တောင်းခဲ့ရာ တွေ့ခွင့် မရပေးခဲ့ပေ။
 ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အား တကယ့် တန်ခိုးရှင်တစ်ဦး၊ ဒုတိယဘုရားသခင် တစ်ဦးအဖြစ် လူတစ်စုက ယုံကြည်နေလျှက်ပင် ရှိနေခဲ့သည်။ ၎င်းကို အထင်ကြီးမြှောက်စားသူများ၏ ကြားတွင် နေချိန်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် ၎င်းကိုယ်တိုင်လည်း ထိုသို့ထင်လာခဲ့သည်။  ယောင်္ကျားစည်း ၊ မိန်းမစည်း မစောင့်တော့ပဲ ယောင်္ကျားများကို ကြမ်းပြင်ထိုင်ခိုင်းခြင်း၊ ကန်တော့ခိုင်းခြင်း၊ ဘုန်းကြီးများမှ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကန်တော့ခြင်းအား မတားမြစ်ခြင်း တို့ကို တွေ့မြင်လာရသည်။ ယခင်တုန်းကလည်း သီလရှင်လေးများကို ကြမ်းပြင်တွင်ထိုင်ခိုင်း၍ ဒေါ်အောင်ဆန်းစုကြည်မှ ကောဇောပေါ်ထိုင်ကာ စကားပြောခဲ့ဖူးသည်။ စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်၍ နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခဲ့ကာ ဧပြီလတွင် သမ္မတရွေးချယ်ခြင်း၊ လွှတ်တော်အမတ်များ ခေါ်ယူခြင်းများ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာလ မှ ဧပြီလထိ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလတွင် နိုင်ငံတော်ကြီးအား ၅ နှစ်တာ အုပ်ချုပ်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်ဖို့ လွှတ်တော်အမတ်များ အလုပ်ရှုတ်နေချိန်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ သင်္ကြန်တွင်း သာသနဘောင် ဝင်နေချိန်တွင် အသက် ၆၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ သင်္ကြန်မှာ ရေကစားကာအချိန်ဖြုန်းခဲ့သည်။ 
သမ္မတလုပ်ကာ နိုင်ငံကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်  ၂၀၁၁ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော မလေးရှား NLD-LA အား မလေးရှား လဝက မှ ဝင်ရောက်ဆီးနင်းခြင်း ကိစ္စ၊ မလေးရား NLD-LA မှ မှတ်ပုံတင်အတု လုပ်ဆောင်မှု ကိစ္စများကို ဝင်ရောက်ဖြေရှင်း တစ်စုံတရာ မရှိသလို၊ မလေးရှားရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အတိုက်အခံများက NLD-LA ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း ယခုချိန်ထိပင် မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေခဲ့သည်။
မည်သူနှင့်မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ပထမ အကြိမ်တွေ့ဆုံချိန်မှာပင် မျက်နှာအမူအရာ မှာ မသာမယာ သိသိသာသာ ဆိုးဆိုးရွားရွားဖြစ်နေသဖြင့် လူအများ၏ ဝေဖန်ခြင်းကို ထိုအချိန်က ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ၎င်းတို့၏ မူလ အစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပန်းလျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံးဝ တားမြစ်၊ ကန့်သတ်နိုင်စွမ်း မရှိခဲ့ခြေ။    ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်မှုကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဘာမှ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့ မောင်နှမ နှစ်ယောက်တို့ အချင်းချင်းအပြန်အလှန် တရားစွဲဆိုခြင်းများကို လုပ်ဆောင်ခြင်းကြောင့် လူထုက စိတ်ပျက်ခဲ့ရသည်။ မိဘ အမွေဖြစ်သော အိမ်တစ်အိမ်အား ကျန်ရှိသူ မောင်နှမ နှစ်ယောက်မှ အညီအမျှ အတူ ရယူကြရမည်ဖြစ်သော်လည်း အငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစ်ကိုဖြစ်သူအား ခွဲမပေးလိုပဲ တစ်ဦးတည်း အပိုင်စီးလိုခြင်းကြောင့် တရားစွဲခဲ့သည်။ နေအိမ်တလုံးအတွက် အစ်ကိုအရင်းဖြစ်သူကိုပင် တရားစွဲခဲ့သော ပစ္စည်းဥစ္စာမက်မောသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ သမ္မတလုပ်မည်ဟု ပင် ကြွေးကြော်ထားပြန်သည်။   ဒေါ်အောင်ဆန်းစုကြည် မှ အချင်းချင်းစည်းလုံးဖို့၊ ရန်မဖြစ်ဖို့၊ ညီညွတ်ဖို့၊ ရင်ကြားစေ့ဖို့ ပါးစပ်ကသာ ပြောဆိုလျှက်ရှိပြီး ၎င်း ကိုယ်တိုင်မှာ မောင်နှမအရင်း အချင်းချင်းကိုယ်ပင် မျက်နှာချင်းမဆိုင်နိုင် ပဲ တရားစွဲနေခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ ရှေ့နောက် မညီခြင်ကြောင်း၊ ပြောနှင့်လုပ်တာ တခြားဆီဖြစ်နေကြောင်း၊ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုသည့် လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားစေခဲ့သည်။


  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်