Friday, December 28, 2012

ဖမ်းဆီးမှုများရပ်ဆိုင်းထားမည်ဟုတရားဝင် ထုတ်ပြန်ထားသော်လည်းထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရဆဲ

Posted by drmyochit Friday, December 28, 2012, under | No comments


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တနင်္သာ
ရီတိုင်း၊ ထားဝယ်မြို့ တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်သမားရေးရာများနှင့် ပတ်သက်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေမှုအား သက်တမ်းတိုးပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ခေတ္တ ရပ်ဆိုင်းထားပေးရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။

ယခုလပိုင်းအတွင်း အလုပ်သမားများမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် ထွက်ပြေး တိမ်းရှောင် နေကြ ရခြင်း တို့ကြောင့် အလုပ်ပုံမှန် မဆင်းနိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းကို ခံနေကြရသူများလည်း ရှိသည်။ 

အလုပ်သမား လက်မှတ်မရှိသည့် အလုပ်သမားများမှာ ထိုင်းပုလိပ်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းများကို ခံနေ ကြရပြီး ပြန်လည် လွတ်မြောက်ရန်အတွက် ငွေများ အဆမတန် ပေးဆောင် နေကြရကြောင်း သိရှိရ သည်။

ထိုင်းအစိုးရအနေဖြင့် ယင်းသို့လာဘ်ပေးလာဘ်ယူ ပြုလုပ်နေမှုများကို စိစစ် ဆောင်ရွက်သင့်ကြောင်း ဖမ်းဆီး ခံရာမှ ငွေပေးပြီး လွတ်မြောက်လာသူ မဲဆောက်ရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြော သည်။

“ကျွန်တော်တို့ကို ဖမ်းသွားတာက အိမ်နားလေးတင်ပါပဲ။ ဘယ်လိုမှပြောလို့မရဘူး။ ဈေးဝယ်သွားတာကို ဖမ်းတာ ပါ။ အခုလိုမျိုး ဖမ်းနေတာဟာ နှစ်ပါတ်လောက်ရှိပါပြီ။ 

ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းနေတာပါပဲ။ အဲဒီမှာ မဲဆောက်က ပုလိပ်တွေက အဆိုး ဆုံးပေါ့။ လူတစ်ယောက်ကို အနည်းဆုံး ဘတ် (၅၀၀) ကနေ (၁၅၀၀၀) ထိ တောင်းတယ်။ မပေး နိုင်ရင် လွှတ်မပေးဘူး။ တရားစွဲပြီး ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာ နေ့တိုင်းလိုပဲ။ 

သူတို့တောင်းတာက ပေးနိုင်လောက်တဲ့ တန်ဘိုးမှမဟုတ်ဘဲ။ ဘယ်လိုပေးနိုင်မှာလဲ။ တစ်ယောက်ကို ဘတ် (၁၀၀၀၀) တောင် တောင်းတာ။ ကျွန်တော်တို့လည်း ပေးစရာ ပိုက်ဆံလည်း မရှိဘူး။ 

တောင်းတဲ့ ပမာဏထိလည်း ငါတို့ မပေးနိုင်ဘူး လို့ ပြန်ပြောတော့ နောက်ဆုံး ကျွန်တော်တို့ကို တစ်ညနဲ့ တစ်ရက် ချူပ်ထားပြီး နောက်နေ့ကျမှ တစ်ယောက်ကို ဘတ် (၂၀၀၀) ပေးတဲ့ အတွက် ပြန်ထွက် လာခဲ့ရ တယ်။” ဟု ၄င်းက ပြောသည်။

ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ အချိန်မီ ပြန်လည်ပို့ဆောင်ခြင်းမပြုဘဲ အချူပ် ခန်းထဲတွင် တရားစွဲ အမှုဖွင့်မည်ဟု နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းစားနေကြပြီး လာရောက် ထုတ်ယူ မည့်သူများ မရှိသူများကို လနှင့် ချီပြီး ချုပ်ထားသဖြင့် အချုပ်ထဲတွင် စားရေးသောက်ရေး အခက်အ ခဲကြောင့် ငတ်ပြတ်နေကြသူများလည်း ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းရဲများ၏ အလုပ်သမားများထံမှ ရက်ရက်စက်စက် ငွေများတောင်းခံကာ လာဘ်ပေး လာဘ်ယူ ပြုလုပ်နေမှုများကို ရပ်တန့် ရန် ထိုင်းအစိုးရ အနေနှင့် ဖြေရှင်းပေးရန် 

လိုအပ်နေပြီး မြန်မာအစိုးရအနေနှင့်လည်း မိမိ၏ နိုင်ငံသားများ ခံစားနေကြရသည့် အခက်အခဲများကို ကူညီ ပေးရန် လိုအပ်နေသဖြင့် နှစ်နိုင်ငံ အစိုးရချင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ပြန်လည် ဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း မဲဆောက်ရောက် မြန်မာလူမျိုး ရွှေ့ပြောင်း အလုပ် သမားရေးရာ စောင့်ကြည့်လေ့လာသူများက သုံးသပ် ပြောဆို နေကြသည်။


Arakan Review 



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်