Wednesday, February 06, 2013

ရေကြောင်းပြောင်းလဲပြီး ရေစီးအား ပြင်းထန်မှုကြောင့် ပခုက္ကူအနီးရှိ ကြက်တန်းကုန်း ကျေးရွာတွင် ကမ်းပါးပြိုကျမှုဒဏ်ကို ဆိုးရွားစွာ ခံလာရ

Posted by drmyochit Wednesday, February 06, 2013, under | No comments


ဧရာဝတီတံတား(ပခုက္ကူ)အနီးတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသည်ကိုတွေ့ရစဉ် 

ပခုက္ကူမြို့နယ် ကြက်တန်းကုန်းကျေးရွာ အနီးတွင် ဧရာဝတီမြစ် ရေစီးကြောင်းသည် ကျေးရွာဆီသို့ ဦးတည် စီးဆင်းနေပြီး ရေစီးအား ပြင်းထန်လာခြင်းကြောင့် စိုက်ပျိုးမြေ အများအပြား မြစ်ရေတိုက်စားမှု ခံရကာ ကမ်းပါးပြိုမှု ဒဏ်ကို ဆိုးရွားစွာ ခံလာရကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ ကျေးရွာ၏ စိုက်ပျိုးမြေ အများအပြားမှာ မြစ်ရေတိုက်စား ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် တောင်သူအချို့မှာ စိုက်ပျိုးမြေ အားလုံးနီးပါး ဆုံးရှုံးရခြင်းနှင့် အချို့မှာ စိုက်ပျိုးမြေ အနည်း ငယ်သာ ကျန်ရှိတော့သည့်အတွက် ဘ၀ရပ်တည်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ 

“ကမ်းပြိုတဲ့ဒဏ်ကို ခံရတာ နှစ်နှစ်လောက်အတွင်းမှာ အတော်လေး ဆိုးလာတယ်။ ဧရာဝတီတံတား ဆောက် တုန်းက သဲကျောက်စုပ် စက်လှေတွေ တအားစုပ်ယူခဲ့တာရယ် တံတားရေလယ်တိုင်တွေ ပြီးတဲ့နောက်မှာ ပိုဆိုးလာတယ်။ မြစ်လယ်မှာ သောင်တွေ တအားများလာပြီး ရေကြောင်းက ရွာဆီဦးတည် စီးလာ တယ်။ ရေကြောင်းကျဉ်းသွားတော့ ရေစီးအားလည်း သန်လာတယ်။ ကမ်းပြိုတာကလည်း တအားများ လာတာ။ 

ခုဆိုရင် ရွာစိုက်ပျိုးမြေရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ လုပ်စားမြေ အားလုံးပါသွားတာနဲ့ လုပ်စားမြေ သိပ်မကျန်တာနဲ့ အတော်လေးကို စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံး ခက်ခဲ ကုန်တာပဲ။ နောက်လာမယ့် မိုးရာသီမှာ ဒီတိုင်းဆက်ပြို နေမယ်ဆိုရင် ရွာကအိမ်တွေလည်း ပြောင်းရမှာ” ဟု ကြက် တန်းကုန်းရွာသား ကိုကျော်မင်းက ပြောသည်။ 

“စိုက်ပျိုးမြေအားလုံး ပါသွားတော့ သူများလယ်တွေမှာ နေ့စား လိုက်လုပ်ရတယ်။ လယ်သိမ်းချိန်ဆို တောမှာ အလုပ်မရှိတော့ မြို့သွားပြီး ရရာအလုပ်လုပ် ရုန်းကန်နေရတယ်။ 

ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲတွေ ကြုံရတယ်။ ပခုက္ကူမြို့နား ဧရာဝတီမြစ်ကမ်းဘေး တစ်ဝိုက် က ရွာအတော်များများ ကမ်းပြိုတဲ့ဒဏ်ကို ခံနေရတယ်” ဟု ကြက်တန်းကုန်းရွာသား ကိုမြတ်သူက ပြော သည်။ 

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ သိမ်းကုန်း၊ မရိုးကုန်း၊ ရှားတော၊ မြင်းကျွန်း၊ ကျွန်းညိုကြီးနှင့် ကျွန်းဦးကျေးရွာများမှာလည်း ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးရခြင်းနှင့် ကျေးရွာအချို့ ရွှေ့ပြောင်းရခြင်းများ ကြုံတွေ့ခဲ့ရပြီး လာမည့်မိုးရာသီ မြစ်ရေကြီး ချိန်တွင်လည်း အလားတူ ဖြစ်ရပ်များ ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်