Wednesday, June 11, 2014

သတ္တမတန်းကျောင်းသူ ကားနှင့်ချိတ်ပါသေဆုံးမှု ရဲနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Wednesday, June 11, 2014, under | 2 comments


မန္တလေး၊ ဇွန် ၁၀

စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသော မန္တလေးမြို့တော်တွင် ဇွန်လ ၉ ရက်နေ့ ည ၉ နာရီကျော်ခန့်က ၆၂ လမ်းပေါ်ရှိ ခုတင် ၃၀၀ ဆံ့ အထူးကု ဆေးရုံကြီးရှေ့၌ မြောက်မှတောင်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး မောင်းနှင် ထွက်ပြေးစဉ် ဆိုင်ကယ်ပေါ်မှ သတ္တမတန်း ကျောင်းသူမှာ ယင်းကားနှင့် ချိတ်ပါသွားကာ ပွဲချင်းပြီး သေဆုံးခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကို တွေ့မြင်၍ ဒေါသတကြီး လိုက်ပါလာသော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အမှုကို မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ Tiger 4wheel ကား နံပါတ် ygn 6f 5237 သည် ကျူရှင်ကြို ပြန်လာသော သားအမိ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီး ယာဉ်ကို ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော သတ္တမတန်း ကျောင်းသူမှာ ယာဉ်နှင့် ၁၅ ပေနီးပါးခန့်အထိ ငြိပါသွားခဲ့ပြီး ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအမှု မျက်မြင်သက်သေများထံမှ သိရသည်။

“ကားက ဆိုင်ကယ်ကို တိုက်မိလိုက်ပြီး ဆိုင်ကယ် ခါယမ်းသွားတာကို မြင်တော့ မရပ်ဘဲ မောင်းပြေးတယ်။ ကံဆိုးချင်တော့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ခုနစ်တန်း ကျောင်းသူလေးက ကားနဲ့ငြိပါသွားတယ်။ အဲဒါကို ဘေးကလူတွေကမြင်လို့ ဝိုင်းအော်တာတောင် ရပ်မပေးဘဲ မောင်းပြေးသွားတယ်။ ဒါနဲ့ ဘေးနားက လူတွေအားလုံး ဒီကားနောက်ကို လိုက်ကြတော့ သူနာပြု တက္ကသိုလ်ရှေ့မှာ တခြားကားတစ်စီးကို တိုက်မိပြီး မှောက်သွားတယ်။ နောက်က လိုက်လာတဲ့ လူတွေလည်း အုံနေတာပေါ့။ ပြီးတော့ ရဲတွေ ရောက်လာတယ်၊ ဒေါသထွက်နေတဲ့ လူအုပ်ကလည်း ဒီတိုက်သွားတဲ့ ကားသမားကို ထုတ်ပေးခိုင်းတဲ့အချိန် ရဲတွေနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့ အနေအထား ဖြစ်သွားတယ်” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ဦးအောင်ခန်းမိုးက ဆိုသည်။

အဆိုပါယာဉ်သည် သူနာပြုတက္ကသိုလ် ရှေ့အရောက်တွင် ရှေ့မှ မတ်တူးယာဉ်ကို တိုက်မိကာ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်သွားကြောင်း၊ မိနစ်ပိုင်း အတွင်းတွင် အဆိုပါ ဖြစ်ပွားသည့် နေရာသို့ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ ရောက်ရှိလာချိန်တွင် လူဦးရေ ၅၀ ကျော်ခန့်ရှိသော လူအုပ်ကြီးသည် အဆိုပါ ယာဉ်မောင်းနှင်သူကို ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က ထုတ်ပေးရန် ငြင်းဆန်သည့် အချိန်တွင် လူအုပ်ကြီးက အဆိုပါယာဉ်ကို ခဲများဖြင့် ပစ်ပေါက်ရာ အဆိုပါ ကားအနီးတွင် ရပ်တန့်ထားသော ရဲအချုပ် ကားကိုလည်း ထိမှန်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ယင်းလူအုပ်ကြီးသို့ ယာဉ်မောင်းနှင်သူကို ပြင်းထန်စွာ အရေးယူပေးမည်ဟု ကတိပေးပြီးမှ ရုန်းရင်းဆန်ခတ်မှု ပြေလည် သွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ နေရာတွင်ရှိနေသူ ဦးနေမျိုးက ပြောကြားသည်။

