Thursday, December 20, 2012

စတုတ္ထတိုင်မလိုပါ..

Posted by drmyochit Thursday, December 20, 2012, under | No comments

မနေ့က ရှမ်းပြည်ရဲ့ အအေးဒဏ်ကို ရှောင်ဖို့ အဖေနဲ့အမေရောက်လာသည်။ အမေကရေခဲသေတ္တာထဲက ရေကိုမသောက်တတ်။ ရေသန့်ဗူးကြီးထဲက ရေကျပြန်တော့ ရေကမအေးဟု ဆိုပြန်သည်။ သဲရေအိုးထဲက ရေကိုသာ ကြေးဖလားခွက်ဖြင့် တစ်သက်လုံးသောက်လာသူဆိုတော့ ကျနော်က သဲရေအိုးနဲ့ ရေအိုးစင်ကိုဝယ်ပြီး ရေသန့်ဗူးထဲကရေကို ထည့်ထားပေးခဲ့သည်။ အမေက ခုမှရေသောက်လို့ဝတော့တယ် ဟု ဆိုတော့ ကျနော်ကျေနပ်ရပါသည်။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။


ဓာတ်ပုံ- မန္တလေးဂေဇက်

မကျေမနပ်ဖြစ်နေသူက ကျနော့်သားဖြစ်သည်။ ဖေဖေကြည့်ဦး ရေအိုးစင်ကစောင်းနေတယ် တဲ့။ အင်းဟုတ် သလိုလိုပဲ။ ရေအိုးစင်က တိုင်သုံးတိုင်ရှိသည် တြိဂံပုံတန်းသုံးတန်းဖြင့် ဆက်ထားသည်။ ရေအိုးက လုံးလုံးဝိုင်းဝိုင်းပုံ တြိဂံပုံတန်းသုံးတန်းပေါ်တင်ထားတော့ အပေါ်တည့်တည့်ကကြည့်လျင် ညီနေပေမယ့် ဘေးတိုက်ကြည့်တဲ့အခါ မညီတော့ အိုးအလုံးကဘေးသို့ထွက်နေသည် အချိုးမကျ။ စောင်းသလိုလိုမြင်နေရသည်။ ကြည့်ရင်းကြည့်ရင်း ကျနော်ကြည့်မရတော့။ အမေ့ကို ပြောမိသည် အမေ ရေအိုးစင်ကသုံးတိုင်ပဲရှိတော့ အချိုးမညီဘူး ကြည့်ရဆိုးတယ်။ အမေက ဟဲ့ ငါ့တစ်သက် ရေအိုးစင်မှန်သမျှ တိုင်သုံးတိုင်ပဲရှိတယ် အချိုးညီညီ မညီမညီ ရေအိုးတင်လို့ရရင်ပြီးရောပေါ့ တဲ့။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။

မကျေမနပ်ဖြစ်နေတဲ့ကျနော်က ၀ယ်ခဲ့တဲ့ဆိုင်ဆီ ရေအိုးစင်ကိုယူသွားပြီး တိုင်လေးတိုင်ရှိတဲ့ ရေအိုးစင်နဲ့ပြန်လဲဖို့မေးတော့ ရေအိုးစင်လုပ်ရောင်းတဲ့ ကောင်လေးက အာ..ဆရာကလည်း ရေအိုးစင် ဆိုတာသုံးတိုင် ပဲလုပ်ရတာ လေးတိုင်ရှိတဲ့ရေအိုးစင်မရှိဘူးခင်ဗျ ဟု ဖြေသည်။ ဘာဖြစ်လို့သုံး တိုင်ပဲလုပ် ရတာလဲ လေးတိုင်က သုံးတိုင်ထက်ပိုကောင်းတာပေါ့ကွ ပိုပြီးအချိုးကျတယ် ရေအိုးကိုမျှပြီးထမ်းရတော့ သက်တမ်း ပိုရှည်တယ် ဟု ဆရာလုပ်တော့ ကောင်လေးက ကျနော့်အဖိုးလက်ထက်ကတည်းက ရေအိုးစင် လုပ်စား လာတာပါဆရာ ရေအိုးစင်ကို လေးတိုင်လုပ်ရင် ရေအိုးမငြိမ်ဘူးလို့ အဖိုးကပြောဖူးတယ်ဗျ တဲ့။ ကျနော်စိတ်တိုသွားပြီး ငါကအင်ဂျင်နီယာကွ Weight sharing တို့ vector တို့ဆိုတာ မင်းနားလည်လား။ ငါအခု Auto cat နဲ့ ပုံဆွဲပြီးတွက်ပြရမလား လို့ဆိုတော့ ရပါပြီဆရာရယ် အော်တိုရေးတဲ့ကြောင်ကိုလည်း ပုံမဆွဲခိုင်းပါနဲ့ ဆရာကပညာတတ်ပဲ ရတယ်ဆိုရင်ကျနော်လုပ်ပေးပါ့မယ် လို့တောင်းတောင်း ပန်ပန်ပြောတော့ ကျနော်ကျေနပ်သွားပြီး အမေ့ကို ပြန်ပြောပြသည်။ အမေက ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံး လည်းမလွယ်နဲ့တဲ့ငါ့သား တဲ့။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။

