Wednesday, June 11, 2014

အမျိုးသမီးတွေ မျိုးဥကြွေရက်သိရှိဖို့

Posted by drmyochit Wednesday, June 11, 2014, under | No comments

အမျိုးသမီးတွေဟာ ကလေးယူချင်တဲ့အခါ မျိုးဥကြွေတဲ့ရက်ကို ကြိုတင်သိရှိနိုင်ပါက ပိုမိုအဆင်ပြေတာတွေ့ရပါတယ်။ကလေးရဖို့ ကြိုတင်ပြင်ဆင်နိုင်သလို အခွင့်အရေးပိုများတယ်။ ဆေးပညာအရ မျိုးဥကြွေမယ့်ရက် ကြိုတင် သိရှိနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။
ကိုယ်အပူချိန်တိုင်းတာခြင်း၊
မွေးလမ်းကြောင်းမှ တီဗွီဓာတ်မှန်ရိုက်ခြင်း၊
သွေးစစ်ခြင်း၊
ဆီးစစ်ခြင်း၊
သားအိမ်ခေါင်းမှ အရည်ကို စမ်းသပ်ခြင်း၊
သားအိမ်တွင်းနံရံမှ အသားစယူခြင်း၊
စသည်ဖြင့် အမျိုးမျိုးစစ်ဆေးနိုင်ပါတယ်။
ဒီထဲမှာ အလွယ်ကူဆုံးက အပူချိန်တိုင်းခြင်းနဲ့ ဆီးစစ်ခြင်းတို့ ဖြစ်ကြပါတယ်။ ဆီးစစ်ခြင်းဟာ မျိုးဥကြွေရက်သိရှိဖို့ အတွက် ပိုမိုအသုံးဝင်သလို ပိုမိုတိကျတာတွေ့ရပါတယ်။

LH (luteinizing hormone)ဆိုတာ
ဦးနှောက်မှာရှိတဲ့ ပစ်ကျူထရီဂလင်း(pituitary gland)ကနေ luteinizing hormoneဆိုတာကို ထုတ်လုပ်ပေးပါတယ်။ ovaryမျိုးဥအိမ်ကနေ eggမျိုးဥထုတ်လုပ်ဖို့ LHဟော်မုန်းက လှုံ့ဆော်ပေးရတယ်။ မျိုးဥအိမ်က မျိုးဥထုတ်လုပ်တဲ့ဖြစ်စဉ်ကို ovulation မျိုးဥကြွေခြင်းလို့ ခေါ်ပါတယ်။ ထွက်လာတဲ့ မျိုးဥဟာ ၂၄နာရီအတွင်း sperm သုတ်ကောင်နဲ့ ပေါင်းစပ်တဲ့အခါ fertilization မျိုးအောင်ပြီး ကလေးရနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟော်မုန်းဓာတ်တွေဟာ သွေးထဲမှာများလာတဲ့အခါ ဆီးထဲမှာလည်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

LH surge ဆိုတာ
သွေး(သို့) ဆီးထဲမှာ LHပမာဏရုတ်တရက် များလာတာကို ခေါ်ပါတယ်။ ဒီလိုများလာပြီး မကြာမှီ မျိုးဥကြွေတော့မယ်ဆိုတာ သိရှိနိုင်တယ်။ LH surgeဖြစ်ပြီး ၂၄နာရီမှ ၄၈နာရီအတွင်း မျိုးဥကြွေတတ်ပါတယ်။ မျိုးဥကြွေတဲ့ရက်တွေမှာ အတူနေရင် ကလေးရဖို့ အခွင့်အလန်း ပိုများစေပါတယ်။ ထွက်လာတဲ့ မျိုးဥတွေဟာ ၂၄နာရီအတွင်း သုတ်ပိုးနဲ့ပေါင်းစပ်နိုင်မှ ကိုယ်ဝန်ရနိုင်တယ်။ဒါ့ကြောင့် ကလေးလိုချင်သူတွေဟာ LH surgeဖြစ်ပြီး ၂၄နာရီနောက်ပိုင်းနဲ့ ၄၈နာရီအတွင်း အတူနေသင့်တယ်။

