Thursday, January 24, 2013

အမေရိကန်နဲ့ တရုတ် ကြားမှာ ကချင်ပြည်နယ် ဘာဖြစ်နိုင်မလဲ

Posted by drmyochit Thursday, January 24, 2013, under | No comments


သို့မြစ်မခမီဒီယာ အယ်ဒီတာချုပ်
လွတ်လပ်စွာ ယဉ်ကျေးစွာ ဆွေးနွေပါရစေ... 
၁။ အိုဘာမားရဲ့  ခရီးစဉ်နောက်ပိုင်း မြင့်တက်လာတဲ့ တိုက်ပွဲအခြေအနေ
၂။ အမေစုရဲ့  နှုတ်ဆိတ်နေမှု (အီးယူရဲ့  ပိတ်ဆိုမှုကို ပြန်သုံးသပ်သွားရနိုင်တယ် ဆိုတဲ့ စကားနောက်ပိုင်းမှ အမေစု ကချင်အကြောင်းကို စ ပြောခဲ့တာပါ။)

၃။ အမေစုနဲ့ နိုင်ငံရေး အတွေးအခေါ်၊ ပေါ်လစီပိုင်နိုင်မှုနဲ့ လက်ရှိအစိုးရအပေါ် ဆက်ဆံ ရေး (အမေစု လွှတ်တော် မ၀င်ခင် ဦးအောင်မင်းနဲ့ ဆွေးနွေးချိန်မှ ယခုအချိန်အထိ တဆင့် ပြီး တဆင့် စနစ်တကျ ပြောဆိုတာ၊ ဆက်ဆံတာ၊ နိုင်ငံတကာခရီးစဉ်များ၊ ကို ခွဲခြမ်း စိတ်ဖြာရင် မြင်နိုင်ပါတယ်။ ဥပမာ၊ ၊ (က) ဦးအောင်မင်းနဲ့ တချို့ ဆွေးနွေးချက်တွေကို သတင်း စာတွေမှာ
ထုတ်ဖေါ်ပြောဆိုမှာ မဟုတ်ဘူး ဆိုတဲ့ စကားအပြီး NLD ပါတီ မှတ်ပုံ တင်ရ ပါတယ်။ (ခ) ဟီလာရီကလင်တန်နဲ့ တွေ့ဆုံအပြီး သိသာသော အမေရိကန် နိုင်ငံခြား ရေး မူဝါဒပြောင်းလဲမှု (ဂ) ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံသမ္မတနှင့် တွေ့ ဆုံမှု (အမေရိကန်ရဲ့  အာရှပစိဖိတ်မူဝါဒမှာ ဂျပန်နဲ့ တောင်ကိုရီးယားက Key Player အနေနဲ့ ပါပါတယ်။ အမေရိကန်နဲ့ တိုက်ရိုက် ဆက်ဆံမှ အမေရိကန် ဆက်ဆံရေး မဟုတ်ပါဘူး။ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ တို့နဲ့ ဆက်ဆံရေးဟာလည်း အမေရိ ကန်နဲ့ ဆက်ဆံရေးထဲက အပိုင်းတစ်ပိုင်းအနေနဲ့ ပါပါတယ်။( Kurt M. Campbell, Assistant Secretary, Bureau of East Asia and Pacific Affairs ရဲ့  U.S foreign policy in Asia Pacific region)

 ၄။ သမ္မတကြီးရဲ့  နိုင်ငံတကာဆက်ဆံရေး စကားများ (သမ္မတကြီးရဲ့  စကားမှန်သမျှဟာ Diplomacy ကိုပဲ ဦးတည်ပါတယ်။ တိကျတဲ့ ပြတ်သားတဲ့ Black or White, Death or Live လုံးဝမပြောပါဘူး။ Diplomatic ဆန်ပါတယ်။ Non-linear ဆန်ပါတယ်။)