လေးတိုင်လုပ်ထားတဲ့ ရေအိုးစင်ပေါ် ရေအိုးတင်ပြီး ကျနော်ကျေနပ်နေမိသည်။ ရေအိုးထဲ ရေထည့်ပြီးတော့ ရေအိုးကမငြိမ်ဟု ကျနော်သံသယဖြစ်၏။ အနည်းငယ်တွန်းကြည့်တော့ ဟုတ်သည်။ တိုင်လေးတိုင် ကမညီလို့ဖြစ်သည်ထင်၏။ သေသေချာချာ စစ်ကြည့်တော့ တိုင်တစ်တိုင်က နည်းနည်းလေးရှည်နေသည်။ ကျန်တဲ့ တိုင်သုံးတိုင်ကို ခုလိုက်တော့ငြိမ်သွားသည်။ သို့သော် ကျနော်ဘ၀င်မကျ ရေအိုးစင်က အခုအခံ တို့ဖြင့် ကြည့်ရဆိုးနေပြန်သည်။ ကောင်လေးဆီကို ယူသွားပြီး ရှည်နေတဲ့တိုင်ကို ပြန်ဖြတ်ခိုင်း၏။ မင်းတို့က လည်း အလုပ်လုပ်တာမသေချာလိုက်တာဟု အပြစ်တင်သံဖြင့်ဆိုတော့ ဆရာရယ် မြန်မာလက် သမားဆိုတာ တစ်မူးတစ်ပဲတော့ လွဲမှာပေါ့ တဲ့။ မဟုတ်ပါဘူးကွာ သူများနိုင်ငံတွေ လေယာဉ်တွေ ဒုံးပျံတွေ လုပ်နေတာ အတိအကျတွေချည့် မိုက်ခရိုမီတာလေးတောင်မလွဲဘူး ဟုပြောမိတော့ ကောင်လေးက ဆရာ ရယ် ကျနော်အဲဒီလောက်တော်ရင်မြန်မာပြည်မှာဘယ်လုပ်မလဲ အဲဒီမှာသွားလုပ်မှာပေါ့ တဲ့။ ရေအိုးစင်ပြန် ယူလာပြီး အမေ့ကို ပြောပြမိပြန်တော့ အမေက သားရယ်သူတို့ကစက်နဲ့လုပ်တာ အမေတို့က လက်နဲ့လုပ် တာ ဘယ်ယှဉ် လို့ရပါ့မလဲ ဟုဆိုသည်။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။