“ကားချင်း တိုက်ခံလိုက်တဲ့ မတ်တူး ကားပိုင်ရှင် ဦးတင်ထွေးကို ကျေးဇူးတင်ရမှာပါ။ ဒီကားနဲ့ တိုက်မိသွားလို့သာ မောင်းပြီး ထွက်ပြေးသွားတဲ့ကားက လမ်းဘေးကို ထိုးချသွားပြီး တိမ်းမှောက် ရပ်တန့်သွားလို့ ဖမ်းမိသွားတာ။ မဟုတ်ရင် ဘယ်အထိ ပြေးမလဲမသိဘူး။ တိုက်ခံလိုက်ရတဲ့ ကားလည်း တော်တော် ပျက်စီးသွားပုံရတယ်။ ကားကို မဆင်မခြင်မောင်း၊ ယာဉ်တိုက်မှုဖြစ်တော့ ထွက်ပြေးတယ်။ ကြားထဲက ကလေးငယ်လေးတစ်ဦးက အပြစ်မဲ့ သေဆုံးသွားခဲ့ရတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးငယ်မှာ အ.ထ.က ၁၄ မှ သတ္တမတန်း ကျောင်းသူ ဖြစ်ကြောင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်သူ အသက် ၂၀ နှစ်အရွယ် ဦးခန့်ညားလှိုင်ကို ယာဉ် ပ/၁၅၊ ပြစ်မှုဆိုင်ရာပုဒ်မ ဥပဒေ ၃၀၄က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ကျွန်တော့်ကားကို ဝင်တိုက်သွားတယ်။ တိုက်မိတဲ့အရှိန်နဲ့ တစ်ဖက်လမ်းကြော ရောက်သွားပြီးတော့ မှောက်သွားတယ်။ ကျွန်တော့်ကား ရှေ့ပိုင်းလည်း စုတ်ပြတ်သွားတယ်”ဟု ကားဖြင့်တိုက်ခံရသည့် အခြားကားတစ်စီး၏ ပိုင်ရှင်ဖြစ်သူ ဦးတင်ထွေးက ပြောကြားသည်။

The Voice Weekly

2 comments:

ဒီလောက်ဆိုးတဲ့ယာဉ်တိုက်မှုကို ကျူးလွန်တဲ့ အဆင့်မရှိတဲ့ အသက်၂၀ အရွယ် ခွေးသတောင်းစားလေးကိုများ ဦးခန့်ညားလှိုင်တဲ့။ သတင်းရေးတဲ့သူ ဦးဏှောက် မရှိဘူးလား။

နောက်ပြီး မောင်းပြေးတဲ့ကားက မတ်တူးကားကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတယ် လို့ရေးထားတာကလည်း မှားနေပါတယ်။ ခွေးသတောင်းစားလေး ခွေးညားလှိုင် ကားရှေ့ကို တမင်တကာ ဝင်အတိုက်ခံပြီးဖမ်းပေးတာပါ။ ကားအမျိုးအစားကလည်း Mark II မဟုတ်ပါဘူး။ Royal Crown (1H/4149) ဖြစ်ပြီး ပိုင်ရှင်က နေပြည်တော်က ဆရာဝန် ဦးတင်ထွေးပါ။ သတင်းရေးသူ အသေချာစုံစမ်းပြီးမှ ရေးပါ။ အလွန်ညံ့ပါသည်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်