Monday, January 21, 2013

ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်

Posted by drmyochit Monday, January 21, 2013, under | No comments

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၃)ကို ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-


ကချင်ပြည်နယ် ပဋိပက္ခဒုက္ခသည်များအတွက်

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် (၁/၂ဝ၁၃)

၁။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင်(၄)ဦးပါ အဖွဲ့တစ်ဖွဲ့သည် လက်နက်ကိုင် တိုက်ပွဲများကြောင့် မိမိ နေထိုင်ရာဒေသမှ စွန့်ခွာ တိမ်းရှောင်နေကြရသည့် အရပ်သားများ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်ရန် ကချင်ပြည်နယ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပထမဆုံးအကြိမ် စတင် သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များမှ လိုင်ဇာမြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများသို့ ပေးအပ်သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ် ညှိနှိုင်းနိုင်ခဲ့ပါသည်။

၂။ ကချင်ပြည်နယ် အတွင်းရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများထံသို့ အကူအညီ တိုးမြှင့်ပေးနိုင်ရေး အတွက် ကြိုးပမ်း အားထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဟူ၍လည်း ကော်မရှင်က ဖော်ပြခဲ့ပါသည်။

၃။ ဤခရီးစဉ်ပြီးသည့်နောက် ကော်မရှင်သည် ဖြစ်ပွားနေသော ပဋိပက္ခ၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကချင်ပြည်နယ် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြုပြီး အခြား တိုက်တွန်းမှုများအပြင် ဤကြိုးပမ်း အားထုတ်မှုများကို စီးပွားရေး လုပ်ငန်းများကလည်း ကူညီပံ့ပိုးရန် တိုက်တွန်းခဲ့သကဲ့သို့ ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများကို အောင်မြင်မှု ရသည်အထိ ဆက်လက် ဆောင်ရွက်သွားရန်လည်း အလေးအနက် တိုက်တွန်းခဲ့ပါသည်။

၎။ ဤညှိနှိုင်း ဆွေးနွေးမှုများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကော်မရှင်က ကောင်းစွာ သိရှိသကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အကြားမှ ညှိနှိုင်းဆွေးနွေးမှုများကို မဆုတ်မနစ် ဆက်လက် ပြုလုပ်နေသည့် အတွက် ကော်မရှင်အနေဖြင့် အားတက်မိပါသည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခများကြောင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အခြေအနေသည် ပိုမို ဆိုးရွားနေသည်ကို လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းနှင့် နယ်စပ် တစ်လျှောက်ရှိ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေးမှာ အခက်အခဲ ဖြစ်နေသည်ကို လည်းကောင်း၊ ကော်မရှင်က များစွာ စိုးရိမ်လျက် ရှိပါသည်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ရောက်ရှိရေး ပြဿနာကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူ အားလုံးက အရေးတကြီး ဆောင်ရွက်ခြင်းများ မပြုလုပ်ပါက ပဋိပက္ခ ပြင်းထန်လာမှုကြောင့် ကလေးများ၊ အမျိုးသမီးများနှင့် အသက်အရွယ် ကြီးရင့်သူများကဲ့သို့ ထိခိုက် လွယ်သူများကို အထူး သက်ရောက်မှု ရှိသော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအခြေအနေမှာ ပိုမို ဆိုးရွားလာဖွယ်ရာ ရှိသည်ဟု ကော်မရှင်က ထင်မြင် ယူဆပါသည်။

၅။ သို့ဖြစ်၍ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ရောက်ရှိရေးနှင့် လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးကို မည်သို့တာဝန် ယူနိုင်မည်ဆိုသည့် ပြဿနာကို နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အရေးကြီးသော ကိစ္စတစ်ရပ် အဖြစ် ကိုင်တွယ် ဖြေရှင်းကြရန် ကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။ ကမ္ဘာ့အလှူရှင် အသိုက်အဝန်းကလည်း အကူအညီ ပေးရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြမည် ဖြစ်ပါသည်။

၆။ ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှုများ အပေါ်တွင် လည်းကောင်း ထိခိုက်မှု ရှိနေသည်ကို ထောက်ရှုလျက် ပဋိပက္ခနှင့် ပတ်သက်သည့် နှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက်တစ်ရပ် အမြန်ဆုံးရရှိရေး အတွက် အရှိန်မြှင့် ကြိုးပမ်း အားထုတ် သွားကြပါရန် ကော်မရှင်က တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်