Saturday, December 22, 2012

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ လာရောက်လုပ်ကိုင်သည့် စီမံကိန်းအားလုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ဆိုင်ရာသက်ရောက်မှု ဆန်းစစ်ချက် (EIA,SIA) ပါဝင်မှုနည်းပါးနေသဖြင့် ပြန်လည်လေ့လာနိုင်ရန် JICA မှ ODA ပေးမည်ဟုသိရ

Posted by drmyochit Saturday, December 22, 2012, under | No comments


မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအားလုံးတွင် သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုဘ၀ဆိုင်ရာ သက်ရောက်မှုဆန်းစစ်ချက် (EIA,SIA) များ ပြုလုပ်ရန်အတွက် JICA မှ ODA ပေးသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်းက ဒီဇင် ဘာလ ၂၁ရက်နေ့က ပြောကြားခဲ့သည်။

“မြန်မာတပြည်လုံးက စီမံကိန်းတွေအတွက် EIA,SIA လုပ်ဖို့ ODA ကို JICA ကပေးမယ်။ လောလော ဆယ်မှာ ဘယ်လောက်ပေးမလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။ ကျွန်တော်တို့ကလည်း ကုန်ကျနိုင်တဲ့ အနေ အထားကို တွက်ချက်နေတုန်းပါပဲ။ ဘယ်လောက်ကုန်ကျနိုင်တယ်ဆိုတာ သိရရင် သူတို့ဆီ တင်ပြ မယ်။ ပြီးရင် ဒီအစီအစဉ်ကို စတင်အကောင်အထည် ဖော်မှာပါ” ဟုလည်း သစ်တောပညာရှင် ဦးအုန်းက ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ စီမံကိန်းများနှင့် ပတ်သက်ပြီး EIA၊ SIA ပြုလုပ်ရာ၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စသည်ဖြင့် သက်တမ်းကာလ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

“ဒီလို EIA၊ SIA လုပ်ဖို့ဆိုရင် ပထမသုံးနှစ်၊ ငါးနှစ်စသည်ဖြင့်ပေါ့ သက်တမ်းကာလ သတ်မှတ်ပြီးတော့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ထိန်းသိမ်းရမယ့် ဒီရေတောတွေရဲ့အနေအထား၊ Dry Zone အခြေအနေ စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမှာပါ” ဟုလည်း သစ်တောပညာရှင် ဦးအုန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်သည့် စီမံကိန်းများမှာ လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စစ်တမ်းများ မပါရှိသဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာ၌ ဒေသခံများ ၏ လူနေမှုဘ၀နှင့် စီးပွားရေး အရင်းအမြစ်များ ရပ်တည်မှုများ ပျက်စီးနေရကြောင်းလည်း Purple Equity Lawfirm မှ အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောပါသည်။

“ဟုမ္မလင်းဒေသဘက်မှာဆိုလည်း ရွှေတူးတဲ့လုပ်ငန်းတွေကို ဒေသခံတွေရဲ့ လူနေမှုဘ၀၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေရက်နဲ့ ခွင့်ပြုခဲ့တော့ ဒေသခံတွေနဲ့ ပြည်တွင်းက ရွှေတူးတဲ့ ကုမ္ပဏီတွေ အကြားမှာ တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ရသလို လက်ပံတောင်းတောင် စီမံကိန်းမှာဆိုလည်း ဒေသခံတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေရက်နဲ့ ခွင့်ပြုခဲ့တော့ ပြဿနာတွေ အကြီး အကျယ် တက်ခဲ့ရပါတယ်။ နိုင်ငံတကာမှာ လာရောက်မြှုပ်နှံတဲ့သူတိုင်းဟာ မြှုပ်နှံတဲ့ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဖြေရှင်းပေးနိုင်မှ ခွင့်ပြုသလို တကယ်လုပ်မလုပ် စောင့်ကြည့်ပြီး မလုပ်ရင်လည်း စာချုပ်ဖောက်ဖျက်မှုနဲ့ စီမံကိန်းကို ဆက်လက်လုပ်သင့် မလုပ်သင့်ဆိုတဲ့ အချက်မျိုးတွေ ပါဝင်စဉ်းစားထားသင့်ပါတယ်” ဟု ယင်းကပြောကြားခဲ့ပါသည်။

လတ်တလောကာလတွင် မြန်မာနိုင်ငံအတွင်း အမေရိကန်၊ ဗြိတိန် အစရှိသည့်နိုင်ငံများ၊ ဂျပန်၊ တရုတ် စသည့်နိုင် ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး အဆိုပါ မြှုပ်နှံမှု များ တွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၄၇.၆၂၉ မီလီယံဖြင့် အများဆုံးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ အတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၁၄၄၂.၁၅၀ မီလီယံအထိ မြှုပ်နှံထားကြောင်း လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဋ္ဌာန၏ နိုဝင်ဘာလ ၃၁ရက်နေ့ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်