Tuesday, February 19, 2013

ယုဇနပလာဇာအား ပိတ်ရက်မရှိ ပြန်လည် ဖွင့်လှစ်မည်ဟု ကြေညာသော်လည်း မြေညီထပ်ရှိ ဆိုင်ခန်း များကမူ ဖွင့်လှစ်မည်မဟုတ်ဟု ပြောကြား

Posted by drmyochit Tuesday, February 19, 2013, under | No comments


ယုဇနပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်မည်ဆိုသော်လည်း မြေညီထပ်ရှိ အရောင်းဆိုင်ခန်းများမှာ ပြန်လည် ဖွင့်လှစ်မည်မဟုတ်ကြောင်းနှင့် ယုဇနပလာဇာမှ ထုတ်ပြန်ထားသည့် လုံခြုံရေး မပေးနိုင်ဟူသော အချက်ကိုလည်း သဘောတူညီမှု မရှိကြောင်း ဆိုင်ပိုင်ရှင်အများစုက ပြောသည်။

ယုဇနပလာဇာမြေညီထပ်ရှိ အရောင်းဆိုင်များသည် မြေညီထပ်ကို ပြန်လည်ဖွင့်လှစ်လိုခြင်း မရှိသည့်အပြင် ဆက်လက် ညှိနှိုင်း၍ မရပါက ဆန္ဒထုတ်ဖော်သွားရန်ရှိပြီး ကျန်ရှိသည့်အထပ်မှ အရောင်းဆိုင် ပိုင်ရှင်များ မှလည်း ပလာဇာကို တစ်ပတ်လျင် တစ်ရက် ပိတ်စေလိုသည့် ဆိုင်များစွာ ရှိနေကြောင်းလည်း သိရသည်။


ယုဇနပလာဇာမှ ဈေးတာဝန်ခံကမူ ''အထပ်တိုင်းမှာရှိတဲ့ ဆိုင်ခန်းတွေကို ပြန်ဖွင့်ရမယ်လို့ စည်းကမ်း ထုတ်ထား ပါတယ်။ ဒါက ဈေးအုပ်ချုပ်ရေးမှူး ကော်မတီက ထုတ်ထားတဲ့ စည်းကမ်းပါ။ ဒီဈေးထဲမှာရှိတဲ့ ဆိုင်ပိုင် ရှင်တွေ အကုန်လုံး လိုက်နာရမှာပါ။ ဒါက သူတို့ရဲ့ ကိုယ်ပိုင် အခန်းလည်း မဟုတ်ဘူး။ဒါပေမဲ့ အခုလော လောဆယ် ဆိုင်တွေက ပိတ်ထားပါတယ်။ နောက်အပတ်ကစပြီး ပြန်ဖွင့်ခိုင်းထားပါတယ်'' ဟု ပြော သည်။

ယင်းအခြေအနေအပေါ် ''ပလာဇာကို ပြန်ဖွင့်တာကို သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒဂုံစင် တာဆိုရင် မနက် ၉ နာရီကနေ  ည ၉ နာရီအထိ ဖွင့်ရတာ။ ပြီးတော့ ဒါက ပုဂ္ဂလိကဈေးလေ။ မြေညီထပ်တွေ ပိတ်တော့ ကျန်တဲ့အထပ်တွေကို လူတက်မလာတော့ ရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပိတ်ရက်မရှိ ပြန်ဖွင့်ရင်တော့ အကုန်လုံးအတွက် ကောင်းတာပေါ့'' ဟု ယုဇနပလာဇာ၊ ပထမထပ်တွင် အလှကုန်ပစ္စည်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယုဇနပလာဇာ၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နှင့် စတုတ္ထထပ်တို့ကို  ရောင်းဝယ် ဖောက်ကား မှု စဉ်ဆက်မပြတ် စည်ကားစေရန်နှင့် ဈေးအရောင်းအ၀ယ် အဆင်ပြေစေရန် ဖေဖော်ဝါ ရီ ၁၆ ရက် မှစ၍ ပိတ်ရက်မရှိ ရောင်းချဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် ကြေးမုံသ တင်းစာတွင် ယုဇနပလာဇာ အုပ်ချုပ်မှု ကော်မတီက ထည့်သွင်း ဖော်ပြခဲ့သည်။

မြေညီထပ် အထည်ဆိုင်မှ ဆိုင်ပိုင်ရှင်ကမူ ''မြေညီထပ်ကို ပြန်ဖွင့်ဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ပြီးတော့ အလုပ် သမား တွေကိုလည်း စဉ်းစားရမှာပေါ့၊ မြေညီထပ်က ဆိုင်တွေက လက်ကားဆိုင်တွေ များတယ်။ ၀န်ထမ်းတွေ ဆိုလည်း ပင်ပန်းတယ်။ ဒါကြောင့်  တစ်ပတ်ကို တစ်ရက် ပိတ်စေချင်တာပါ။ ဒါကလည်း အရင်တည်းက ပိတ်တာ။ တစ်ပတ်ကို တစ်ရက် ကိုယ်ပိတ်ချင်တဲ့ရက်ကို ပိတ်လို့ သူတို့က ပြောတယ်။ ဒါကြောင့် လည်း အစ်မတို့ဘက်က အဆင်ပြေတဲ့နေ့ကို ပိတ်တာ။ အခုမှ မပိတ်ရဘူး။ ပြီးတော့ ကိုယ့် သဘောနဲ့ ကိုယ်ပိတ်ရင် ပိတ်တဲ့ရက်ကို ဈေးက လုံခြုံရေးမပေးဘူးလို့ ပြောတယ်။ ဒါဆိုရင်လည်း  ကိုယ့်ဆိုင် ကို ကိုယ်တာဝန်ယူတယ်''  ဟု ပြောသည်။

ထို့အတွက် ယုဇနပလာဇာ ဈေးအတွင်း အလုပ်သမားများ နားနေရက်အတွက် တစ်ရက်ပိတ်လိုသူ မြေညီထပ် ဆိုင်ပိုင်ရှင်များနှင့် မြေညီထပ်ပိတ်သည့်နေ့တွင် အပေါ်ထပ်သို့ ဈေးဝယ်သူ မလာသည့် အခက် အခဲနှင့် ရင်ဆိုင်နေရသူ ဆိုင်ပိုင်ရှင်တို့အကြား ၀ိဝါဒကွဲပြားမှုများ ဈေးအသိုင်းအ၀ိုင်းအတွင်း လက်ရှိ ဖြစ်ပေါ် လျက် ရှိသည်။ ယုဇနာ ပလာဇာမြေညီထပ်တွင် လက်ရှိရောင်းချသည့် ဆိုင် ၁၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

Eleven Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်