Monday, August 26, 2013

ရေလွှမ်းမိုးမှုကို ကာကွယ်ပေးမည့် လန်ဒန်မှ ဒေါင်လိုက်ဥယျာဉ်

Posted by drmyochit Monday, August 26, 2013, under | No comments


ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် နိုင်ငံ၏ အရွယ်အစား အကြီးမားဆုံး ဒေါင်လိုက်ဥယျာဉ် တစ်ခုကို ဖန်တီးစိုက်ထူထားကြောင်း သိရှိရသည်။ ဗစ်တိုးရီးယား ဘူတာအနီးတွင် ထားရှိပြီး Living Wall ဟု အမည်ပေးထားသော ဒေါင်လိုက် ဥယျာဉ်သည် မြင့်မားသော နံရံချပ်ကြီးတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ (၆၈)ပေ အမြင့်ရှိသော ဒေါင်လိုက် ဥယျာဉ်ကြီးတွင် အပင်ပေါင်း (၁၀၀၀၀)ကျော်ကို စိုက်ပျိုးထားသည်။ ထို့အပြင် သဘာဝ ရေစုပ်ယူ စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ထားပြီး ယင်းသည် သစ်ပင်လေးများ စိမ်းလန်းနေအောင် ရေဓာတ် ဖြည့်တင်းပေးမည် ဖြစ်သည်။ အဆိုပါ ဒေါင်လိုက် ဥယျာဉ်သည် မျက်စိပသာဒဖြစ်ရုံ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် တည်ဆောက်ခြင်း မဟုတ်ဘဲ အနာဂတ်ကာလတွင် လန်ဒန်မြို့တော် အလယ်ပိုင်းကို ရေလွှမ်းမိုးမှုများ မဖြစ်စေအောင် ကာကွယ်ပေးရန်လည်း ရည်စူးထားသည်။

မိုးသည်းထန်စွာ ရွာသွန်းသော ကာလများတွင် ဖန်းသစ်ပင်လေးများနှင့် နှစ်ရှည်ခံ ဆေးပင်များအတွက် ရေဓာတ်ဖြည့်တင်းပေးရန် ဆောက်လုပ်ထားသော သဘာဝ ရေလှောင်စနစ်က မိုးရေကို ပမာဏ များပြားစွာ ခံယူပေးထားမည်ဟု သိရသည်။ အဆိုပါ နံရံကပ် ဥယျာဉ်ကြီးတွင် စတော်ဘယ်ရီ၊ ကံကုမံ၊ ကြွေပန်းတို့ အပါအဝင် အပင်ငယ်မျိုးနွယ် (၂၀)ကျော်ကို စိုက်ပျိုးထားသည်။ အဆိုပါ သစ်ပင်လေးများ စိုက်ပျိုးထားရန်အတွက် သဲ(၁၆)တန်ကို နံရံထဲတွင် ထည့်မြှုပ်ထားပြီး ယင်းသည် မိုးရေ လီတာ တစ်သောင်းကျော်ကို စုပ်ယူပေးထားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ဗြိတိန် သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက လန်ဒန်ရှိ သိမ်းစ်မြစ်ကြီး နံဘေးမှ အိမ်ခြေ (၅၃၄၀၀၀)မျှသည် ရေကြီးနိုင်သော အခြေအနေမျိုး အချိန်မရွေး ကြုံလာနိုင်ကြောင်း တွက်ချက်ထားသည်။ ယခု ဒေါင်လိုက် ပန်းခြံ စီမံကိန်းကို လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျက်ဆင်က အဓိက ကမကထပြု အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ မြို့တော်ဝန်၏ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ အကြံပေး မက်သရူး ပန်ချားဇ်က "လန်ဒန်မှာ သစ်ပင်၊ ပန်းခြံ၊ ဥယျာဉ်တွေ ပေါပေါများများ ရှိနေတာရယ်၊ ခုလိုမျိုး အမိုးနဲ့ နံရံ ဥယျာဉ်တွေ ပေါများလာတာရယ် ဆိုရင်တော့ ပြင်းထန်တဲ့ ရာသီဥတုကို သဘာဝအတိုင်း တုံ့ပြန်နိုင်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်"ဟု ပြောကြားခဲ့သည်။

ယခုဒေါင်လိုက် ဥယျာဉ် နံရံကြီး၏ ဒီဇိုင်းကို Green Roof အကြံပေး လီမိတက်က ရေးဆွဲပေးပြီး TreeBox လီမိတက်က တပ်ဆင်ခဲ့သည်။ စိုက်ပျိုးသည့် သစ်ပင်များသည် ဥတုရာသီမရွေး ဖူးပွင့်နိုင်သည့် အမျိုးအစားများကို ရွေးချယ်ထားပြီး ငှက်များ၊ လိပ်ပြာများနှင့် ပျားများကို သဘာဝဆန်ဆန် ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်