Friday, December 28, 2012

ရွာမ-တောင်ကုတ်လမ်းခွဲအတွက် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်

Posted by drmyochit Friday, December 28, 2012, under | No comments


ရခိုင်ပြည် တောင်ကုတ်မြို့နယ်တန်းလွဲချောင်းရွာမ စံပြကျေးရွာတွင် ကျေးရွာလူကြီးများနှင့် အပေါင်း
ပါ တစ်ချို့မှ ရွာမ-တောင်ကုတ်လမ်းခွဲကို ပြုပြင်မွမ်းမံရန်အတွက်တစ်အိမ်ထောင်လျှင် ကျပ်ငွေ ငါးထောင် ( ၅၀၀၀) နှုန်းဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်ကတည်းက ခွဲတန်းကျ ကောက်ခံ ရယူခဲ့ရာ အချိန်တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း အဆိုပါ ရွာမ-တောင်ကုတ်လမ်းခွဲကို ယနေ့ အချိန်ထိ ပြီးစီးအောင် လုပ်မပေးဘဲ ငွေကြေးများကိုသာ အလွဲသုံးစား ပြုလုပ်ထားကြကြောင်း သတင်း ရရှိသည်။

" ကုန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရွာမကျေးရွာ ရယက ဥက္ကဌ ဦးထွန်းဝေနဲ့ သူ့ရဲ့ နောက်လိုက် နောက်ပါ တစ်ချို့က ဒီ ရွာမ-တောင်ကုတ်လမ်းခွဲကို ကောင်းမွန်အောင် ပြုပြင် မွမ်းမံမယ် ဆိုပြီး တော့ ကျေးရွာအုပ်စုတွေအတွင်းမှာ တစ်အိမ်ထောင်ကို ကျပ်ငွေ (၅၀၀၀) နှုန်းနဲ့ ကောက်ခံ ယူခဲ့ကြ ပါတယ်။

ဒေသခံတွေကလည်း ဒီလမ်းကောင်းရင် ကောင်းသွားပါစေဆိုပြီးတော့ ငွေကြေးထည့်လိုက်ကြပါတယ်။

ကျနော်တို့ တန်းလွဲချောင်းမှာ ရွာမကျေးရွာ အပါအ၀င် စုစုပေါင်း ကျေးရွာအုပ်စု ရှစ်အုပ်စုရှိပါတယ်။ အိမ်ခြေ စုစုပေါင်းကတော့ ခန့် မှန်းခြေ ငါးထောင် ( ၅၀၀၀ ) ကျော် လောက်ရှိပါတယ်။

ငွေကြေးတွေကို ကောက်ခံပြီးတော့ ဒီခြောက်မိုင် လေးဖာလုံသာ ရှည်လျားတဲ့ ရွာမ-တောင်ကုတ်လမ်းခွဲကို ဖြစ်ဖြစ်မြောက်မြောက် ကောင်းမွန်ပြီးစီးအောင် လုပ်မပေးကြပါဘူး။

ကိုးလက်မ ဆယ်လက်မခန့် ရှိတဲ့ ကျောက်လုံးကြီးတွေကို ဖြစ်သလိုခင်း ဖြစ်သလို ပုံပြီးတော့ လမ်းတံတား ကိုလည်း ပြီးစလွယ် ထိုးထားကြတော့ မလုပ်ခင်ကမှ ပိုကောင်း၊ လုပ်လိုက်တော့ ပိုဆိုးသွားတာကြောင့် ဒေသခံ တွေက မကျေမနပ်ဖြစ်နေကြတာပေါ့ " ဟု တောင်ကုတ်မြို့ နယ် ရွာမကျေးရွာမှ ဒေသခံ တစ်ဦးဖြစ် သည့် ဦးဆန်းဝင်းက အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ရွာမ-တောင်ကုတ်လမ်းခွဲအတွက် လုပ်ငန်းစဉ်ပြီးစီးမှုနဲ့ ငွေပမာဏ ကုန်ကျမှု စရင်းရှင်းတမ်းများကို ရှင်းလင်း ထုတ်ပြန်ကြော်ငြာပေးရန် တန်းလွဲချောင်းဒေသခံပြည်သူလူထုမှ ဥက္ကဌ နှင့် ၄င်း၏ အပေါင်းပါ များကို တောင်းဆို ထားကြသော်လည်း ယနေ့ အချိန်ထိ မည်သည့် စာရင်းဇယားမှ ရှင်းမပေးသည့်အပြင် တစ်စုံ တစ်ရာ တုန့် ပြန်အကြောင်းပြန်ကြားမှုများလည်း မရှိသောကြောင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့် သို့ တိုင်ကြားရန် ပြင်ဆင်နေကြကြောင်းကို ဦးဆန်းဝင်းက ယခုလို ဆက်လက် ပြောဆိုသည်။

