Sunday, April 07, 2013

ရပ်ကျေး အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် အဖမ်းခံရသူ ရဲကင်းတွင် သေဆုံး

Posted by drmyochit Sunday, April 07, 2013, under | 2 comments

 ကိုသိန်းဌေး နေထိုင်ရာ အိမ်ဖြစ်ပြီး ထိုနေ ရာတွင် လာရောက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ် သူမှ လိုက်လံပြ သစဉ် (ဓာတ်ပုံ - ကောင်းမြတ်မင်း)

ပဲခူးတိုင်း အနောက်ပိုင်း ပေါက်ခေါင်းမြို့နယ် အင်ငါး ခွကျေးရွာအုပ်စု တာကောက်ကျေးရွာ တွင်နေ ထိုင်သူ ဦးသိန်းဌေးအား မတ်လ ၃၁ ရက်နေ့  မနက် ၇ နာရီခန့်တွင် အင်ငါးခွ သကြား စက် လုံခြုံရေးရဲကင်း၌ ဖမ်းဆီးထိန်းသိမ်း ထားစဉ် သေဆုံး ခဲ့ကြောင်း သိရသည်။ 

သေဆုံးသူ ဦးသိန်းဌေးသည် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏ အမျိုးသမီးအား လိုက်လံရှာဖွေစဉ် မခင် နန်းစိန် နေအိမ်တွင် တွေ့ရှိခဲ့ပြီး စကားများ ရန်ဖြစ်ခဲ့ရာမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲကင်းသို့ အကြောင်းကြား ကာ အဲဒီနေ့ည ၇ နာရီခန့်တွင် ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သေဆုံး သူ၏ ညီဖြစ်သူ ကိုဝင်းဇော်လတ်က ပြောသည်။ 

“ကျနော့် အစ်ကိုကို ၂၉ ရက်နေ့ည ၇ နာရီမှာ ထမင်းစားနေတုန်း လာဖမ်းတာ။ အင်ငါးခွ သကြားစက် လုံခြုံရေး ရဲကင်းက ရဲ ၂ ယောက်နဲ့ အုပ်ချုပ်ရေးမှူးက လာဖမ်းတာ။ လက်ဆေးပါရစေဦးပြောတာ ကြာတယ် ကွာ ဒီကောင့်ကို လက်ထိပ်ခတ် ဖမ်းလို့ပြောတော့ ကျနော်အစ်ကိုက လက်ထိပ် ခက်ရလောက်အောင် ကျနော်က ဘာပြစ်မှု ကျူးလွန်းလို့ လဲလို့ မေးတော့ မင်းလုပ်တာ မင်းသိမှာပေါ့။ ဖမ်းကွာ ဆိုပြီး ကျနော် အဖေရှေ့မှာပဲ ဘာအမှုနဲ့ ဖမ်းတယ် လို့လဲ မပြောပဲ ဖမ်းသွားတာ။ ကြားထဲမှာ ၃၀ ရက်နေ့ ကလည်း အိမ်က ဘယ်သူမှ လိုက်မသွားနိုင်ဘူး။ ၃၁ ရက်နေ့ကြတော့   အစ်ကိုသေလို့ အလောင်း လာယူဖို့ ကျနော်ကို လာခေါ်လို့ လိုက်သွားတော့ ကျနော်အစ်ကိုက ဒဏ်ရာတွေနဲ့ သေတာကို ကျနော် လည်း မကြည့်ရက်လို့ အပြင်ထွက် ငိုနေတုန်း၊ အဖေနဲ့ မရီးကို သာမန်ရိုးရိုး သေဆုံးတာကို လက်ခံတယ် ဆိုရင် လက်မှတ်ထိုးပြီး အလောင်းကို ယူသွားလို့ရပြီ ဆိုပြီး လက်မှတ်ထိုးပြီး အလောင်းပြန်ယူလာခဲ့တာပါ”

အလောင်းကိုလည်း ရဲကင်းနှင့် ရွာကြားမှာရှိတဲ့ သင်္ချိုင်းဇရပ်မှာပဲထားကာ နေ့တွင်းချင်း မြေမြှုပ်သင်္ဂြိုလ်ဖို့ ရဲနဲ့ အုပ်ချုပ်ရေး မှူးတို့မှ ပြောကြားခဲ့ပြီး ရဲဝန်ထမ်းများက ကျင်းတူးရာတွင် ကူညီခဲ့သလို့ လတ်တလော သင်္ဂြိုလ်စရိတ်အဖြစ် ကျပ်ငွေ ငါးသောင်းကို သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မနိုင်အား ပေးခဲ့ကြောင်း ကိုဝင်းဇော်လတ်မှ ဆက်ပြောသည်။ 

