Monday, January 21, 2013

DVB, Eleven , ဧရာဝတီ နှင့် လွှတ်တော်အမတ်များအား ထိခိုက်ရေးသားသူများကို အရေးယူတော့မည်

Posted by drmyochit Monday, January 21, 2013, under | No comments



From : ပြည်သူ့လွှတ်တော်

မေးခွန်း အကြောင်းအရာ 
လေးစား အပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်ထောင်စု ဒုတိယ ဝန်ကြီးနှင့် ဧည့်သည်တော်များ အားလုံးကို စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက် သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်ဖြစ်ပါတယ်။

ကျွန်တော် မေးမြန်းမှာက အစိုးရသတင်းများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စား လှယ်များ အပေါ် ဝေဖြန် တိုက်ခိုက်နေ မှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက် နေမှုများနှင့် ပတ်သက် ၍ ဆက်စပ်နေသည့် မေးခွန်းများ မေးမှာဖြစ် ပါတယ်ခင်ဗျား။ ယခုအခါတွင် လွှတ်တော် အသီးသီး၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များအား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု အခြေခံဥပဒေ ခုံရုံးက သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ အပေါ် အစိုးရသတင်းစာများ၊ Internet Website တို့မှနေ ၍ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် ဝေဖန်တိုက်ခိုက် နေသည်ကို တွေ့ရှိနေရပါသည်။ အဆို ပါ တိုက်ခိုက်မှု များသည် လွှတ်တော် ကိုယ်စားလှယ်များ အပေါ် ပြည်သူလူထုက အထင်အမြင် လွဲမှား မှုများ ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် များဘက်မှ ထိရောက်သော တန်ပြန် ဖြေရှင်းမှုများ ဆောင်ရွက်ပြုလုပ်ခြင်းကို မတွေ့ရှိရသေးပါ။ လွှတ်တော် ကိုယ်စားလှယ်များ၏ တန်ပြန် ဆောင်ရွက်မှုများကို အစိုးရ သတင်းစာများတွင် ဖော်ပြမှုများ ကိုလည်း မတွေ့ရှိရသေးပါ။ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ပြည်သူတွေ၏ အမြင်ကြည်လင် ရှင်းလင်း ဖို့ လိုအပ်ပါသည်။ ထို့ကြောင့် အောက်ပါ မေးခွန်းများကို မေးမြန်းအပ်ပါသည်ခင်ဗျား။


လေးစား အပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များအား ပြည်ထောင် စုအဆင့် သတ်မှတ် လိုခြင်းသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် ပြည်ထောင်စု ဝန်ကြီး အဆင့် ခံစားခွင့်၊ ရပိုင်ခွင့် များကို ရယူ လိုသောကြောင့်ဖြစ် သည်ဟု ပြော ဆိုနေကြ ပါသည်။ ထိုအ တွက်ကြောင့် ပထမမေးမြန်းလိုသော မေးခွန်းမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များတောင်းခံခဲ့ခြင်းရှိ၊မရှိ သိရှိလို ပါသည်။ မရှိပါက မရှိကြောင်း တုံ့ပြန်ဖြေရှင်းပေးစေလိုပါသည်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၁၁(က)အရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဥပဒေ ပြုရေးအဖွဲ့အစည်း အချင်း ချင်း အပြန်အလှန် ထိန်းကျောင်းခြင်းပြုရန် ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စု လွှတ်တော်ရေးရာ ကော် မတီများ၊ ကော်မရှင်များကို အဆိုပါ အပြန်အလှန် ထိန်းကျောင်း ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စား ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဒုတိယမေး ခွန်းအဖြစ် မေးမြန်းလိုသည်မှာ ပြည်ထောင်စု လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင် များသည် ဝန်ကြီးဌာန လုပ်ငန်းများကို လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်သကဲ့သို့ ဆောင်ရွက်နေခြင်း ရှိ၊မရှိ သိရှိလို ပါသည်။ ဆောင်ရွက်နေခြင်း မရှိပါက မည်ကဲ့သို့ဆောင်ရွက်လျက်ရှိနေကြောင်းကို ရှင်းလင်းစွာ သိရှိလိုပါသည်။


လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ တတိယမေးခွန်းအဖြစ် မေးမြန်းလိုသည်မှာ ပြည်ထောင်စု လွှတ်တော် ကို ပြည်သူ သန်း ၆၀ အတွက် ကိုယ်စားပြုထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြင့် ဖွဲ့စည်း ထားခြင်းဖြစ် ပါသည်။ ယခုအချိန်အခါတွင် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ် သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းကို ပြည်သူလူထုကို စော်ကား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများ အပေါ် လွှတ်တော် က မည်ကဲ့သို့ သဘောထားသည်ကို သိရှိလိုပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံ ကို ဒီမိုကရေ စီနိုင်ငံတော်အဖြစ် တည်ဆောက်နေသည့်ကာလဖြစ်ပါသည်။ ထိုသို့ တည်ဆောက်နေ သည့်အခါ ဒီမိုကရေ စီကျင့်စဉ်ဖြင့် မှန်ကန်စွာ အကောင် အထည်ဖော် တည်ဆောက် သွားရန် လိုအပ်ပါ သည်။ အမှန် တကယ် တည်ဆောက်မည်ဆိုပါက လွှတ်တော်များ၏ ကဏ္ဍကို ပီပြင်စွာ ဆောင်ရွက် နိုင်ပါမှ ဒီမိုကရေ စီစနစ် ပီပြင်စွာဖြစ်ထွန်းမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် နိုင်ရေး အတွက် လွှတ်တော်က မည်ကဲ့သို့ သဘော ထားရှိသည်ကို သိရှိလိုပါသည်ခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဖြေကြားချက် 

ဒေါက်တာစိုးရင် (အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေး ကော်မတီ)။ ။လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်သူ့ လွှတ်တော် အခွင့်အရေးကော် မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်ရဲ့ မေးခွန်းများကို ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ ကိုယ်စား ဖြေကြား မှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမမေးခွန်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီး အဆင့် ခံစားခွင့်၊ ရပိုင်ခွင့် များ တောင်းခံခဲ့ခြင်း ရှိ၊မရှိ သိလိုပါသည်။

မရှိပါက မရှိကြောင်း တုံ့ပြန်ဖြေရှင်းစေလိုပါသည် ဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ယနေ့အချိန်အထိ မည်သည့်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး တစ်ယောက်ကမှ ပြည်ထောင်စု ဝန်ကြီး အဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များကို တောင်ခံခဲ့ခြင်း မရှိပါကြောင်း ပြည်သူ့လွှတ်တော် အခွင့် အရေး ကော်မတီကိုယ်စား ဖြေကြားအပ်ပါတယ်ခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်များဟာ မိမိရဲ့ ကိုယ်ကျိုး ကိုမငဲ့ဘဲနဲ့ ပြည်သူ့လွှတ်တော်အတွင်းမှာ နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ဥပဒေ ပြုရေးလုပ်ငန်းများနှင့်အတူ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြန် အလှန်ထိန်းကျောင်းရေး လုပ်ငန်းတွေကို ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ လက်ကိုင်မထားဘဲ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး ဦးဆောင် လမ်းညွှန်မှုနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ နှင့် အညီ ဆောင်ရွက်လျက် ရှိကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များဟာ ကိုယ်စားလှယ်များ ရပိုင်ခွင့် ရှိတဲ့ လွှတ်တော် အခွင့်အရေးများကိုသာ လွှတ်တော်က ခွင့်ပြုပေးအပ်ထားတဲ့အတိုင်း ရယူပြီး တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် နေကြခြင်းဖြစ်ကြပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ရရှိသည့် ခံစားခွင့်တွေကို ရရှိလိုတာကြောင့် ပြည်ထောင်စု အဆင့်ကို သတ်မှတ်တောင်းဆို နေကြတာ မဟုတ် ပါဘူး။ လွှတ်တော်များက ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တွေအနေနဲ့ နိုင်ငံတော် အချုပ်အခြာ အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြိုင်အလှန် ထိန်းကျောင်းခြင်း ပြုရာမှာ ဒီကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တွေရဲ့ အဆင့်အတန်းဟာ ပြည်ထောင်စုအဆင့်ရှိမှသာ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေး အဖွဲ့တွေနဲ့ တန်းတူရည်တူ အပြန်အလှန် ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်ကြမှာဖြစ်တဲ့ အတွက်ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်တယ်လို့ သတ်မှတ်လိုတာ ဖြစ်ကြောင်း ဥက္ကဋ္ဌကြီး မှတစ်ဆင့် ကျိုင်းတုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်ရဲ့ ပထမမေး ခွန်းကို ‌ဖြေကြားရင်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု ထားတဲ့ သန်း ၆၀ သော ပြည်သူ အပေါင်း ကို အမြင်ရှင်းလင်းစေရန်အတွက် ရှင်းလင်း တင်ပြအပ်ပါ တယ်ခင်ဗျား။


ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယမေးခွန်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင် များနှင့် အဖွဲ့များသည် ဝန်ကြီးဌာန လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်သကဲ့သို့ ဆောင်ရွက် နေခြင်းရှိ၊မရှိကို သိရှိလိုပါသည်။ ဆောင်ရွက်နေခြင်းမရှိပါက မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိ နေကြောင်းကို ရှင်းလင်း သိရှိ လိုပါသည် ဆိုတဲ့မေးခွန်းကို ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မ တီများ၊ ကော်မရှင်များနှင့် အဖွဲ့များဟာ ဝန်ကြီးဌာနလုပ်ငန်း များကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ် ချက်များလည်း မရှိပါကြောင်း လွှတ်တော် အခွင့်‌အရေး ကော်မတီကိုယ်စား ဖြေကြား အပ်ပါတယ် ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လွှတ်တော်များရဲ့ တာဝန်ပေးအပ် ချက်များအရ ဝန်ကြီးဌာနများနှင့် အတူ အချင်းချင်း အပြန် အလှန် ထိန်းကျောင်းပြီး စောင့်ကြည့်ထိန်းညှိ သောလုပ်ငန်းတွေကို ဆောင်ရွက် နေကြ တာဖြစ်ပါ တယ်။ လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အတွက် ပါဝင်သင့်တဲ့ ပြဋ္ဌာန်းချက်များ စုံလင်စွာ ပါရှိနိုင်ရေး အတွက် ညှိနှိုင်း တိုင်ပင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒါဟာ ဒီမိုကရေစီကျင့်စဉ်အရ ဆောင်ရွက်နေကြခြင်း ပဲ ဖြစ်ပါတယ်။ ဆောင်ရွက်တဲ့နေရာ မှာလည်း အချင်းချင်း တန်းတူရည်တူ အပြန် အလှန် နားလည်ယုံကြည်မှုရှိရှိနှင့် ဆောင်ရွက်နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေကြ တာဟာ သက်တမ်းနုပါသေးတယ်။ အတွေ့ အကြုံလည်း နည်းပါသေးတယ်။ ဒီမိုကရေစီ ကျင့်‌စဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော် တို့ အားလုံးဟာ စွမ်းဆောင်နိုင်မှု မြင့်မားဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ လုပ်ငန်း စွမ်းဆောင် ရည် မြင့်မားလာသည်နှင့် အတူ အပြန်အလှန်ထိန်း ကျောင်းမှုလုပ်ငန်းတွေဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေ မယ့် စနစ်နဲ့ လုပ်ငန်းတွေကို ပီပီပြင်ပြင် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် စနစ်နဲ့ လုပ်ငန်းတွေကို ပီပီ ပြင်ပြင် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။

 အချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတွေ တည်ဆောက်ပြီး နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုးနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း တည်မြဲစေဖို့အတွက် ကျွန်တော်တို့ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အထူး သဖြင့် အုပ်ချုပ်ရေးအဖွဲ့များဟာ လွှတ်တော်များက ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့်‌အညီ လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် စောင့်ကြည့် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ အလားတူပါပဲ ပြည်သူတွေရဲ့ ဘဏ္ဍာငွေများနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းများ၊ စီမံကိန်းများကို ဝန်ကြီးဌာနက အကောင်အထည်ဖော်ရာမှာ လေလွင့်ဆုံးရှုံးမှုတွေ နည်းပါးစေရေး အတွက် လွှတ်တော်ကော်မတီ များက စောင့်ကြည့်ထိန်းညှိပေးရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ ကို ကော်မတီတွေက ဆောင်ရွက်နေ ကြခြင်းသာဖြစ်ပြီး ဝန်ကြီးဌာနများရဲ့ လုပ်ပိုင်ခွင့် များနှင့် လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်နေခြင်း မဟုတ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။


