Monday, August 26, 2013

၁၂ နှစ်သမီးကို ခိုးပြေးမိ၍ အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Monday, August 26, 2013, under | No comments


အသက် ၁၂ နှစ်အရွယ်ကလေးငယ်အား ခိုးပြေးသူကို အရေးယူပေးရန် မိန်းကလေးငယ်၏ ဖခင်က တိုင်တန်းမှု တစ်ခုကို သင်္ဃန်းကျွန်းရဲစခန်းက သြဂုတ် ၂၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မိန်းကလေးငယ်သည် တောင်ဥက္ကလာပမြို့နယ်ရှိ ဦးထုပ်ချုပ်လုပ်ငန်းတစ်ခုတွင် အလုပ် လုပ်ကိုင်နေ သူဖြစ်ပြီး သြဂုတ် ၇ ရက်က နေအိမ်မှ အလုပ်သို့ ထွက်ခွာသွားသော်လည်း ညဘက်တွင် အလုပ်ရှင်က သူမ အ လုပ်လာမဆင်းကြောင်း မိဘများထံ ဖုန်းဖြင့်အကြောင်းခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ဖခင်က လိုက်လံရှာဖွေခဲ့ရာ နှစ်ရက်ကြာသည်အထိ မတွေ့ရသဖြင့် သူ့သမီးပျောက်သည့် အမှုကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်တန်းအမှုဖွင့်ခဲ့ပြီး ဆက်လက်ရှာဖွေ နေခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

မိန်းကလေးငယ်အိမ်မှ ပျောက်သွားပြီး ၁၄ ရက်အကြာ သြဂုတ် ၂၃ ရက် နံနက်တွင် သူ့မိဘများကို ဒဂုံဆိပ်ကမ်း မြို့နယ်မှ အမျိုးသားကြီးတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ပြီး သူ့သားနှင့်အတူ သူ့အိမ်တွင် မိန်းကလေးငယ်ရောက်ရှိ
နေကြောင်း အကြောင်းကြားလာသဖြင့် ဖခင်က သွားရောက်ခေါ်ဆောင်ခဲ့ သည်ဟု ဆိုသည်။

မိန်းကလေးငယ်က ၎င်းကို ကျိုက္ကဆံဘုရားတွင် တွေ့ဆုံခဲ့ဖူးသည့် မောင်ဩဩဩ..က အလုပ်သွားရာ လမ်းတွင် စက်ဘီးဖြင့် စောင့်ကြိုနေပြီး ဖျားယောင်းသွေးဆောင်၍ သူ့နေအိမ်သို့ ခေါ်ဆောင်သွားကာ သားမယားပြုကျင့် ခဲ့ကြောင်း ဖခင်ဖြစ်သူကို ပြန်ပြောပြသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မိန်းကလေး၏ ဖခင်ကလည်း မောင်ဩဩဩကို သြဂုတ် ၂၄ ရက်၌ သင်္ဃန်းကျွန်းရဲစခန်းတွင် တိုင်တန်းလိုက်ပြီး ရဲစခန်းက အမှုအမှတ်(ပ) ၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု တိုင်းရဲဌာနက ဆိုသည်။

မိန်းကလေးကို ခိုးပြေးပြီး ပေါင်းသင်းနေထိုင်ခဲ့သူကိုမူ ရဲဌာနက စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းမိပါကလည်း သူ့ကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မကျူးလွန်မှုဖြင့် တရားစွဲနိုင်ချေရှိသည်ဟု တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ဇော်ဇော်ထွေး | မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်