Wednesday, February 06, 2013

ကချင်ဒေသ ငြိမ်းချမ်းရေး အလှမ်းမဝေးတော့ပြီ်လော

Posted by drmyochit Wednesday, February 06, 2013, under | No comments

ဖေဖော်ဝါရီ ၄ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KIO ဆွေးနွေးရေးအဖွဲ့မှ ဗိုလ်ချုပ်ဂွမ်မော်တို့အား ယခုကဲ့သို့ ရင်းနှီးချစ်ကြည်စွာတွေ့ရစဉ်။ ယင်းဆွေးနွေးပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည် နယ်၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၅ချက်ပါဝင်သော ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရနှငKIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင် အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသောနေရာ များကို လေ့လာစောင့်ကြည့်စိစစ်ရေး စနစ်ပေါ်ပေါက်ရန် ဆက် လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီကြောင်း၊ နောက် တစ်ကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ မကုန်မီကျင်းပရန်နှင့် အစိုးရနှငKIOအကြား နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် သဘောတူညီကြောင်းများပါရှိသည်။(ဓာတ်ပုံ-ဦးရဲထွဋ် facebook မှ)


ဦးလနန် (အေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်)

ကျွန်တော်တို့ ဘက်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ သွားတာပါ။ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ကျွန်တော် တို့ ဘက်က မျှော်လင့်ချက်နဲ့ လုပ်တာပဲခင်ဗျ။ ဒီတိုင်း ပေါ့ပေါ့တန်တန်တော့ မလုပ်ပါဘူး။ အစီ အစဉ်နဲ့ ကျွန်တော်တို့ သွားချင်တာပါ။ ကျွန်တော်တို့ မျှော်လင့်တဲ့အတိုင်းပဲ အစိုးရဘက်ကလည်း လိုက် လျောပြီး နိုင်ငံရေး အသွင်ဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်လာမယ်ဆိုရင်တော့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ ဒီိကိစ္စကို ယုံကြည်ဖို့ဆိုတာ တစ်ဖက်တည်းပဲ ယုံကြည်လို့မရပါဘူး။ နောက်တစ်ခုက ဒီဆွေးနွေးပွဲကို ဆက်ပြီး အရှိန်အဟုန်မြင့်မြင့် သွားနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးလိုတဲ့ဆန္ဒ ရှိကိုရှိရမယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံ ရေး ဆွေးနွေးမှုကို ဆွေးနွေးလိုစိတ်ရှိရမယ်။ တွေ့ဆုံရေးကို ဒီအပစ်အခတ် ရပ်စဲရေးမျိုးပဲ လုပ်မယ်။ ကျန်တဲ့စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆက်ဆံရေးရုံးတွေ ဖွင့်တာ အဲ့ဒါမျိုးလောက် နဲ့တော့ မဖြစ်ဘူးခင်ဗျာ့။ နိုင်ငံရေးဆွေးနွေးမယ့် ဆန္ဒ၊ စစ်မှန်တဲ့ပြည်ထောင်စုပေါ်မှာ အခြေခံတဲ့စိတ်တွေ အစိုးရဘက်မှာ တကယ်ပဲရှိရမယ်။ 

အဲလိုမျိုး အကောင်အထည် ဖော်မှုကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်တဲ့ ခြေလှမ်းအစ ဖြစ်နိုင်တယ်။ အားလုံးပြောတဲ့ ယုံကြည်မှုဆိုတဲ့နေရာမှာ တွေ့ဖန်များတဲ့အခါ ခင်မင်လာတယ်ဆိုတဲ့ ဟာမျိုး အဲ့ဒါလိုမျိုး လူမှုရေးယုံကြည်မှုကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးအခြေခံပေါ့။ ဘယ်ကိုသွားကြမယ်။ ဘယ်လို ဆွေးနွေး ကြမလဲ။ ဘယ်လိုဦးတည်သင့်တဲ့ ဆွေးနွေးပွဲဖြစ်ရမလဲဆိုတာ နှစ်ဦးနှစ်ဖက် အပြန်အလှန်မူတွေ ချမှတ်သင့်တယ်။ ဒီလိုနည်းနဲ့ပဲ အချင်းချင်းယုံကြည်မှု ရှိလာမှာပါ။ အဲ့လိုဟာမျိုး ရှိလာမယ်ဆိုရင်တော့ ဒီဆွေးနွေးပွဲဟာ အကောင်းဘက်ကို ဦးတည်သွားတဲ့ ဆွေးနွေးပွဲလည်း ဖြစ်သွားနိုင်တယ်။ ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ နှစ် ၅ဝ ကျော်အတွင်း ဒီလိုတွေ့ ဆုံတာမျိုး အကြိမ်ကြိမ်လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါမှ ကချင်ဒေသမှာ တည်ငြိမ်အေးချမ်းခဲ့တာမျိုး မရှိခဲ့ဖူးဘူး။ ကချင်ဒေသမှာသာမက တခြားတိုင်းရင်းသားဒေသတွေမှာပါ ဒီလိုတွေ့ဆုံမှုမျိုးတွေ အကြိမ်ကြိမ် အခါခါ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး လုပ်ခဲ့ဖူးပါတယ်။ 