Urine LH surge test ဆီးစစ်ခြင်း
Test strip ဆီးစစ်တံ သုံးပြီး စစ်နိုင်သလို cassette ဆီးစစ်ပစ္စည်း သုံးပြီး စစ်ဆေးနိုင်တယ်။ test stripဆီးစစ်တံက ဈေးပိုချိုမယ်။ တစ်ဗူးမှာ ၅ချောင်းမှ ၇ ချောင်းထိပါနိုင်တယ်။ အဖြေကို မိနစ်ပိုင်းအတွင်းသိနိုင်တယ်။LHစစ်တဲ့အခါ မနက်ခင်းသွားတဲ့ ဆီးနဲ့ မစစ်သင့်ဘူး။ အဖြေမှားတတ်တယ်။ မနက်ပိုင်းမှာ ဟော်မုန်းအများစုဟာ synthesis လုပ်ကြတယ်။ ဒါ့ကြောင့် မနက် ၁၀နာရီမှ ည ၈နာရီအတွင်း သွားတဲ့ဆီးကို စစ်ကြည့်ရတယ်။ အကောင်းဆုံးက နေ့လည် ၁၂နာရီနောက်ပိုင်းနဲ့ ညနေ၄နာရီအတွင်းသွားတဲ့ဆီးမျိုးကို စစ်ဆေးသင့်တယ်။ ဆီးမစစ်ခင် ၂နာရီအတွင်း အရည်ကို လျှော့သောက်သင့်တယ်။ ဆီးစစ်တဲ့အခါ ဆီးရောင်ဝါနေရင် ပိုကောင်းတယ်။ LHစစ်ဖို့အတွက် ဆီးအောင့်ထားဖို့ မလိုအပ်ဘူး။

Test strip ဆီးစစ်တံနဲ့ စစ်ဆေးခြင်း
ညနေပိုင်းသွားတဲ့ဆီးကို သန့်စင်တဲ့ခွက်တခုနဲ့ ခံယူပါ။
Test stripကို ဆီးထဲသို့ stop line အနက်လိုင်းရောက်အောင် တည့်တည့်နှစ်ပါ။
၅စက္ကန့်ခန့်နှစ်ပြီး စားပွဲပေါ် တင်ကြည့်ပါ။
၅မိနစ်အတွင်း ပေါ်လာသောအဖြေကို ဖတ်ပါ။
Control တလိုင်းသာပေါ်လျှင် negative ဖြစ်ပြီး နှစ်လိုင်းပေါ်လျှင် LH surge positiveဖြစ်ပါတယ်။ အကယ်၍ တလိုင်းမှာ အရောင်မှိန်နေလျှင် negative ဟုသာ သတ်မှတ်ရပါမယ်။

Cassette ဆီးစစ်ပစ္စည်းနှင့် စစ်ဆေးခြင်း
-ညနေပိုင်းဆီးကို သန့်စင်သောခွက်တခုနဲ့ ခံယူပါ။
-test kit အထုပ်ထဲမှာ ပါဝင်သော dropperယူပြီး ဆီးအနည်းငယ် စုပ်ယူ့ပါ။
-ထို့နောက် cassette boxထဲသို့ ဆီး၅စက်ခန့် ထည့်ပါ။
-အဖြေကို ၁၀မိနစ်အတွင်း ဖတ်ရှုနိုင်ပါတယ်။ အများအားဖြင့် ၁မိနစ်အတွင်း အဖြေပေါ်ပါလိမ့်မယ်။
-၁၀မိနစ်နောက်ပိုင်းအဖြေကို အတည်မယူသင့်ပါ။
-Control တလိုင်းသာပေါ်လျှင် negative ဖြစ်ပြီး နှစ်လိုင်းပေါ်လျှင် LH surge positiveဖြစ်ပါတယ်။ အကယ်၍ တလိုင်းမှာ အရောင်မှိန်နေလျှင် negative ဟုသာ သတ်မှတ်ရပါမယ်။

စစ်တဲ့အခါ မိမိရာသီစက်ဝန်းကိုကြည့်ပြီး စစ်ဆေးရပါတယ်။ ပုံမှန် ၂၈ရက်တစ်ခါ ရာသီလာသူတွေဟာ အလယ်ရက်တွေမှာ မျိုးဥကြွေတတ်ပါတယ်။ ၂၈ရက် ရာသီလာသူတွေဟာ ၁၁ရက်မှ ၁၄ရက်အတွင်း မျိုးဥကြွေတတ်တယ်။ တယောက်နဲ့ တယောက်တော့ မျိုးဥကြွေရက်မတူညီကြဘူး။ တခါတရံ ရာသီလာပေမယ့် မျိုးဥမကြွေတာ၊ LH surge မဖြစ်တာမျိုးတွေ့ရတတ်တယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုတယ်။ တခါတရံ LH surgeဖြစ်ပြီး အတူနေပေမယ့် ကလေးမရတာမျိုးလည်း ဖြစ်နိုင်တယ်။ ကလေးရဖို့ဆိုတာ တခြားအခြေခံအကြောင်းအရာတွေလည်း လိုအပ်သေးတယ်။ မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကောင်းတဲ့အချက်က ဆီးစစ်ရတာ လွယ်ကူသလို အဖြေဟာ ၉၉.၈ရာခိုင်နှုန်း မှန်ကန်တယ်။ဆီးထဲမှာ အနည်းဆုံး LH ပမာဏ 20mIUပါရင် positiveရှိတယ် လို့ပြမယ်။ တရက် တကြိမ်ဆီးစစ်တာနဲ့ လုံလောက်တယ်။ ကိုယ်ဝန်မရသေးရင် နောက်ရာသီစက်ဝန်းတွေမှာလည်း ထပ်မံစစ်ဆေးဖို့လိုအပ်သေးတယ်။ ၆လအတွင်း ကိုယ်ဝန်မရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။

