Monday, February 25, 2013

(၈၅) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အီရန်ဓားစာခံကယ်တင်မှု ဖြစ်ရပ်မှန် ဇာတ်ကား Argo အကောင်းဆုံး ဇာတ်ကားဆုကို ရရှိ၊ အကောင်းဆုံးဒါရိုက်တာဆုကို Life of Pi ဇာတ်ကားဒါရိုက်တာ အန်းလီ မမျှော်လင့်ဘဲရရှိ

Posted by drmyochit Monday, February 25, 2013, under | No comments

ဒယ်နီရယ်ဒေးလူးဝစ်၊ ဂျနီဖာလောရင့်၊ အန်းဟက် သာဝေးနှင့် ခရစ်စတို ဖာဝေါ့ဇ်  (၀ဲမှယာ)

ဟောလိဝုဒ် ရုပ်ရှင်လောက၏ ဆုပေးပွဲ များထဲတွင် အထွတ် အထိပ်ဖြစ် သည့် အော်စကာ ဆုပေးပွဲ ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အမေရိ ကန်နိုင်ငံ၊ Dolby Theatre တွင် ကျင်းပ ခဲ့သည်။

၈၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ တွင် အကောင်း ဆုံး ဇာတ်ကားဆုကို Argo က ရရှိခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆုကို Life of Pi ဇာတ် ကားဖြင့် အန်းလီက ရရှိခဲ့သည်။ အမေရိကန် သမ္မတကတော် မီရှဲလ်အိုဘားမားသည် အိမ်ဖြူတော်မှ တိုက်ရိုက် ထုတ်လွှင့်သည့် ဗီဒီယိုမှတစ်ဆင့် အမေရိကန် ဒါရိုက်တာနှင့် သရုပ်ဆောင် ဂျက်နီကိုဆင်နှင့် ပူးပေါင်းပြီး အကောင်းဆုံး ဇာတ်ကားဆုအတွက် ကြေညာပေးခဲ့သည်။

ဆန်ခါတင်စာရင်းတွင် ဆု ၁၁ ဆုအတွက် လျာထားခံရသည့် Life of Pi ဇာတ်ကားသည် ဒါရိုက်တာဆု အပါအ၀င် ဆုလေးဆု ရရှိခဲ့သည်။ “ဒီဇာတ်ကား ရိုက်ကူးမှုမှာ ကျွန်တော့်ကို ပါဝင်ကူညီတဲ့ လူ ၃၀၀၀ ကျော်ကို ကျေးဇူးတင်ပါတယ်” ဟုအန်းလီက ဆုလက်ခံရယူစဉ်တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်ဖွား အန်းလီသည် Brokeback Mountain ဇာတ်ကားဖြင့် ၇၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ဖူးပြီး ယခုနှစ် ဆုပေးပွဲတွင် ဒါရိုက်တာဆုကို ဒုတိယ အကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်သည်။ အန်းလီသည် အာရှသားများထဲတွင် အကောင်းဆုံးဒါရိုက်တာဆု ပထမဆုံးရရှိခဲ့သူ ဖြစ်သည်။
Django Unchained နှင့် မူရင်းဇာတ်ညွှန်းဆုရရှိခဲ့သည့် ကွင်တန်တာရန်တင်

အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို Lincoln ဇာတ်ကားဖြင့် ဒယ်နီရယ်ဒေးလူးဝစ်က ရရှိခဲ့သည်။ အော်စကာ ဆန်ခါတင်စာရင်းတွင် ဆု ၁၂ ဆုဖြင့် ဦးဆောင်ခဲ့သော Lincoln ဇာတ်ကားသည် အမျိုးသား သရုပ်ဆောင်ဆုနှင့် အကောင်းဆုံး ထုတ်လုပ်ရေးဒီဇိုင်း ဆုကိုသာ ရရှိခဲ့သည်။