၅။ တရုတ်အစိုးရရဲ့  ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ဗျူဟာများ (ဥပမာ၊ ၊ (က) ဖားကန့် စစ်ပွဲမ တိုင်ခင်မှာ တရုတ်အစိုးရက တရုတ်စီးပွားရေးသမားများ ကချင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေအရ မြန်မာပြည်မှ ထွက်ခွာဖို့ ကြေငြာချက် ထုတ်ပါတယ်။ တရုတ်အစိုးရတခါမှ မထုတ်ပြန်ဖူးတဲ့ ရှားရှားပါးပါး ကြေငြာစာပါ။ KIA – Myanmar Military စစ်ပွဲအခြေအနေကို တရုတ်အစိုးရက ကြိုသိနေတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ (ခ) စစ်အတွင်း တရုတ်ပိုင်နယ်မြေသုံးစွဲခွင့် ပြုခြင်း (ဂ) အမေရိကန် သံအမတ် ခရီးစဉ်အပြီး ပြင်းထန်လာသော တိုက်ပွဲများနှင့် လိုင်ဇာရှိ တရုတ်နယ်စပ်တံခါး ပိတ်ဆို့ခြင်း၊ ဒါတွေဟာ တိုက်ဆိုင်မှုလို့ စဉ်းစားရင်တော့ အမေစုပြောတဲ့ နိုင်ငံရေးလုပ်ရင် ဦးနှောက်နဲ့ လုပ်ရတယ်။ နှလုံးသားနဲ့ လုပ်လို့မရဘူး ဆိုတဲ့ သွယ်ဝိုက်ပြီး သတိပေးနေတဲ့ စကားကို သဘောမပေါက်ဘူးလို့ပဲ ယူဆရလိမ့်မယ်။)

၆။ မြန်မာ-တရုတ် ဆက်ဆံရေးခိုင်မာမှု (ဆယ်စုနှစ်နဲ့ချီပြီး UN မှာ ဗီတိုအာဏာနဲ့ ရူးရူး မိုက်မိုက် ကို ထောက်ခံပေးတဲ့ တရုတ်ရဲ့  ကွန်မြူနစ်ဆန်ဆန် မြန်မာပြည်ဆိုင်ရာ မူဝါဒဟာ လုံခြုံရေး ကောင်စီမှာပါတဲ့ အင်အားကြီးဒီမိုကရေစီနိုင်ငံတွေ သြချရလောက်ပါတယ်။ ဒီဥပမာ တစ်ခုတည်းနဲ့တင် မြန်မာ-တရုတ်ဆက်ဆံရေးကို မှန်းဆဖို့ လုံလောက်မယ် ထင်ပါတယ်။)

 ၇။ ထိုင်းနိုင်ငံ၏ အရှိန်မြင့်လာသော အိမ်နီးချင်းပေါ်လစီ (အိမ်နီးချင်းနိုင်ငံတွေထဲမှာ Policy making and Implementation အမြန်ဆုံး နိုင်ငံ ဆိုရင် ထိုင်း နိုင်ငံပဲ ပြရပါလိမ့် မယ်။ ၁၉၉၂ ကနေ နှစ် (၂၀)အတွင်း အာရှကျားထဲက တစ်ကောင်ဖြစ်အောင် လုပ်နိုင် တာဟာ Policy Implementation and Action မြန်လို့ဆိုတာ သိသာပါတယ်။ (မြန်မာမှာ ပေါ်လ စီရှိပြီး အသက်မ၀င်သေးတာတွေ ကျန်နေပါသေးတယ်)။ ဥပမာ၊ ၊ (က) ထားဝယ် စီမံကိန်း (ခ) တချိန်က လူသားဒိုင်း မူဝါဒအရ တရားမ၀င်အောင် ပြုလုပ်ထားတဲ့ မြန်မာရွှေ့ ပြောင်း လုပ်သား တံတိုင်းကြီးကို တရားဝင်လုပ်သားအဖြစ် ပြောင်းဖို့ သဘောတူလိုက်တဲ့ MOU၊ (ဂ) ထိုင်းစီးပွားရေးသမားများ၏ ပြင်ဆင်မှုများ (၁။ ရွေ့ ပြောင်းအလုပ်သမားတွေ မှတ်ပုံ တင်ဖို့အတွက် ထိုင်းအစိုးရကို ဖိအားပေးတဲ့အထဲမှာ ထိုင်းလုပ်ငန်းရှင်တွေ ပါပါတယ်။ 6.2% of Thailand GDP ဟာ ရွေ့ ပြောင်းအလုပ်သမားတွေဆီမှာပါ။ ၂။ ထိုင်း ဘဏ်အချို့ ရဲ့  ATM စက်တွေမျာ မြန်မာစာကိုပါ ထည့်သွင်းလာတာ။ ၃။ ထိုင်း ဆက်သွယ်ရေး ကုပ္မဏီ True Move ဟာ မြန်မာပြည်မှာ ကြေငြာတွေ ထည့်သွင်းလာတာ။) 

