Monday, August 26, 2013

ဓာတုလက်နက် ပြဿနာကြောင့် ဆီးရီးယားအရေး ပိုမိုရှုပ်ထွေးလာ

Posted by drmyochit Monday, August 26, 2013, under | No comments

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစိုးရနှင့် သူပုန်တပ်များ အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဒမတ်စကက် မြို့တော်အနီးတွင် လူပေါင်းရာနှင့်ချီ သေဆုံးစေသည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု တစ်ခုကို သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြောင်း သူပုန်တပ်ဖွဲ့များက စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂက အဆိုပါ အခြေအနေကို အလွန်စိုးရိမ်ကြောင်းနှင့် စုံစမ်းမှုများ ပြုလုပ်စေလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့်နောက် အမေရိကန်နှင့် ဥရောပ နိုင်ငံများကပါ ဆီးရီးယားအရေးကို ပိုမို အာရုံစိုက်လာခဲ့သည်။ သို့သော်လည်း ယခုအခါ ဆီးရီးယား အစိုးရက ယခုတိုက်ခိုက်မှုသည် သူပုန်တို့၏ လက်ချက်သာဖြစ်ကြောင်း တုံ့ပြန် စွပ်စွဲလာခဲ့သည်။


ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ရာပေါင်းများစွာ သေဆုံးခဲ့သော ကိစ္စနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကို ကုလသမဂ္ဂက စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိသည်။ အစောပိုင်းက အခင်းဖြစ်ရာ နေရာကို ဆီးရီးယား အစိုးရက သွားရောက် စုံစမ်းခွင့် ပိတ်ပင်ထားခဲ့ပြီး တနင်္ဂနွေနေ့ ညနေပိုင်းကမှ အဆိုပါ ကိစ္စကို ခွင့်ပြုချက်ပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို လိုက်လျော သဘောတူညီခဲ့သည်။ ကုလသမဂ္ဂ အနေဖြင့် မိမိတို့၏ ဓာတုလက်နက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ယခုသီတင်းပတ် အစောပိုင်းတွင် စတင်၍ စုံစမ်းမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားသည်။ ဒမတ်စကက်မြို့တော် အစွန်အဖျား ဒေသများတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများအတွက် မည်သူ့တွင် တာဝန်ရှိသည်ကိုမူ ယတိပြတ် မပြောဆိုနိုင်သေးဟု ကုလသမဂ္ဂက ဆိုသည်။


လတ်တလောတွင် ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ယခင်က အတန်ငယ် လက်ရှောင်လေ့ရှိသည့် အမေရိကန် အစိုးရသည် ဓာတုလက်နက် ပြဿနာနှင့် ပတ်သက်ပြီး သည်းခံလိုဟန် မရှိသည့် သဘောထားမျိုးကို ပြသလာခဲ့သည်။ အမေရိကန်နိုင်ငံရှိ ပင်တဂွန် စစ်ဌာနချုပ်သည် ဆီးရီးယားနိုင်ငံ အနီးသို့ ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သင်္ဘော (၄)စင်းကို မြေထဲပင်လယ်ဒေသသို့ ပို့ဆောင်ထားလိုက်ပြီ ဖြစ်သည်။ CNNသတင်းဌာနနှင့် အင်တာဗျူးတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက လက်ရှိ အခြေအနေကို မိမိ အလွန်စိုးရိမ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့သည်။

အိုဘားမားက "သိပ်ကိုဆိုးရွားတဲ့ ကိစ္စပါ။ ဒီအခြေအနေဟာ အမေရိကန်အတွက် အမျိုးသားရေးအဆင့် စိတ်ဝင်စားစရာ ပြဿနာမျိုး ဖြစ်လာပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် သေစေတဲ့ ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတာမျိုးက ဘယ်အခြေအနေမှာမှ လက်ခံလို့ မရနိုင်ပါဘူး။ တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ မဟာမိတ် နိုင်ငံတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေပါတယ်။ နောက်ပြီး အဲဒီဒေသတွင်းမှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေ အတွက်ရောပေါ့"ဟု ပြောဆိုခဲ့သည်။

ယခုအခါ အဆိုပါ တိုက်ခိုက်မှုကြောင့် နိုင်ငံတကာ အထောက်အပံ့ ရယူထားသည့် ဆီးရီးယား ဆေးရုံ (၃)ခုတွင် လူပေါင်း (၃၆၀၀)မျှ ကုသမှု ခံယူခဲ့ရသည်။ နောက်ဆုံးသတင်း ရရှိသည့် အခြေအနေထိ လူပေါင်း (၃၅၅)ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသူ စုစုပေါင်း အရေအတွက်သည် (၁၃၀၀)ကျော်မည်ဟု သတင်းများက ခန့်မှန်းခဲ့ကြသည်။ ဆေးရုံရောက်နေသူ အများစုသည် ပြင်ပဒဏ်ရာ မရှိဘဲ အသက်ရှူ ခက်ခဲခြင်း၊ အာရုံကြော ထိခိုက်ခြင်းများကို ခံစားနေရသည်။