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Silver Linings Playbook ဇာတ်ကားဖြင့် ဂျနီဖာလောရင့်က ရရှိခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဂျနီဖာလောရင့်သည် အော်စကာဆုရှင်များတွင် ဒုတိယမြောက် အသက်အငယ်ဆုံးဖြစ်သည်။ လောရင့်သည် အော်စကာစင်မြင့်သို့ သွားရောက်စဉ်တွင် ဂါဝန်စကို တက်နင်းမိပြီး မှောက်လဲမလို ဖြစ်ခဲ့ရသေးသည်။ အော်စကာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကို Django Unchained ဇာတ်ကားဖြင့် ခရစ္စတို ဖာဝေါ့ဇ်က ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင်ဆုကို အန်းဟက်သာဝေးက Les Miserables ဇာတ်ကားဖြင့် ရရှိခဲ့သည်။

“အိပ်မက်တွေ အမှန်တကယ် ဖြစ်ပေါ်လာပါပြီ” ဟု အန်းဟက်သာဝေးက အော်စကာဆု လက်ခံရယူ စဉ်တွင် ပြောကြားခဲ့သည်။

ဗြိတိန်အဆိုတော် အဒဲလ်သည် Skyfall သီချင်းဖြင့် အကောင်းဆုံး ဇာတ်ဝင်တေးသွားဆုကို ရရှိခဲ့သည်။ အဆိုပါဆုသည် ဂျိမ်းစ်ဘွန်းဇာတ်ကားများအတွက် ပထမဆုံးရရှိသည့် ဇာတ်ဝင်တေးသွားဆု ဖြစ်သည်။

အကောင်းဆုံး မှီငြမ်းရုပ်ရှင် ဇာတ်ညွှန်းဆုကို Argo ဇာတ်ကားဖြင့် ခရစ္စတာရီယိုက ရရှိခဲ့ပြီး အကောင်းဆုံး မူရင်းရုပ်ရှင် ဇာတ်ညွှန်းဆုကို Django Unchained ဇာတ်ကားဖြင့် ကွင်တန်တာရန်တင်က ရရှိခဲ့သည်။
Life of Pi ဇာတ်ကားနှင့် ဒါရိုက်တာဆု ရရှိခဲ့သည့် အန်းလီ

ယခုနှစ် အော်စကာဆုပေးပွဲတွင် အစီအစဉ် တင်ဆက်သူအဖြစ် ဆက်သ်မက်ဖာလန်းက ဆောင်ရွက်ခဲ့သည်။ အော်စကာဆုပေးပွဲ ဖျော်ဖြေသူများထဲတွင် အေရိုစမစ်၊ အဒဲလ်နှင့် ဘာဘရာ စထရေ့ဆန့်ဒ်တို့ အပါအ၀င် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့သည်။ ဘာဘရာအတွက် ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အော်စကာပွဲတွင် သီဆိုဖျော်ဖြေခဲ့သည်။ ယခုနှစ် အော်စကာဆုလက်ခံပြောစကား မှုအတွက်အချိန် သတ်မှတ်ရာတွင် အမျိုးသားများအတွက် ၁ မိနစ်နှင့် ၅၇ စက္ကန့် နှင့် အမျိုးသမီးများအတွက် ၁ မိနစ်နှင့် ၅၆ စက္ကန့်သာ ကြာမြင့်ရမည်ဟု သတ်မှတ်ခဲ့သည်။

အော်စကာဆုစာရင်းအချို့ မှတ်တမ်းတင်ရုပ်ရှင်ဆု - Searching for Sugar Man

နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု - Amour

အကောင်းဆုံးအသံတည်းဖြတ်ဆု - Per Hallberg (Skyfall)၊ Paul N. J. Ottosson1 (Zero Dark Thirty)

Best Animated Feature - Brave

ဇာတ်လမ်းတည်းဖြတ်ဆု - William Goldenberg (Argo)

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်