၈။ အာဆီယံတွင် မြန်မာနေရာရရှိလာမှု ( ယခင်က မြန်မာက နားထောင်သူ အဆင့် ပဲရှိတာ။ ဒီတခေါက် ဖနွမ်းပင်မှာတော့ မြန်မာကို သိသိသာသာကို နေရာပေးပြီး ဆွေးနွေးသူ အဆင့်မှာ ရှိနေပါတယ်..။ (ဖနွမ်းပင် အစည်းအဝေးအပြီး မှတ်ချက်များမှ ) )

၉။ ဂျပန်၊ တောင်ကိုရီးယား၊ အီးယူ၊ နယူးဇီလန်၊ သြစတေးလျ တို့ရဲ့  ခြေလှမ်းများ (ကြွေးပြီများ လျော်ခြင်း၊ Asia Development Bank ၏ ခြေလှမ်း၊ အီးယူအဖွဲ့ ၏ Development Funding and DFID)

၁၀။ အမေရိကန်ရဲ့  အာရှပစိဖိတ် နိုင်ငံခြားရေးပေါ်လစီ (မြန်မာနဲ့ ပက်သက်ပြီး ဂရုတစိုက် ကိုင်တွယ်မှု ( Kurt M. Campbell, Assistant Secretary, Bureau of East Asia and Pacific Affairs ရဲ့  U.S foreign policy in Asia Pacific region)

၁၁။ နိုင်ငံတကာမှ လက်ခံထားသော မြန်မာ၏ လမ်းပြမြေပုံ

၁၂။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးအခြေနေများ ( ဥပမာ၊ ၊အာဏာရှင် စစ်တပ်နှင့် ဒီမိုကရေစီ စစ်တပ်ကွာခြားပုံ။ (၁) အီရတ်ကို အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်အကြောင်းပြချက်နဲ့ ၀င်တိုက်တာ၊ (၂) နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်နဲ့ အာဖဂန်နစ္စတန်ကို ၀င်တိုက်တာတွေဟာ ဒီမိုကရေစီ တပ်မတော်ကြီး က လုပ်တဲ့အရာဆိုတာကို သတိရှိစေချင်တယ်။ ပါလီမန်၊ လွှတ်တော်က “တိုက်စေ” လို့ အမိန့်ရတဲ့ ဒီမိုကရေစီ စစ်တပ်ဟာ နိုင်ငံတကာမသိအောင် တိတ်တဆိတ် တိုက်ရတဲ့ စစ်တပ်ထက် ပိုပြင်းထန်ပါတယ်။ ဒါကြောင့်လဲ စပ်ကူးမတ်ကူး အစိုးရလက် ထက်မှာ ရှိသမျှ ပြည်တွင်းစစ်အကုန်ကို ရပ်အောင်လုပ်သွားမယ်လို့ မြင်ပါတယ်။ )

 ၁၃။ ရုတ်တရက် ပေါက်ကွဲသော မြန်မာအနောက်ဘက် ရခိုင်ပြည်နယ်မှ ဘင်္ဂလီ (ရော်ဟင်ဂျာ) အရေးအခင်း ( ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းမှာ Human Security (Political security, Personal security, Community security, Health security, Environmental security, Economic security, Food security) ဟာ မြန်မာအပါအ၀င် အာဆီယံ နိုင်ငံတွေရဲ့  Issue ဖြစ်ပါတယ်။ အဲဒီအချိန်မှ ဘင်္ဂလီအရေးကို ကိုင်တွယ်တာနဲ့ အခုအချိန် ကိုင်တွယ်တာနဲ့ အခြေအနေအရမ်းကွာနိုင်ပါတယ်။ ( Human Security ဆိုတာ အာဆီ ယံရဲ့  နိုင်ငံရေး ဆွေးနွေးမှု စားပွဲပေါ်က အရေးပါတဲ့ အရာဆိုတာ သတိထားစေချင် ပါတယ်။ )

