Monday, January 21, 2013

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

Posted by drmyochit Monday, January 21, 2013, under | No comments

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည် စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက် ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ ရရှိ၍နမ့်ခမ်းပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ ရကြောင်း တစ်ဦးမှာထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရ သည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန်ပန်းခူးသွားစဉ်ယခုကဲ့သို့မိုင်းနင်းမိမှုဖြစ်ပွား ခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်း သားကလေး များဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။ မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူ ခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့်
ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကိုဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာ လည်းကောင်းကောင်း မလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလို ကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်း ၀မ်းနည်း တာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်းမရှိသော်လည်း ကလေး ငယ်များ မှာ တရုတ်ပြည်သို့ရောင်းချရာတွင်ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့ ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်