ထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခန်းကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး ဖက်စပ် လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေးတွဲဖက်ကို ရှာဖွေနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားငွေကြေး အဖွဲ့အစည်းများ အနေနှင့် ကိုယ်စားလှယ် ရုံးခန်းဖွင့် လှစ်ခြင်း၊ ပြည်တွင်းငွေကြေး ၀န်ဆောင်မှု အဖွဲ့အစည်း တစ်ခုနှင့် ပူးတွဲဖက်စပ် လုပ်ကိုင်ခြင်း၊ ပင်မ ဘဏ်၏ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခြင်း စသည့်အဆင့်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
“ပူးတွဲဖက်စပ်လုပ်ကိုင်မယ့် သူကို ရှာရတဲ့အဆင့်က အချိန်ပိုယူမယ့် သဘောရှိပါတယ်။ မြန်မာအစိုးရရဲ့ အတည်ပြု မှုနဲ့ ကျွန်တော်တို့လုပ်ငန်း လည်ပတ်ရမှာပါ။ ဒါပေမယ့် နောက်ငါးနှစ်အတွင်းမှာတော့ တိုးတက် မှုတွေ မြင်ရမှာပါ” ဟု KTB ၏ဥက္ကဋ္ဌ မစ္စတာဗိုရာပက်က ပြောကြားခဲ့သည်။
KTB သည် မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသော ထိုင်းကုမ္ပဏီကြီးများနှင့် နယ်စပ် ဒေသ တွင် လုပ်ကိုင်လျက်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ငွေကြေးအထောက်အပံ့ ပေးရေး လုပ်ငန်း များ လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်အတူ ဖွံ့ဖြိုးလာနိုင်ခြေ မြင့်မားသော လုပ်ငန်း များ ဖြစ်သည်။
ထို့ပြင် ၎င်းတို့က မြန်မာအစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ လွှမ်းမိုးထားသော စီးပွားရေး လုပ်ငန်း များ ကိုလည်း အာရုံစိုက်သွားမည်ဟု သိရသည်။
“နိုင်ငံပိုင်ဘဏ်တစ်ခုအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အာဆီယံယဉ်ကျေးမှုကို ရင်းနှီး ကျွမ်းဝင် မှုမှာ အားသာချက်ရှိနေတော့ စီးပွားရေးဆက်ကြောင်းမှာ အလွယ်တကူ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဗိုရာပက်က ဆက်လက်ပြောကြားသည်။
KTB သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ဘဏ်ဖြစ်ပြီး ဘဏ်၏ ၅၉ ဒသမ ၀၁ ရာခိုင်နှုန်းကို အစိုးရ အေဂျင်စီ များက ပိုင်ဆိုင်သည်။ ရှယ်ယာ ၅၅ ဒသမ ၀၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်မှာ ထိုင်းဗဟိုဘဏ်၏ Financial Institution Development Fund ဖြစ်ပြီး ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
Eleven Media Group
Time in Rangoon

0 comments:
Post a Comment