ရေအိုးကိုပြန်တင်သည် ရေဖြည့်ပြီးတော့ ရေအိုးစင်က လှုပ်နေပြန်သည်။ ဟ.ဘယ်လိုဖြစ်ရပြန်ပြီလဲ။ ဖြတ်လိုက် သည့် တိုင်က အနည်းငယ်တိုသွားပြန်ပြီထင်၏။ ကဲဘယ်လိုလုပ်မလဲ မညီလို့ ကျန်တဲ့သုံးတိုင်ကို လိုက်ညှိ ရပြန် လည်း ဖြတ်ရင်းဖြတ်ရင်းနဲ့ ရေအိုးစင်သာပျက်ဖို့ရှိတော့မည်။ တိုနေတဲ့တိုင်ကိုလည်း အခုအခံ တို့ဖြင့် မထားချင်။ စဉ်းစားရင်းစဉ်းစားရင်းဖြင့် ရေအိုးစင်ကို လေးတိုင်လုပ်ရင် ရေအိုးမငြိမ်ဘူးလို့ ကျနော့် အဖိုးကပြောဖူးတယ်ဆိုသည့် လက်သမားကောင်လေး၏စကားကို စဉ်းစားမိသည်။ သုံးတိုင်စင်နဲ့ လေးတိုင်စင် ဘယ်ဟာက ပိုကောင်းလဲ။ ဘယ်စင်က အခြေပိုခိုင်သလဲ။ ဘယ်လိုပဲတွေးတွေး ဘယ်သီအိုရီနဲ့ တွက်တွက် လေးတိုင်စင်က ထိန်းတဲ့တိုင်ပိုများတော့ ပိုကောင်းတာပေါ့ဟုသာ အဖြေထွက်သည်။ သို့သော် သီအို ရီနဲ့ လက်တွေ့ ဘာကြောင့် ကွဲလွဲနေရသနည်း။

အမေကပြောသည် ဟဲ့သုံးချောင်းထောက်ပဲငါတို့သုံးလာတာ မီးဖိုဖိုခုံလောက်လဲ သုံးခုပဲမတွေ့လား။ အဖေ ကတော့ သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။ ပြီးတော့ သားရယ် ရေအိုးစင်ကိုငြိမ်ချင်လို့ ငါတို့ဘိုးဘေးတွေ ကတည်းက သုံးတိုင်ပဲသုံးလာတာ သုံးတိုင်ထောက်ရင် တစ်နဲ့တစ်တိုင် တော်ရုံမညီလည်း ငြိမ်အောင်ထောင်လို့ရတယ်။ လေးတိုင်ဆိုရင် တစ်တိုင်တိုင်က နည်းနည်းလေးမညီတာနဲ့ မငြိမ်တော့ဘူး ဟု စကားနည်းသောအဖေက၀င်ပြော၏။

သြာ် ဟုတ်ပေသားပဲ မှားယွင်းတာက သီအိုရီမှမဟုတ်တာ လေးတိုင်လုံးကို ညီအောင် မညှိနိုင်တဲ့ ကျနော် မညှိတတ်တဲ့ လက်သမားပေပဲ။ တိုင်လေးတိုင်လုံးကို ညီအောင်မညှိနိုင်သရွေ့ သုံးတိုင်ပဲသုံးမှ ရေအိုးငြိမ် မယ့် ပကတိအမှန်တရားကို ကျနော်ဘယ်လိုငြင်းရပါ့။

မြန်မာလက်သမားပဲ တစ်ရွေးတစ်ပဲတော့လွဲမှာပေါ့ ဆိုတဲ့ လက်သမားလေးရဲ့စကား။သူတို့က စက်နဲ့ လုပ်တာ ဆိုတဲ့ အမေ့စကား။လေးတိုင်ဆိုရင် တစ်တိုင်တိုင်က နည်းနည်းလေးမညီတာနဲ့ မငြိမ်တော့ ဘူးဆိုတဲ့ အဖေ့စကား။ရှေးကတည်းက ရေအိုးစင်ကို သုံးတိုင်ပဲလုပ်ခဲ့တဲ့ ဘိုးဘွားတို့ရဲ့ အမြော်အမြင်။

နောက်နေ့ကစပြီး ရေအိုးကို အခုအခံမရှိ ငြိမ်ငြိမ်ရှိစေချင်တဲ့ ကျနော် ရှေးဘိုးဘေးတွေလိုပဲ တိုင်သုံးတိုင်နဲ့ ရေအိုးစင်ကိုပဲ သုံးပါတော့တယ်။

Maung Htet Seein

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်