Monday, August 26, 2013

ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းမရှိကြောင်း သမ္မတရုံးဝန်ကြီး ပြောကြားပြီး သည့်နောက် ဒလမြို့နယ်ရှိ မြေကွက်များ ၀ယ်လက်များလျော့နည်း

Posted by drmyochit Monday, August 26, 2013, under | No comments

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အတွင်းပိုင်း မြေနေရာအား တွေ့ရစဉ်

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း မရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်ကာ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့သည်။ ဒလဘက်ခြမ်းရှိ မြေဈေးနှုန်းများမှာ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ပြီး ယခုလက်ရှိတွင် မြင့်တက်ဈေးနှုန်းများမှာ ထပ်မံကျဆင်းခြင်း မရှိသော်လည်း သမ္မတရုံးဝန်ကြီး ပြောကြားပြီးနောက် ၀ယ်လက်များ လျော့နည်းနေကြောင်း ဒလမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်များမှ စုံစမ်းသိရသည်။

ထိုသို့ ဈေးနှုန်းများ မြင့်တက်နေသော်လည်း ၀ယ်မည့်သူမှာ မရှိဘဲ တံတားစီမံကိန်း၏ အချက်အချာကျသော နေရာများဖြစ်သည့် ကမာကဆစ် ရပ်ကွက်တွင်မူ ရောင်းသူမှ ယခုလက်ရှိဈေးထက် ပိုမိုမြင့်တက်လာအောင် ဈေးဆွဲခေါ်လျက် ရှိကြောင်း သိရသည်။

တံတားစီမံကိန်းနှင့် နီးစပ်သည့် ကျန်စစ်သား ရပ်ကွက်တွင်လည်း ယခင်မြင့်တက်ခဲ့သော ဈေးနှုန်းမှ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပြီး ၀ယ်လက်မရှိဘဲ အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

ဒလဘက်ခြမ်းရှိ မြေဈေးနှုန်းများမှာ လမ်းမတန်းတွင် ယခင်က သိန်းရာဂဏန်းသာ ရှိရာမှ ယခုအခါတွင် သိန်းထောင်ဂဏန်း ၀န်းကျင်အထိ မြင့်တက်ခဲ့ပြီး အတွင်းပိုင်းရှိ မြေနေရာများမှာမူ သိန်းဆယ်ဂဏန်း ၀န်းကျင်မှ သိန်းရာဂဏန်း ကျော်အထိ ဈေးများ အဆမတန် မြင့်တက်ခဲ့ကြောင်း သိရသည်။

ဒလမြေပိုင်ရှင်များမှာ ဈေးမြှင့်တင် ခေါ်ယူမှုများ ရှိနေသော်လည်း လက်ရှိတွင် ၀ယ်လက် ကျဆင်းလျက် ရှိကြောင်း သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို ကိုရီးယား သမ္မတနိုင်ငံမှ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အကောင် အထည်ဖော်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးသည့် နောက်ပိုင်းတွင် ဒလမြေဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းမရှိဟူသော သတင်းကို သိရှိသော ပြည်သူများမှ ဒလဘက်တွင် မြေ၀ယ်မည့် အစီအစဉ်များ ပြန်လည်ဆိုင်းငံ့ ထားခြင်းများ ရှိလာကြောင်း သိရသည်။ ထို့ကြောင့် မြင့်တက်လျက်ရှိသော ဒလအိမ်ခြံ မြေဈေးနှုန်းများမှာ ပြန်လည်ကျဆင်း လာဖွယ်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

''ကျွန်မက တံတားထိုးမယ်ဆိုတဲ့ သတင်းကြားတော့ ဒလဘက်မှာ မြေ၀ယ်ဖို့ စုံစမ်းနေတာ။ ဒါပေမဲ့ ဈေးက မတရား မြင့်တက်နေတော့ မ၀ယ်သေးဘဲ အခြေအနေ စောင့်ကြည့်နေတာ။ ဒီရက်ပိုင်းမှာ ၀ယ်လက်တွေ မရှိဘဲနဲ့ ဈေးကမကျဘူး ဖြစ်နေတယ်။ အခုဒလကို ရန်ကုန်မြို့အဖြစ် တိုးချဲ့မယ့် အစီအစဉ် မရှိဘူးဆိုတာ ဂျာနယ်မှာ ဖတ်လိုက်ရတော့ မ၀ယ်တော့တာပါ။ အခုလို ဒလမှာ ဈေးမြင့်နေတာက ရန်ကုန်ရဲ့ သွားလာရ လွယ်တဲ့နေရာမှာတောင် ရနေတာကို ဘာလို့ဝယ်တော့မှာလဲ'' ဟု ဒလမြို့ဘက်သို့ မြေ၀ယ်ရန် စုံစမ်းနေသူက ဆိုသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်