Monday, August 26, 2013

ဆက်ဆံရေးတိုးတက်လာစေရန် အိန္ဒိယထောင်သားများကို ပါကစ္စတန်လွှတ်ပေး

Posted by drmyochit Monday, August 26, 2013, under | No comments


ဝါဂါ၊ပါကစ္စတန်၊ သြဂုတ် ၂၄။

ပါကစ္စတန် အစိုးရသစ်အနေနှင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာရေး အမှတ်အသားတစ်ခုအဖြစ် ဖမ်းဆီးထားသည့် အိန္ဒိယမှအကျဉ်းသား ၃၃၇ ဦးကို စနေနေ့တွင် လွှတ်ပေးလိုက်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားတွင် အငြင်းပွားနေကြသည့် ကက်ရှ်မီးယားဒေသတွင် နယ်စပ်တစ်လျှောက် ယခုလအတွင်း တိုက်ခိုက်မှုအများအပြား ရှိခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ရှာရစ်က အိန္ဒိယနှင့်ဆက်ဆံရေးသည် စီးပွားရေးကိုပြန်လည်း အဖတ်ဆည်ရာတွင် အဓိကကျကြောင်း ပြောကြားသော်လည်း အရပ်သား အစိုးရအုပ်ချုပ်ချိန်တွင်ပင်
ပါကစ္စတန် စစ်တပ်သည် နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီများကို ကိုင်ထားသည်။

ယခုလွှတ်ပေးလိုက်သည့် ဖမ်းဆီးခံထားရသူများတွင် လွန်ခဲ့သည့် နှစ်နှစ်တွင်းက ပါကစ္စတန်တို့က ၎င်းတို့ရေပိုင်နက်ဟု ယူဆကြသည့် ပိုင်နက်တွင်းသို့ ဝင်ရောက်လာသောကြောင့် ထိန်းသိမ်းခံရသည့် ငါးဖမ်းသမားများ ပါဝင်ပြီး ၎င်းတို့ကို ပါကစ္စတန်နိုင်ငံ လာဟိုးမြို့နှင့် အိန္ဒိယနိုင်ငံ အာရစ်ဆာမြို့ကြားရှိ ဝါဂါနယ်စပ်ဂိတ်မှတဆင့် အိမ်ပြန်ပို့ဆောင်ပေးခဲ့သည်။

“ပါကစ္စတန်နဲ့အိန္ဒိယဟာ အတိတ်တုန်းကတော့ တစ်နိုင်ငံတည်းပါ။ အဲဒါကြောင့် နှစ်နိုင်ငံဟာ ညီအစ်ကိုလိုမျိုး ငြိမ်းချမ်းစွာနေထိုင်ပြီး သဘောမျှနေသင့်ပါတယ်”ဟု ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရပြီးနောက် ယခုအိမ်ပြန်ရသည့် ငါးဖမ်းသမား တစ်ဦးက ပြောကြားသည်။

သို့သော် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “နိုင်ငံသားတွေဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး ထောင်ကျရက်ပြီးသွားတဲ့ လူတွေကို လွတ်ပေးခြင်းဖြစ်ပါတယ်။ ဒါဟာ ပုံမှန်လုပ်ရပ်ပါ၊ တုံ့ပြန်ဆောင်ရွက်ပေးခြင်းမျိုး မဟုတ်ပါဘူး”ဟု ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပြောကြားသည်။

အိန္ဒိယနှင့် ပါကစ္စတန်သည် ၁၉၄၇ခုနှစ် ဗြိတိန်လက်အောက်မှ လွတ်မြောက်ပြီးချိန်မှစ၍ စစ်ပွဲသုံးပွဲ တိုက်ခဲ့ကြပြီး နှစ်ပွဲသည် ဟိမဝန္တာတောင်တန်းဒေသ ကက်ရှ်မီးယားရှိ မွတ်ဆလင် အများစုနေထိုင်ရာ နေရာတွင် ဖြစ်ပွားခဲ့သည်။

Ref:Reuters
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်