Friday, November 30, 2012

သာသနာ့ဝန်ထမ်းဟာ သာသနာ့အရေးထက် ဘယ်အရေးကိုမှ ဦးစားပေးလို့ မရဘူး

Posted by drmyochit Friday, November 30, 2012, under | No comments


ခေါင်းထဲမှာ စဉ်းစားမိတာတွေကို ဘုန်းကြီးစာချ လုပ်သလို ဖြစ်မှာစိုးရိမ်လို့ ထပ်ခါ ထပ်ခါ စဉ်း စားပြီးမှ ရေး ချလိုက်တာပါ။ ကျွန်မ မိရိုးဖလာ ဗုဒ္ဓဘာသာ တစ်ယောက်ဘဝကို စွန့်လွှတ်ပြီး ထေရ ဝါဒဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်လာတာ အချိန် ကာလအားဖြင့် တိုင်းတာမယ်ဆိုရင် ၄နှစ်တာ အတိုင်းအတာ ကို ရောက်ရှိ ခဲ့ပါပြီ။ ဒီလို ရောက်ရှိခဲ့တာက သံဃာတို့ရဲ့ ကျေးဇူးတရားကြောင့်ပါ။
ငယ်စဉ်တည်းက မိဘတွေ ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် တိုက်အုပ် ဆရာေ တာ် အရှင်တိလောကဘိဝံသ ကို ဒီအချိန်မှာ သိပ်ကို သတိတရ ရှိမိပြီး ကြည်ညိုစိတ် ပိုပြီး တိုးလာပါ တယ်။ ဆရာတော်ကြီးဟာ နဝတ အစိုးရ လက်ထက်တုန်းက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မှုကြောင့် သင်္ကန်းဝတ် နဲ့ ထောင်ထဲသွင်း သင်္ကန်းကို အတင်းချွတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရဟန်းဝိနည်း အတိုင်းပဲ ထောင်တွင်းမှာ ဆက်လက်နေထိုင် ကျင့်ကြံခဲ့တယ်။
ဒီနေရာမှာ ပြောပြချင်တာက ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ် ဆိုတာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပညတ်ထားခဲ့တဲ့ အတွက် ဝိနည်းအရ မင်းဆိုးဒါယိကာ တွေအပေါ်မှာ ပြုလုပ်ရမယ့် သံဃာ့တာဝန်တစ်ရပ်ပါ။ ဒါပေမဲ့ ဆရာတော်ကြီးဟာ  ထောင်တွင်းကနေ ပြန်လွတ်မြောက်လာချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ ဒါကတော့ သာသနာ့တာဝန်ကိုသာ ထမ်းရွက်တော့မယ်တဲ့။ ဆရာတော်ကြီးသာ အဲဒီ့ကာလက အစိုးရအပေါ်မှာ စိတ်အရှိအတိုင်း ဆက်ဆံမယ်ဆိုရင် ဆရာတော်ကြီးရဲ့ တပည့် အခြားသံဃာတွေအတွက် အခက်အခဲ ဖြစ်ရချည်ရဲ့။ သံဃာ့တာဝန်အမှန်ဟာ ပရိယတ္တိ၊ ပရိပတ္တိ တို့ကို ကျင့်ကြံအားထုတ်ပြီး ပဋိဝေဒ ဆိုတဲ့ ပန်းတိုင်ကို အရောက်သွားဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးဟာ နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်ပတ်သက်မယ်ဆိုရင် သာသနာ့တာဝန်ကို ထမ်းရွက်ဖို့ရန် စွမ်းအားတွေကို ဆုံးရှုံးလိုက်ရမယ်ဆိုပြီး သာသနာတော်ကို ရွေးချယ်ခဲ့ပါတယ်။ သာသနာ့ဝန်ထမ်း သံဃာရှင်မြတ် စင်စစ်ဖြစ်တဲ့ ဆရာတော်ကြီးဟာ ၂၀၀၇ သံဃာအရေးအခင်းမှာ ကျောင်းက သံဃာတွေကို အပြင်မထွက်စေဖို့ကြီးကြပ်တားမြစ်ခဲ့ပါတယ်။
ဆရာတော်ကြီးဟာ လူစွမ်းကောင်း၊သူရဲကောင်း မဟုတ်တဲ့ သာသနာ့အာဇာနည် အရှင်သူမြတ်ကြီးပါ။ ဆရာတော်ကြီး ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ "သာသနာ့ဝန်ထမ်းဟာ သာသနာ့အရေးထက် ဘယ်အရေးကိုမှ ဦးစားပေးလို့ မရဘူး။" တဲ့။ မှန်ပါတယ်... အကယ်၍သာ ဆရာတော်ကြီးဟာ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ဆက်နွယ်ပြီး ထပ်မံအဖမ်းခံ အချုပ်ကျမယ်ဆိုရင် နစ်နာရမယ့်သူဟာ ဆရာတော်ကြီး တစ်ပါးတည်းတင် မကပါဘူး။ ဆရာတော်ကြီးဆီကနေ ပရိယတ္တိ စာပေ လေ့လာသင်ယူ၊ ဆရာတော်ကြီးကို အားကိုးအားထား နေရတဲ့ စာသင်သားသံဃာတွေပါ နစ်နာပါမယ်။ စာသင်သားသံဃာ တစ်ပါး ဆီဟာ နောင်တချိန်မှာ သာသနာ့အာဇာနည် ဖြစ်လာနိုင်တဲ့ ရဟန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ တို့ မြန်မာနိုင်ငံရဲ့ အသက် "သာသနာ" အဓွန့်ရှည် တည်တံ့ရေးအတွက် အားလုံးသော ရဟန်း သံဃာတွေဟာ သာသနာ့တာဝန်ကို ဦးစားပေး ထမ်းရွက်ဆောင်ကြဖို့လိုအပ်နေတယ်လို့ကျွန်မမြင်မိပါတယ်။
အစပျိုးခဲ့သလိုပဲ ကျွန်မဟာ ဘုန်းကြီးစာချတာ မဟုတ်ရပါဘူး။ သံဗျင်မင်းသမီးလိုလဲ ပိဋကတ်တော်တွေကို နှံ့စပ်ကျွမ်းကျင်မှု မရှိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ သိထားသမျှ အသိလေးနဲ့ သာသနာတော် အဓွန့်ရှည် တည်တံ့ဖို့အရေး တစ်ထောင့် တစ်နေရာကနေ ပါဝင်စွမ်းဆောင် ချင်မှုကြောင့် ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။ အမှားပါခဲ့သည်ရှိသော် ကျွန်မထက် သာသနာတော်အကြောင်း ပိုမိုသိသော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တိုင်းမှ ဆုံးမနိုင်ပါတယ်။

မေတ္တာဖြင့် -ထိပ်ထား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်