ရဲကင်းတွင် အဖမ်းခံရသူ တဦးသေဆုံးကြောင်း အရပ်ထဲက သတင်းကြားမှ လေးရက်ကျော်လောက်က မြှုပ် ထားသော အလောင်းအား ပေါက်ခေါင်း ဆရာဝန်ကြီးနှင့် မြို့နယ်ရဲမှူး မောင်မောင်သွင်တို့မှာ ဧပြီလ ၄ ရက်နေ့ ညနေ တွင် သွားရောက်တူးဖော် ဆေးစစ်ချက်များ ရယူခဲ့ရကြောင်း ပေါက်ခေါင်းမြို့နယ် ရဲမှူး မောင်မောင် သွင်မှ ဧရာဝတီသို့ ပြောသည်။ 

“ကျနော်တို့က အရပ်ထဲက သတင်းတွေကြားမှ ကြားကြားချင်း သွားတူးပြီး ဆေးစစ်ချက်တွေ ယူရတာ။ သေဆုံး သူအား ဖမ်းဆီး စဉ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အရက်မူးလို့ ရဲကင်းကို ထိန်းသိမ်းပေးဖို့ အကြောင်း ကြားတဲ့ အတွက် ထိမ်းသိမ်းထားခဲ့တာပါ။  တခြားအမှုနဲ့ ပတ်သတ်တာတွေကို စုံစမ်း စစ်ဆေးနေ ဆဲဖြစ် လို့ ကျနော်တို့ ဘာမှမပြောပြလို့ မရသေးပါဘူး” ဟု ၎င်းမှ ဆက်ပြောသည်။

သေဆုံးသူ အလောင်းအား သွားရောက်စစ်ဆေးစဉ် အရိုးနှင့် အတွင်းကလီဇာများကိုသာ အဓိက စစ်ဆေးခဲ့ တာဖြစ်ပြီး အပေါ်ယံအရေးပြားပေါ်က ဒဏ်ရာတွေမှာ အရက်အတန်ကြာနေပြီဖြစ်လို့ မှတ်ချက်ရေးရန် ခက်ခဲကြောင်း နှင့် ၎င်းအမှုနှင့် ပတ်သတ်ပြီး မြို့နယ်ရဲမှူးကို ဆေးစစ်ချက် ပေးပို့ထားပြီးသားဖြစ်လို့ သက်ဆိုင် ရာ တာဝန်ရှိသူတွေထံ မေးမြန်းနိုင်ကြောင်း ပေါက်ခေါင်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက် တာမြင့် သိန်းထွန်း မှ ဧရာဝတီသို့ပြောသည်။ 

လုပ်ထုံး လုပ်နည်း အရ ရဲစခန်း၊ ရဲကင်း အချုပ်ခန်းတွေမှာ သေဆုံးသူတွေရဲ့ အလောင်းကိုအရင်ဆုံး ဆေးရုံ ကိုပို့ရပြီး ဆေးရုံမှသက်ဆိုင်ရာ ဆရာဝန်တွေက အတည်ပြုပေးမှ သင်္ဂြိုလ်ခွင့်ရှိကြောင်း ဆရာဝန်ကြီးတဦးမှ ပြော သည်။ 

သင်္ဂြိုလ် သည့်နေ့တွင် သေဆုံးသူ၏ဇနီး ဒေါ်မနိုင်အား  ရဲကင်းမှ ရဲတပ်သားများမှ ကျပ်ငွေ ၅၀၀၀၀ ကျပ်ပေးခဲ့ သည့်အပြင် ဧပြီလ (၁) ရက်နေ့တွင်လည်း ရပ်မိရပ်ဖ ဦးမြငွေ၏နေအိမ်တွင် မိသားစုထောက် ပံ့ကြေး အဖြစ် ကျပ်ငွေ ၂ သိန်းခွဲ ထပ်မံပေးခဲ့ကြောင်း သေဆုံးသူ၏ ဖခင် ဦးအေးထွန်းမှ ပြောကြားခဲ့သည်။ 

ကိုသိန်းဌေး၏ မိသားစုဝင်များမှ အမှုအမှန် ပေါ်ပေါက်ရေးအတွက် ပြည်ထဲရေး ပြည်ထောင်စု ဝန်ကြီးနှင့် တကွ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ တိုင်ကြားစာများ ပေးပို့ ထားကြောင်း သိရသည်။

ကောင်းမြတ် မင်း

2 comments:

လက်လွန်ခြေလွန်ဖြစ်တော့မှကွာ တောက်

ဖြစ်နိုင်ခြေရှိတယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်