Monday, October 15, 2012

သမ္မတအကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေမှ Burma Today သို့ ဖြေကြားချက်များ (၁)

Posted by drmyochit Monday, October 15, 2012, under | No comments





၂၀၁၂ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို သွက်သွက်လက်လက် လုပ်ဆောင်နေကြ တာကို တွေ့ရတယ်။ ထို လုပ်ငန်းစဉ်ကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား လက်နက် ကိုင်၊ တက်ကြွလှုပ်ရှားသူတွေ့ သက်ဆိုင်ရာနေရာကနေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ထို သို့ ဆောင်ရွက်နေ သူများအနက် မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး အဖွဲ့ဝင် တဦးဖြစ်ပြီး တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပွဲ ကိစ္စများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူ ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခွင့် ကြုံခဲ့ရပါတယ်။ ထိုသို့ မေးမြန်းခွင့် ပြုတဲ့ ဦးလှမောင်ရွှေ ကိုလည်း ယနေ့မြန်မာ အနေနဲ့ ကျေးဇူးဥပကာယ အထူး တင်ရှိ ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အတွင်းကျကျ လေ့လာမယ်ဆိုရင် မမြင်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတာ ကို မြင်တွေ့ ရနိုင်ပါတယ်။ ထို အခက်အ ခဲတွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ၊ ဘာတွေ လုပ်ကိုင်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေ ပြောပြတဲ့ စကားများအနက် ဖော်ပြခွင့်ရသမျှကို အားလုံး အတွက် ဝေမျှလိုက်ပါတယ်။ ဦးလှမောင်ရွှေနဲ့ မေးမြန်းမှုကို ၂၀၁၂ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး နယူးယောက်မှ ၀ါရှင်တန်ဒီစီမြို့တော်ဆီ မော်တော်ကားနဲ့ ခရီးသွားနေတဲ့ ဦးလှမောင်ရွှေကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ယနေ့မြန်မာ။ ။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိ ကန်ပြည်ထောင်စု ခရီးစဉ်မှာ အစ်ကိုတို့ သမ္မတအကြံပေးအဖွဲ့၊ မြန်မာဝန်ကြီးများ ပါဝင်ကြတာကို တွေ့ရပြီး အမေရိကန်ပြည်ထောင် စုကလည်း မြန်မာပြည်နဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံ လုပ်ကိုင်လိုတဲ့ ဆန္ဒတွေ တွေ့ရပါတယ်။ ဒီတော့ အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး အောင်မြင်မှု၊ လိုအပ်မှု အပါအ ၀င် မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကျဉ်း ဖြစ်ဖြစ် ပြောပေး ပါလား ခင်ဗျာ။