တတိယမေးခွန်းဖြစ်တဲ့ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုး စုံဖြင့်တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်မြေမှုများအပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထား သည်ဆိုတဲ့ မေးခွန်းကို ဖြေကြားပါမယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ လွှတ်တော်မှ ဥပဒေနှင့် အညီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရဲ့ အဖြစ်မှန်အချက်အလက်တွေပေါ်မှာ ထင်ရောင် ထင်မှားဖြစ်နေစေနိုင်တဲ့ ဝေဖန်သုံးသပ်မှုတွေ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ် များရဲ့ ဂုဏ်သိ က္ခာကို ကျဆင်းစေတဲ့ ဖော်ပြချက်တွေ ဝေဖန်သုံးသပ်မှုတွေ လွှတ်တော်ကိုယ်စားလှယ် များက ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေခံစားရသလို ခံစားခွင့်တွေ လိုချင်နေတဲ့ ပုံစံမျိုးတွေနဲ့ နိုင်ငံပိုင် သတင်း စာများ၊ သတင်းမီဒီယာများ၊ Internet Website များက တစ်ဖက်သတ်ဝေဖန်တိုက်ခိုက်မှု တွေကို ပြည်ထောင် စုလွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက သိရှိနား လည်သဘောပေါက် လျက်ရှိပါကြောင်း လွှတ်တော်အခွင့်အရေး ကော်မတီကိုယ်စား ဖြေကြားအပ်ပါ တယ်။


ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလို ရေးသားဖော်ပြနေကြတာဟာ ပြည်သူများနှင့်လွှတ်တော်များအကြား ပြည်သူ များနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား အထင်အမြင်လွဲများမှုတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ် ချက်ထားပြီး ရေးသားဖော်ပြတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ လွှတ်တော်များရဲ့ကဏ္ဍဟာ ဒီမိုကရေ စီနိုင်ငံတော် သစ်ရဲ့ အဓိကမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါတယ်။ လွှတ်တော်များရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်ဆောင် ရွက်နေခြင်းဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက သဘောထား ထားရှိပါကြောင်း တင်ပြလိုပါ တယ်။ ကျွန်တော်တို့ လွှတ်တော် များဟာ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုတဲ့ လွှတ်တော် များဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် နည်းမျိုးစုံနှင့် တိုက်ခိုက်နေခြင်း သည် ပြည်သူလူထုကို စော်ကား တိုက်ခိုက် နေခြင်းဖြစ်ကြောင်း လွှတ်တော်က သဘောထား ပါကြောင်း တင်ပြလိုပါတယ်။ လွှတ်တော်နည်းတူ သန်း ၆၀ သော ပြည်သူအပေါင်း တို့ကလည်း နားလည် သဘောပေါက် နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်မှုများ အတွက် ပြည်သူ သန်း ၆၀ ရဲ့ ဒဏ်ခတ်ခြင်းကို ခံကြရမှာဖြစ်ကြောင်း လွှတ်တော်ရဲ့ သဘောထားကို တင်ပြအပ် ပါတယ်။


ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် အမှန်တကယ် တည်ထောင် မည်ဆိုပါ က လွှတ်တော်များရဲ့ကဏ္ဍကိုပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပါမှ ဒီမိုကရေ စီစနစ် ပီပြင်စွာဖြစ်ထွန်းမည်ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်က မည်ကဲ့သို့ သဘော ထား ရှိသည်ကို သိရှိလိုပါတယ်ဆိုတဲ့မေးခွန်းကို ဖြေကြားပါမယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ တစ်တွေဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေကြတဲ့ အချိန်အခါဖြစ်ပါ တယ်။ ဒီအချိန်အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုခဲ့ပြီး လွှတ်တော် များကို ဖွဲ့စည်း တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းတည်မြဲဖို့ လွှတ်တော် များက လိုအပ်တဲ့ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးပြီး ယင်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြ မှသာလျှင် နိုင်ငံတော်သစ်ဟာ ဖြစ်ထွန်း တည်မြဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်စဉ်ဖြင့် နိုင်ငံတော် သစ် ကိုအမှန်တကယ် တည်ဆောက်လို ပါသလား။ သို့မဟုတ် ဟန်ရေးပြ တည်ဆောက် လိုပါသလား။ ဒီအချက်တွေကို ဝေဖန်သုံးသပ်ဖို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ သဘောထားရှိကြောင်း လွှတ်တော် အခွင့်အရေးကော်မတီကိုယ်စား ဖြေကြားအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမှန်တကယ် တည်ဆောက်လိုပါက လွှတ်တော်များ ရဲ့ ကဏ္ဍ ကို ပီပြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ကို ပြည်ထောင်စုအဆင့် အဖြစ် အသိအမှတ်ပြုလက်ခံပေးဖို့ လိုအပ် မည်ဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်။ ဒီလိုသတ်မှတ်ပေးမှသာ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍနှင့် ဥပဒေပြုရေး ကဏ္ဍ တို့က အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု Check and Balance လုပ်ငန်းတွေကို တန်းတူ ရည်တူညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ဖွံ့ဖြိုး တည်မြဲအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်း ဖြေကြားအပ်ပါ တယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ် ခင်ဗျား။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်