" ဒီ လမ်းအတွက် ဥက္ကဌ နှင့် သူ့ အပေါင်းပါတွေ လုပ်ဆောင်ထားတာတွေကို ခန့်မှန်း ခြေတွက်ကြည့် ပါတယ်။ ဒီဇယ်ဆီ၊ ကျောက်၊ သစ်၊ မြေတူးစက် ငှားရမ်းတာနဲ့ လုပ်အားခ အထွေထွေစရိတ်အပါအ၀င် ကုန်ကျ စရိတ်က ကောက်ခံရရှိတဲ့ ငွေပမာဏရဲ့ ထက်ဝက်နီးပါးလောက်သာ ကုန်ကျမယ်လို့ ခန့် မှန်းရပါ တယ်။

လောလောဆဲ ကျနော်တို့ တွေ စာရင်းဇယား၊ ဓာတ်ပုံမှတ်တမ်း နှင့် ဗွီဒီယိုမှတ်တမ်းမှတ်ရာများကို အထောက် အထား ခိုင်ခိုင် လုံလုံနဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို အဆင့်ဆင့်တိုင်ကြားနိုင်အောင် ကြိုးစား စီစဉ် နေကြပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ကလည်း ဒေါက်တာအေးမောင်၊ ကျောက်ဖြူမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စလှယ် ဦးဘရှိန်နဲ့ TG High Way Bus Station 1ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ တောင်ကုတ်မြို့ ပါတီ အမှုဆောင်များက တန်းလွဲချောင်းရွာမမှာ ပါတီမူဝါဒလမ်းစဉ် ရှင်းလင်းပွဲလာလုပ်ကြပါတယ်။ ပါတီ ခေါင်းဆောင်တွေနဲ့လည်း ကျနော်တို့ ဆွေးနွေးတိုင်ပင် အကြံအဥာဏ်ယူခဲ့ကြပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ခေါင်းဆောင်တွေကလည်း ဥပဒေကြောင်းအရ ဆွေးနွေးညှိနှိုင်း ကူညီဖြေရှင်းပေးပါမယ်လို့ ပြောကြားသွားကြပါတယ်။ " ဟု ဦးဆန်းဝင်က ရှင်းလင်းပြောဆိုသည်။

ရွာမ-တောင်ကုတ် ခရီး အရှည်မိုင်မှာ ဆယ့်ငါးမိုင် ( ၁၅) ခန့် ရှည်လျားပြီး ရွာမ-တောင်ကုတ်လမ်းခွဲ ခရီး အရှည်မိုင်မှာ ခြောက်မိုင် လေးဖာလုံသာ ရှည်လျားသည်။

တောင်ကုတ်မြို့ သို့ ကျန် ကိုးမိုင် လေးဖာလုံခန့် မှာ ပြည်ထောင်စု လမ်းမကြီးထဲတွင်ပါရှိပြီး တောင်ကုတ် မြို့နယ် ကင်းတောင်ကျေးရွာအနီး တန်းလွဲချောင်းတံတားနားတွင် တည်ရှိကြောင်း သိရှိရသည်။

Arakan Times သတင်းဌာန 



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်