Monday, February 04, 2013

စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီးနောက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO အဖွဲ့တို့၏ အလွတ်သဘော ဆွေးနွေးမှု စတင်

Posted by drmyochit Monday, February 04, 2013, under | No comments

 
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီးနောက် အစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ အချိန် တွင် စတင်ပြုလုပ် နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို တရုတ်အစိုးရမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး KIO အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လ တို့အပြင် ဒုတိယတန်း အရာရှိများ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွင် ဦးအောင်မင်းနှင့် ဦး အုန်းမြင့်တို့ ပါဝင်ကြောင်း သိရသည်။

“ဒီတစ်ခါ ဆွေးနွေးပွဲက အလွတ် သဘောလို့ ပြောတယ်ဆိုပေမယ့် အဆင့်မြင့်တဲ့ အနေအထား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြားမှာ third party အနေနဲ့ တရုတ် အစိုးရဘက်က တာဝန်ရှိသူတွေ ပါဝင်နေလို့ပါ။ တက်ရောက်လာတဲ့ တရုတ် အစိုးရတာဝန်ရှိသူတွေက ပီကင်းကနေ လာခဲ့ကြသူတွေ ဖြစ်နေပါတယ်။ ကျွန်တော် သိသလောက် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိ သူတွေ အပြင် တရုတ် ကာကွယ်ရေး ၀န်ကြီး ဌာနက တာဝန်ရှိသူတွေပါ တက်လာပါတယ်။ နောက် ယူနန်ပြည်နယ်က တာဝန်ရှိသူတွေ ပါဝင်ပါတယ်”ဟု ရွှေလီမြို့တွင် နေထိုင်နေသော ဗမာပြည် ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးအောင်ကျော်ဇော်က ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ယခု ပြုလုပ်နေသော ဆွေးနွေးပွဲသို့ မီဒီယာများ ၀င်ရောက် သတင်းရယူခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။ သို့သော် ဆွေးနွေးပွဲ ကျင်းပရာ ဟိုတယ်အတွင်း၌ ပြည်တွင်း မီဒီယာ သမား များ ရောက်ရှိနေ ပါသည်။

ယခင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ်၌ ဖွဲ့စည်း ထားသော ငြိမ်း ချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ စီစဉ်ခြင်း ဖြစ်ပြီး ယခုဆွေးနွေးပွဲကိုမူ တရုတ် အစိုးရမှ စီစဉ်ခြင်း ဖြစ်ပါသည်။

"ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို ကြည့်ရင်တော့ နှစ်ဖက် စလုံးက ပျော့ပျော့ပြောင်းပြောင်းနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ ပုံစံ ရှိနေပါတယ်။ ဒါပေမဲ့လည်း အစိုးရဘက်က ငါတို့က နေရာတွေ ရထားတယ်ဆိုပြီး အပေါ်စီးကနေရင်း ပြောနေရင်တော့ အဖြေထွက်ဖို့ ခက်နိုင်ပါတယ်"ဟု ဦးအောင်ကျော်ဇော်က သုံးသပ်ပါသည်။

ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် ဟိုတယ်၌ ပြုလုပ် ခဲ့ပါသည်။ ထိုဆွေးနွေး ပွဲသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက် လာခြင်း မရှိသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့ရာမှ စစ်ရေး အခြေ အနေနှင့် ပတ်သက်ပြီး အဖြေ မထွက်ပေါ်ခဲ့ခြင်း မရှိပေ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး တပ်မတော်နှင့် KIO အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပါသည်။ မြစ်ကြီးနား-ဗန်းမော် လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့ ပြီးနောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။

လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လိုင်ဇာမြို့လုံခြုံရေးကို တာဝန် ယူထားသော KIA တပ်ရင်း ၂၃ ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် ပွိုင့် ၇၇၁ တောင်ကုန်းကို လေကြောင်းပစ် အကူအညီဖြင့် တပ်မတော်မှ သိမ်းယူခဲ့ပါသည်။ လဂျားယန် ဒေသဘက်သို့ အစိုးရတပ်များ၏ လေကြောင်းကူ ပစ်ခတ်မှုများ ရှိခဲ့ပြီး တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

လိုင်ဇာမြို့၏ ၆ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန်ဒေသ တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း အကြိမ်ရေ ၁၀၀၀ ကျော်ခန့် ရှိခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် လိုင်မြို့၏ ၆ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန် တပ်စခန်းကို တပ်မတော်မှ သိမ်းယူခဲ့ပြီးနောက် လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့မှ စတင်ပြီး ရပ်ဆိုင်းကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့နောက် အစိုးရနှင့် KIO နှစ်ဖက်စလုံးမှ ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က KIO ဘက်မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် KIO/KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီး တပ်မတော် အနေဖြင့် ထိုးစစ် ရပ်ဆိုင်းပါက KIA ဘက်မှလည်း ပြဿနာ ဖြစ်ပွားနိုင်မည့် စစ်ရေး လှုပ်ရှားမှုများကို ပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပင် အစိုးရ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ပြီး မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်လည်း အများပြည်သူ လိုလား တောင့်တ နေသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေး အနက် ယုံကြည် ကြောင်း၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင် အဖွဲ့ အစည်းများ အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KIO / KIA အဖွဲ့တို့ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီ လုပ်ဆောင် ကြိုးပမ်းနေ မှုများကို အသိအမှတ်ပြု ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်၍ KIO / KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတော် အစိုးရနှင့် KIO ဗဟို ကော်မတီတို့အကြား ဆွေးနွေးညှိနှိုင်းရန်အတွက် အပြန်အလှန် ထုတ်ပြန် ကြေ ညာခြင်းများ ပြုလုပ်နေသော်လည်း လက်ရှိ အချိန်အထိ ကချင်ပြည်နယ် ဖားကန့် ဒေ သနှင့် နေရာ အချို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသ ခံများ၏ ပြောကြားချက်အရ သိရပါ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်