ဒီတိုင်းရင်း သားဒေသတွေမှာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းတဲ့အခြေအနေကို မပေး ခဲ့ဘူး။ ဒါပေမဲ့ ခုလည်း အဲ့လိုအဖြစ်နဲ့ဆိုရင်တော့ သိပ်ပြီးတော့ တွေ့ သာတွေ့ တယ်။ အကောင်အထည်က သိပ်ပြီးပေါ်မလာဘူးဆိုတဲ့ ပုံစံဖြစ် လာဦးမယ်။ အဲ့လိုမျိုး မဖြစ်စေချင်ဘူးခင်ဗျာ့။ အခုမှ အစိုးရနဲ့ စတွေ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အဆက်ဆက်မှာ အစိုးရ အဆက်ဆက်နဲ့လည်း တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့လိုမျိုး တွေ့တဲ့အချိန်မှာ အစိုးရဘက် ကနေပြီးတော့ တိုင်းရင်းသားတွေပြောနေတဲ့ လိုလားနေတဲ့ ဆွေးနွေးမှုပုံစံကို တစ်ကြိမ်တစ်ခေါက်မှ ဖော်ဆောင်ပေးတာမျိုး မရှိခဲ့ဘူး။ ဒီတစ်ခေါက်လည်း အဲ့လိုမျိုး မရှိခဲ့ဘူး ဆိုရင်တော့ ဒီတွေ့ဆုံမှုဟာ ထပ်ခါတလဲလဲသာ ဖြစ်နိုင်ပါလိမ့်မယ်။ အခု အပစ်အခတ် ရပ်စဲထားရေး လုပ်ထားတဲ့ ဒေသတွေမှာလည်း တည်ငြိမ် အေးချမ်းနေပြီလို့ ပြောလို့မရသေးပါဘူး။ အမြဲတမ်း သတိအနေအထားနဲ့ နေနေရတဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သတိနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေပါ။ ဒါကို တည်ငြိမ်တယ်လို့ ပြောလို့မရဘူး။ တိုက်ပွဲမဖြစ်ရုံနဲ့ တည်ငြိမ်တယ်လို့ ပြောမယ်ဆိုရင်တော့ လူထုကို လိမ်လည်တာပဲ ဖြစ်လိမ့်မယ်။


ဒေါက်တာမင်းဇော်ဦး(Myanmar Peace Centre)

ဆွေးနွေးပွဲတိုင်းမှာ ပြဿနာချည်းတွေပဲ စပြောကြတာတွေ ရှိခဲ့ကြပေမယ့် ဒီတစ်ခေါက် ဆွေးနွေးမှုကိုတော့ အရင်ကထက် ကောင်းခဲ့တယ်လို့ ပြောလို့ရပြီ။ အခုတစ်ခေါက်က အဖြေကို ဝိုင်းပြီး စပြောကြလို့ပဲ။ အလား အလာ အရမ်းကောင်းပါတယ်။ နှစ်ဖက် ပူးတွဲကြေညာချက်လည်း ထုတ်ပြန်ခဲ့တယ်။ ဒီဖေဖော်ဝါရီလ မကုန်ခင်မှာကိုပဲ နောက်ထပ် ဆွေးနွေးမှုကို ပြုလုပ်နိုင်ဖို့ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေးက အလှမ်းမဝေးတော့ပါ ဘူး။ များများတွေ့ဆုံလေ ကောင်းလေပါပဲ။

ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်

သေချာစိစစ်လေ့လာဖို့ လိုလိမ့်မယ်။ ခုကြားရတဲ့ သတင်းတွေအရ ကောင်းတဲ့လားရာပါ။ လောလော ဆယ်မှာ နှစ်ဦးနှစ်ဖက် ထိန်းသိမ်းဖို့က အဓိကပါ။ အပစ်အခတ် မရပ်စဲသေးရင်တောင် ကြီးကြီးမားမား မပစ်ဖို့နဲ့ ထိန်းသိမ်းဖို့ လိုပါတယ်။ ထပ်မဖြစ်ဖို့ လိုပါတယ်။ ဆွေးနွေးတဲ့အခါ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာ ဝန်ခံဖို့ လည်း မဖြစ်နိုင်ပါဘူး။ လွှတ်တော်အနေနဲ့ တိုက်တွန်းချက်တွေကလည်း ပစ်ပယ်ထား လို့ရတာ မှ မဟုတ်တာ။


ဦးဝင်းမြင့်၊ အတွင်းရေးမှူး (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ) 

ငြိမ်းချမ်းရေးဆိုတာ ကြိုဆိုရမယ့် အပိုင်းပဲ။ တကယ်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့က ရည်ရွယ်ပြီး လုပ်ရမှာပဲ။ အများပြည်သူ ယုံကြည်ပြီး လက်ခံနိုင်တဲ့ လုပ်ဆောင် ချက်မျိုးလည်း ဖြစ်ရမှာပေါ့။ သူ့ဘက်ကိုယ့်ဘက် ဖြစ်နေတာမှာ ကြားဝင်ကောင်းဖို့တော့ လိုပါတယ်။ ဖြစ်နေတဲ့ ကိစ္စက တစ်နိုင်ငံလုံးအတွက် ဂယက်ရိုက်နေတာဆိုတော့ ဖြစ်စေချင်တယ်။ ငြိမ်းချမ်းဖို့ လိုနေပြီ။ ဆန္ဒရှိရှိ လုပ်မယ်ဆိုရင် ဒီနှစ်ထဲ ပြီးဆုံးသွားမှာပါ။ တစ်ဖက်နဲ့တစ်ဖက် လက်ညှိုးမထိုးနိုင်ဘဲ လုပ်ရမယ်။ အောင်မြင်မှာပါ။


ကိုဇင်ကိုကို(ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက်ထွက်နေသူ)

ငြိမ်းချမ်းရေး အလွတ်သဘောဆွေးနွေးမှုအပေါ် ရလာတဲ့အချက်တွေကို သဘောကျတယ်။ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ပြောချင်တာက တစ်ဦးနဲ့တစ်ဦး ရေရှည်ယုံကြည်သွားဖို့တော့ ရှိရပါ့မယ်။ ဒါမှ ငြိမ်းချမ်းရေးရမှာပေါ့။ အဖွဲ့အစည်းပေါင်းစုံ၊ အင်အားစုပေါင်းစုံ ပါဝင်မှုတွေနဲ့ဆို ငြိမ်းချမ်းရေး ပိုရလိမ့် မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်း လိုချင်နေကြပါတယ်။


မဖြူအိသိမ်း(အဖြူရောင် တွဲလက်များအဖွဲ့)

အခုဟာက ပူးတွဲကြေညာချက်ပဲ ရှိသေးတယ်။ ထပ်ဆွေးနွေးမယ်ဆိုတာလည်း ပါနေတယ်။ သိရသလောက် ဆွေးနွေးနေဆဲ အချိန်မှာကိုပဲ တိုက်ပွဲက ဖြစ်နေတယ်။ ဒီတော့ ကချင်ပြည်နယ် တကယ်ငြိမ်းချမ်းပြီ လားဆို တာက လက်တွေ့လုပ်ပြမှ ပြောနိုင်မယ်။ အခုဟာက အပြောသာရှိသေးပြီး လက်တွေ့ မပါသေးလို့ပဲ။ အခုချိန်မှာ နှစ်ဖက်စလုံးကို အကြံပေးချင်တာက ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်နိုင်ဖို့ပဲ လိုပါတယ်လို့ ပြောချင်ပါတယ်။ တစ်ခုစိတ်ထဲမှာ ထင့်နေတာက ဘာ့ကြောင့်များ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးလို့ မရနိုင်ကြတာဟာ အကြောင်းတစ်ခုတော့ ရှိလိမ့်မယ်လို့ ထင်တယ်။ တစ်ဖက်နဲ့ တစ်ဖက် အကျိုးစီးပွားတွေပဲပေါ့။

PN Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်