ရန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မိုဟာမက် ယာဗက်ဒ် ဇာရစ်ဖ်ကမူ ၎င်းသည် ဆီးရီးယား အစိုးရနှင့် ဆက်သွယ်စကားပြောခဲ့ကြောင်း ဆိုသည်။ "သူတို့ဘက်ကတော့ ခုတိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်သလို ဓာတုလက်နက်ကို ဘယ်တုန်းကမှ မသုံးကြောင်း အခိုင်အမာ ပြောပါတယ်။ အနာဂတ်မှာ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေ အဲဒီနေရာကို သွားရောက် လေ့လာဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း အာမခံခဲ့တယ်"ဟု ယာဗက်ဒ်က ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေး ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် အန်ဂျလာကိန်းသည် စနေနေ့က ဒမတ်စကက်သို့ ရောက်ရှိနေပြီး အစိုးရ အနေဖြင့် အဆိုပါ နေရာသို့ မိမိတို့ သွားရောက် စစ်ဆေးခွင့်အတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြား ဌာနတစ်ခုက ယခုဖြစ်စဉ်သည် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ပြီး သူပုန်တပ်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ထို့အပြင် မြို့ထဲသို့ ပြန်ဝင်လာသည့် စစ်သားများစွာ အသက်ရှူ မွန်းကျပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ရုပ်မြင်သံကြား ဌာနတွင် ဖော်ပြခဲ့သည်။

သူပုန်တပ်များကို အကြမ်းဖက်သမားများဟု သုံးနှုန်း ခေါ်ဝေါ်လေ့ရှိသည့် ဆီးရီးယား အစိုးရက "ယုံကြည်ရတာက အကြမ်းဖက်သမားတွေဟာ အဲဒီနေရာမှာ ဓာတုလက်နက်တွေ သုံးစွဲခဲ့ပုံရပါတယ်"ဟု ကောက်ချက်ချသွားသည်။ "ကျွန်တော်တို့ အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက်တွေ မသုံးခဲ့ဘူးဆိုတာ ထပ်ပြီး အတည်ပြုပါတယ်။ ဓာတ်ငွေ့ဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ်၊ တခြားဘာဖြစ်ဖြစ် ကျွန်တော်တို့ လုံးဝ အသုံးမပြုခဲ့ပါဘူး"ဟု ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အွမ်ရန်အယ်လ်ဇူဘီက လက်ဘနွန် ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ ၎င်းကလည်း ယခုလက်ချက်သည် သူပုန်များ၏ အကွက်ချ စီစဉ်မှုဟု စွပ်စွဲခဲ့သည်။



အမေရိကန် အစိုးရကမူ သမ္မတအိုဘားမား အနေဖြင့် ယခုကိစ္စကို အလွန်စိတ်ဝင်စားနေကြောင်း ပြောကြားထားသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "သမ္မတဟာ ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို သက်သေ အထောက်အထားတွေအတွက် ရသမျှ သတင်းအချက်အလက်တွေ စုဆောင်းဖို့ တိုက်ရိုက် အမိန့်ပေးထားပါတယ်။ ဆီးရီးယားမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ သေချာသိချင်တယ်"ဟု AFPသို့ ပြောဆိုသွားသည်။ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ချက်ခ်ဟေဂယ်လ်ကလည်း မိမိတို့၏ တိုက်ခိုက်ရေး တပ်ဖွဲ့များသည် သမ္မတ၏ အမိန့်ရသည်နှင့် အရာရာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြောင်း ဆိုသည်။



၎င်းက "သမ္မတက ကာကွယ်ရေး ဝန်ကြီးဌာနကို ဖြစ်လာနိုင်သမျှ အခြေအနေတိုင်းအတွက် ပြင်ဆင်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့က အဲဒီမတိုင်ခင် ကတည်းက အသင့်ဖြစ်ပြီးသားပါ။ မြေထဲပင်လယ်ထဲက ကျွန်တော်တို့ရဲ့ ရေတပ်ဟာ အချိန်မရွေး လှုပ်ရှားနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုပြီး လေ့ကျင့်ထားပြီးသား ဖြစ်ပါတယ်။ သမ္မတက တစ်ခုခု ရွေးချယ်လိုက်ပြီဆိုရင် ကျွန်တော်တို့က ချက်ချင်း အကောင်အထည် ဖော်နိုင်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။



သြဂုတ် ၂၆ ရက် ညနေပိုင်းသတင်း

ဆီးရီးယားတွင် ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ ယာဉ်တန်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ်စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ် ခံခဲ့ရသည်။ စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်ကို လဲလှယ်ရန် ကုလသမဂ္ဂစစ်ရေးရေးမှူးများ အဖွဲ့သည် အစိုးရထိန်းချုပ်ရာ နေရာတစ်ခုကို ပြန်လှည့်ခဲ့ရသည်။ ၎င်းတို့သည် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ နေရာသို့ စစ်ဆေးမှုပြုလုပ်ရန် စီစဉ်သွားရောက်ခြင်းဖြစ်သည်။ အစောပိုင်းကလည်း ကုလသမဂ္ဂစစ်ဆေးရေးမှူးများ တည်းခိုရာ ဟိုတယ်အနီး မော်တာကျည်ဆန် ၂ ခု ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်