ဦးလှမောင်ရွှေ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့အနေနဲ့ ဒီ ခရီးစဉ်မတိုင်မီ ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ကိုင်ခဲ့ ပါတယ်။ ၀န်ကြီး ဦးအောင်မင်းဆိုရင် စက်တင်ဘာ ၁၇ ရက်နေ့က ထွက်လာတယ်။ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ကြိုတင် ပြင်ဆင်ထားတာထက် ကြိုတင် မျှော်လင့်ထားတာထက် ပိုပြီးတော့ ခရီးစဉ်က အောင်မြင်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့ လေ။ ၀န်ကြီး ဦးအောင်မင်းရော၊ သမ္မတကြီးရော ကျန်တဲ့ ၀န်ကြီးတွေအနေနဲ့ရော ဒီ ခရီးစဉ်မှာ ကြိုတင် ပြင်ဆင်ထားတာ အပြင် ဒီရောက်မှ လုပ်ခဲ့ရ တာတွေလည်း ရှိပါတယ်။ ခြုံပြီးပြောရရင် အမေရိကန်နဲ့ ဆက်ဆံရေး ပိုကောင်းလာသလို သမ္မတနဲ့ ၀န်ကြီးများ အနေနဲ့လည်း တိုင်းပြည်အတွက် လုပ်ပေးစရာတွေ ပို ရှိလာတော့ သူတို့အနေနဲ့လည်း အားတက် လာတယ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ ၀န်ကြီး ဦးအောင်မင်းဆိုရင် ၁၉၊ ၂၀၊ ၂၁ သုံးရက်ထဲ မှာကိုပဲ အစည်းအဝေး၊ တွေ့ဆုံပွဲအားလုံးပေါင်း ၂၀ ကျော်လောက် လုပ်ခဲ့နိုင်ခဲ့တယ်။ ၀န်ကြီး ဦးအောင်မင်းနဲ့ မြန်မာမိသားစုများနဲ့ မေရီလဲန်းမှာ တွေ့နိုင်ခဲ့တယ်။ နယူးယောက်မှာဆိုရင်လည်း စက်တင်ဘာ ၂၉ ရက်နေ့က ၀န်ကြီး ဦးစိုးသိန်းနဲ့ နယူးယောက် မြန်မာမိသားစုနဲ့ တွေ့နိုင်ခဲ့တယ်။ တဖက် က ပြန်ကြည့်ရင် ဒီ ခရီးစဉ်မတိုင်မီလေးမှာ ကပ်ပြီး အမေရိကန်ဘက်က သံတမန် ကိစ္စ လျော့ပေါ့မှုတွေ လုပ်ပေးခဲ့တော့ သွားလာမှုတွေ လုပ်နိုင်ခဲ့တယ်။ မဟုတ်ရင်တော့ ဒီလို သွားလို့ မရဘူး။ အဝေးရောက် မြန်မာတွေကိုလည်း ရှင်းပြလို့ မရဘူး ပေါ့။ ကျွန်တော်တို့အနေနဲ့က တွေ့ဖို့ ဆုံပေးချင်တယ်။ ဒီလို လုပ်ပေးနိုင်ရင် တဖက်နဲ့တဖက်က ယုံကြည်မှုတွေ ပိုရပြီးတော့ နားလည်နိုင်တာတွေ ရှိမယ်လို့ ယုံကြည် လို့ ဒီပွဲတွေ စီစဉ်တဲ့သဘောပဲ ဗျ။