ရာသီစက်ဝန်း ဘယ်ရက်တွေမှာ စတင်စစ်ဆေးမလဲ။
၂၁ရက်တခါ ရာသီလာတဲ့သူတွေဟာ ရာသီစပေါ်ပြီး ၆ရက်မြောက်နေ့မှာ ဆီးစတင် စစ်ဆေးရမယ်။၂၈ရက်တခါရာသီလာသူတွေက ရာသီစပေါ်ပြီး ၁၁ရက်မြောက်နေ့မှာ ဆီးစစ်ရမယ်။ ရာသီမမှန်တာရှိရင် နောက်ဆုံးရာသီလာတဲ့ ၃လအတွင်း ပျမ်းမျှယူပြီး တွက်ချက်ရမယ်။

ပုံမှန်လာတတ်တဲ့ ရာသီရက် ဆီးစစ်သင့်တဲ့ရက်
၂၁ရက်၊၂၂ရက် ၆ရက်မြောက်နေ့
၂၃ရက်၊၂၄ရက် ၇ရက်မြောက်နေ့
၂၅ရက် ၈ရက်မြောက်နေ့
၂၆ရက် ၉ရက်မြောက်နေ့
၂၇ရက် ၁၀ရက်မြောက်နေ့
၂၈ရက် ၁၁ရက်မြောက်နေ့
၂၉ရက် ၁၂ရက်မြောက်နေ့
၃၀ရက် ၁၃ရက်မြောက်နေ့
၃၁ရက် ၁၄ရက်မြောက်နေ့
၃၂ရက် ၁၅ရက်မြောက်နေ့
၃၃ရက် ၁၆ရက်မြောက်နေ့
၃၄ရက် ၁၇ရက်မြောက်နေ့
၃၅ရက် ၁၈ရက်မြောက်နေ့
၃၆ရက် ၁၉ရက်မြောက်နေ့
၃၇ရက် ၂၀ရက်မြောက်နေ့
၃၈ရက် ၂၁ရက်မြောက်နေ့

ဆီးစစ်တဲ့အခါ အနည်းဆုံး ၅ရက်ခန့် ဆက်တိုက်စစ်ဖို့လိုအပ်သလို ထပ်စစ်ဖို့ လိုကောင်းလိုနိုင်တယ်။ positiveပြသည်အထိ ဆက်တိုက်စစ်သွားပါ။ ရာသီပြန်ပေါ်ချိန်အထိ positiveမပြရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

LH စစ်ဆေးတဲ့အခါ အချို့ဆေးတွေဟာ ဆီးအဖြေကို ပြောင်းလဲနိုင်တယ်။
အီစတိုဂျင်၊ပရိုဂျက်စတီရုန်း၊တက်စတိုစတီရုန်းပါတဲ့ ဟော်မုန်းဆေးတွေဟာ LHပမာဏ လျှော့နည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်တားဆေးတွေက ဆီးအဖြေကို ပြောင်းလဲနိုင်တယ်။ရာသီရက်ပုံမှန်ဖြစ်အောင် ၂လလောက်စောင့်ပြီးမှ စစ်သင့်တယ်။
Clomipheneပါတဲ့ မျိုးဥကြွေဆေးတွေက LH ပမာဏ များပြားစေမယ်။ ဒါ့ကြောင့် ဆေးဖြတ်ပြီး ၂ပတ်လောက်နေမှ ဆီးစစ်သင့်တယ်။
LH surge testကို တခြားရောဂါတွေအတွက်လည်း သုံးတတ်သေးတယ်။
သားအိမ်ပြင်ပသန္ဓေတည်စေဖို့မျိုးဥယူတဲ့အခါ၊
PCOS သားဥအိမ်ရောဂါ၊
သွေးဆုံးတဲ့အခါမျိုးတွေနဲ့
သားဥအိမ်မကောင်းတဲ့အခြေအနေမျိုးတွေမှာ သုံးတတ်သေးတယ်။

ဒေါက်တာ အေးမင်းထူး
Health Care Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်