၁၄။ မီဒီယာ လက်နက်အသုံးချမှု၊ အမာစွမ်းအား (Hard Power) နှင့် အပျော့စွမ်းအား (Soft Power) အခင်းအကျင်း ( မီဒီယာလက်နက် အသုံးချမှုကတော့ မြင်လွယ်ပါတယ်။ ဥပမာ။ ။ သမ္မတကြီးရဲ့  လိုင်ဇာကို မသိမ်းတာ ငြိမ်းချမ်းရေးအတွက်ပါလို့ ပြောပြီးတဲ့ စကားအပြီး မှာပဲ….. KIA – Army စစ်ပွဲတွေရဲ့  သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပြပါတယ်လို့ မြ၀တီသတင်းက ပြောသွားပါတယ်။ Hard Power ဆိုတာကတော့ Governance တွေကို ပြောတာပါ။ Soft Power ဆိုတာကတော့ INGOs, NGOs, CBOs, Activism (၈၈ မျိုးဆက်၊ စသည့် အမျိုးသားနိုင်ငံရေး လှုပ်ရှားသူများ) တွေကို ဆိုလို တာပါ။ ဆရာ ကျော်ဝင်းစကားအတိုင်းပြောရင်တော့ ကျောက်ဆောင်တွေရဲ့  ခိုင်မာမှုကို တဖြည်းဖြည်း ချင်း တိုက်စားရင်း ပုံစံပြောင်းလာအောင် ကြိုးစားယူတဲ့ ရေလှိုင်း လိုပါပဲ။

 ကျွန်တော့် အမြင်တွေ မှားနိုင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲခွင့် ဝေဖန်ခွင့် ပေးလို့ ၀င်ပြီးဆွေးနွေးတာသာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ အစ်မပြောသလို့ တရုတ် နှင့် အမေရိကန်ကြားက ကချင်ပြည်လို့ မမြင်ပါဘူး..။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ကြားထဲကြပ်ထဲ ပိတ်မိနေတဲ့ ကချင်ပြည်လို့ပဲ မြင်ပါတယ်..။ အမေရိကန်နဲ့ တရုတ်ရဲ့  နိုင်ငံရေးကစားကွင်းဟာ မြန်မာဖြစ်ဖို့ ၀ိတ်တန်းအရင်ညှိရပါဦးမယ်။ အစစအရာရာ ပြောင်းလဲရဦးမယ့် အခုလိုအခြေအနေမှာ နိုင်ငံရေးဝင်ကစားဖို့ ကွင်းကောင်းကောင်း မဟုတ်သေး ဘူးလို့ပဲ မြင်ပါတယ်။ အစ်မတွေးသလိုမျိုး ကချင်ပြည်ဟာ ခွဲထွက်တဲ့ တိုင်းပြည်ဖြစ် မယ်လို့ ကျွန်တော်တော့ မစိုးရိမ်ဘူးပါဘူး။ အဲဒီလိုမျိုး ကချင်ပြည်နယ်ကြီးက ခွဲထွက်ချင်တာပါဆိုတဲ့အမြင်က ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတဲ့ သံမှိုပါ..။ အခု ကျွန်တော်တို့တွေ ကချင်အကြောင်းတွေးမယ်ဆိုတိုင်း အဲဒီ သံမှိုကို အရင်နှုတ်ဖို့လိုပါတယ်။ ကချင်တိုင်းရင်းသားတွေ မြန်မာနိုင်ငံကို ချစ်တာ အကုန်သိပါတယ်။ ဗမာတိုင်းရင်းသားတွေ ကချင်မြေအပါအ၀င် တိုင်းရင်းသားတွေကို ချစ်တတ်တာလည်း အကုန်သိပါတယ်။ အခုဖြစ်နေတာတွေကို လူမျိုးရေး လို့မြင်ရင် နိုင်ငံရေးအမြင် ခေတ်နောက်ပြန်ဆွဲတယ်လို့ ကျွန်တော်ယူဆပါတယ်။ အမေစုပြောတဲ့ ဦးနှောက်နိုင်ငံရေး ကျွန်တော်မလုပ်တတ်ပါဘူး။ ရင်ဘတ်နိုင်ငံရေးပဲ (အမျိုးသားနိုင်ငံရေး) ကျွန်တော်ခံစားတတ်ပါတယ်။ ကချင်အကြောင်းသိချင်ရင် ကချင်ပြည်နယ်မှာ အရင်နေကြည့်ပါ..။ ကချင်၊ ရှမ်း၊ ဗမာ တွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ကြီးကို နေနေကြတာ သိပါလိမ့်မယ်..။ သတင်းတွေထဲက သွေးစွန်းလက်တွေနဲ့ လက်နက်ကိုင်တွေကြောင့် ညီအစ်ကို အချင်းချင်း သွေးမကွဲစေချင်ပါဘူး..  လက်နက်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေသမျှတော့ ညီအစ်ကိုအချင်းချင်းသတ်နေရတာ အမိမြန်မာနိုင်ငံများ စကားပြောတတ်ရင် ရင်ကွဲနာကျနေလောက်ပြီ…။

မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်