ယနေ့မြန်မာ။ ။ ဒီခရီးစဉ်အတွင်းမှာ အစိုးရ၀န်ကြီးတွေနဲ့ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံနိုင်တယ်။ ၁၉၆၂ ခုနှစ်ကစပြီး ကြည့်ရင် ဒီလို ဆုံတွေ့တယ်ဆိုတာ မရှိသလောက်ပဲ လေ။ နောက်တခါ သမ္မတကြီး ဆိုရင်လည်း ဘီဘီစီ Hard Talk အစီအစဉ်ကနေ နိုင်ငံတကာကို ရှင်းပြနိုင်တယ်။ စက်တင်ဘာ ၂၉ ရက်နေ့ နယူးယောက် တွေ့ဆုံပွဲမှာဆိုရင် ၀န်ကြီး ဦးစိုးသိန်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား၊ ရှင်းရှင်း လင်းလင်း ပြောခဲ့တာ တွေ့ရတယ်။ လက်ရှိ ပြုပြင်ရေးလုပ်ကိုင်နေတဲ့ ၀န်ကြီးတွေဟာ ပိုပြီး ပွင့်လင်း မြင်သာတာ တွေ့ရတယ်။ ဒီလို ဖြစ်လာခြင်းဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ် လို အကျိုး သက်ရောက်မှု ရှိပါသလဲ၊ ဒိထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောမယ့် ၀န်ကြီးတွေ၊ အရာရှိကြီးတွေ ဘယ်လောက် များများ ရှိလာနိုင်ပါသလဲ စသည်ဖြင့် ရှင်းပြပေးပါလား ခင်ဗျ။ ဦးလှမောင်ရွှေ။ ။ ဦးမြင့်လှိုင် ရေ။ ကျွန်တော်တို့ဘက်က မြင်မိတာကတော့ အရင်တုန်းက စနစ်တုန်းကတော့ (ကောင်းခြင်း ဆိုးခြင်း ကို ပြောတာထက်) ဒါတွေ လုပ်ခွင့် အခွင့်မသာဘူးပေါ့ နော်။ အရင်တုန်းက သူတို့ရဲ့ စွမ်းဆောင် မှုကို ပြဖို့ ခက်ခဲ့တယ်လို့ ပြောရမှာပဲ ဗျ။ အခုကတော့ ဖြန့်ခွဲပြီး ကျင့်သုံးရတာမျိုးဖြစ်တော့ ဥပမာ - လွှတ်တော် ဆိုရင် နှစ်ပေါင်း ၅၀ အတွင်းမှာ အဆောက်အအုံအသစ်၊ ပါဝင်သူအသစ်တွေ ပါဝင်လာတယ်။ စီမံခန့်ခွဲတဲ့ ဘက်မှာလည်း ပုံစံအသစ်နဲ့ လုပ်ရတာ ဖြစ်နေတယ်။ ပါဝင်သူတွေအနေနဲ့ကလည်း သမ္မတ ဦးသိန်းစိန် တို့လို၊ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့လို လူကြီးတွေတချို့က အရင်အစိုးရလက်ထက်က ပုဂ္ဂိုလ်တွေ ဖြစ်ပေမယ့် သူတို့ရဲ့ စိတ်ကောင်းနှလုံးကောင်းကို ရိုးရိုးသားသားနဲ့ လုပ်နိုင်တာကို ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ စနစ်တခု ပြောင်းတယ်၊ ပါဝင် လုပ်ကိုင်ကြ သူတွေရဲ့ ပြည်သူ့အပေါ်မှာထားတဲ့ စိတ်ကောင်းနှလုံးကောင်းကြောင့် ဒီလို အပြောင်း အလဲတွေ ဖြစ်လာတယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ ၀န်ကြီး ဦးစိုးသိန်း ပြောသွားတာတွေကို စက်တင် ဘာ ၂၉ ရက်နေ့က ဆရာတို့လည်း နားထောင်ခဲ့တာပဲ။ သူတို့က လုပ်ချင်စိတ် ရှိတယ်။ ပြောင်းလဲစေ ချင်တယ်။ ဒါပေမယ့် သူတို့မှာ အကန့်အသတ်တွေ အများကြီး ရှိနေတယ်။ တဖြေးဖြေးတော့ ကျန်တဲ့ ၀န်ကြီးတွေလည်း ပိုပြီး ပွင့်လင်းလာမယ်၊ နွေးနွေးထွေးထွေးနဲ့ ဖြစ်လာနိုင်ပါတယ်။ ဘယ်လောက် ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာကတော့ စိန်ခေါ်မှုတခုပဲ။ အမေရိကားကို ရောက်နေတဲ့ မြန်မာတွေကို ရှင်းပြတယ် ဆိုတာကိုက ဆရာတို့လည်း နှစ်ပေါင်း အများကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်တယ်။ ကျွန်တော် တို့ မြန်မာ Egress လို ၂၀၀၅၊ ၂၀၀၆ ခုနှစ်က ထူထောင်ခဲ့တဲ့ အဖွဲ့မျိုးမှာ မျှော်လင့်ချက်တွေ အများကြီး ရှိတာတောင် မှ မျှော်လင့်ခဲ့တဲ့အိပ်မက်က ဒီလောက် မြန်မြန် ဖြစ်လာမယ်လို့ တကယ်ကို မထင်ထားတာ။ ဒါကို ကျွန်တော် တို့က ဆက်ပြီး ရေရှည်လုပ်သွားနိုင်ဖို့ ထပ်ပြီး ချဲ့ထွင် လုပ်ကိုင်ဖို့ဆိုတာ အားလုံးက ယုံကြည်မှု ရှိရင် နားလည်မှုရှိရင် မြန်မှာပဲ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တာ ထက် ပို ကြာသွားနိုင်တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်