Tuesday, February 19, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ ရှိနေပြီး ၎င်းတို့နှင့် တိုက်မိသော ဖြစ်စဉ်အများစုတွင် သေဆုံး၊ ဒဏ်ရာရမှုများ ရှိသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိဟု သိရ

Posted by drmyochit Tuesday, February 19, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော် ယာဉ်များ  မောင်းနှင် သွားလာလျက်ရှိနေပြီး အဆိုပါ ယာဉ် များနှင့် တိုက်မိသော ယာဉ်တိုက်မှု ဖြစ်စဉ်အများစုတွင် သေဆုံး နှင့် ဒဏ်ရာရရှိမှုများ ရှိနေသော် လည်းကျူး လွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိ ရှိရသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် အချို့ တွင် ကျူးလွန်ခဲ့သည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံ ပါတ်ကို သိရှိ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့မှုကြောင့် စစ်ဆေး ခဲ့ရာ ဖြစ်စဉ်အချို့၏ ယာဉ် များမှာ လိုင်စင်မဲ့ ယာဉ်များ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှုးရုံးမှ သိရသည်။


ထိုသို့ လိုင်စင်မဲ့ယာဉ်များနှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် အတိုက်ခံခဲ့ရသည့် လူအချို့မှာ သေဆုံးခြင်း၊ ဒဏ်ရာရ ရှိခြင်းများ ရှိနေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိရန် ခက်ခဲနေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယ တိုင်းတပ်ဖွဲ့ခွဲမှူးက ပြောကြားသည်။

အဆိုပါ အခြေအနေအပေါ် လိုင်စင်မဲ့ယာဉ်တစ်စီး အတိုက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သုံးရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ခြေထောက်နှင့် ကျောရိုးတို့တွင် ဒဏ်ရာများ ရရှိခဲ့သူ ကိုဇော် မျိုးအောင်က ''ကျွန်တော်က ဖေဖော်ဝါရီ ၉ ရက် ည  ၉ နာရီ ၄၅ မိနစ်မှာ ဗဟန်းမြို့နယ်၊ ဗန်ဒါပင် ကားမှတ် တိုင်ကနေ ဟိုဘက်လမ်းကိုကူးဖို့အတွက် လမ်းအလယ်မှာရှိတဲ့ မျဉ်းဖြူကနေ ရပ်နေတဲ့ အချိန်မှာ တစ်ဖက်လမ်းက မောင်းလာတဲ့ Super Custom အနက်ရောင် ၇ဃ/...... ယာဉ်က ကျွန်တော့်ကို ၀င်တိုက်ခဲ့ တယ်။ပြီးတော့ အဲဒီကားက နောက်ပြန်ဆုတ်လာပြီး ခဏရပ်ပြီးတော့ ဆက်မောင်းသွားတယ်'' ဟု ပြောသည်။

ယင်းနောက် ၎င်းမှာ သတိလစ် မေ့မျောသွားကြောင်း၊ ဆေးရုံတက်အပြီး သုံးရက်မြောက်နေ့တွင်  အနည်း ငယ် ပြန်လည်သက်သာလာကြောင်း၊ ပတ်ဝန်းကျင် မျက်မြင် သက်သေတွေကနေ ယာဉ်အမျိုးအစား၊ ယာဉ် အရောင်နှင့် ယာဉ်နံပါတ်ကို သိသော်လည်း အဖြေထွက်လာသောအခါ Harrier အမျိုးအစား ဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ''အမှုကို ကိုင်တဲ့ ယာဉ်မှုစစ်ကလည်း လိုင်စင်မဲ့ယာဉ် ဖြစ် နေတဲ့အတွက် ဘာမှမတတ်နိုင်ဘူးလို့ ကျွန်တော့် ကို ပြောတယ်။အဲဒီလိုပဲ လိုင်စင်မဲ့ယာဉ်တွေ တိုက်လို့ သေသွားတဲ့သူတွေ ရှိနေကြတယ်။ဒီလို ဖြစ်စဉ်မျိုး တွေမှာ တရားခံမမိဘူး ဆိုတာက သက်ဆိုင်ရာကို ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ ဘူး'' ဟု ၎င်းကပင် ပြောသည်။

လိုင်စင်မဲ့ မောင်းနှင်ပြီး ယာဉ်ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ပြည်သူများ သတင်းပို့ ခဲ့သည့် ဖြစ်စဉ်အချို့ကိုသာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယတိုင်း တပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက ပြော သည်။ ၎င်းကပင် ''ယာဉ်တိုက်မှုဖြစ်လို့ အဲဒီယာဉ်ကို စစ်ဆေးတဲ့အခါမှာ ယာဉ်စင်မဲ့ယာဉ်တွေ ဖြစ်နေ တာကို တွေ့နေရတယ်။ အဲဒီလို လိုင်စင်မဲ့ယာဉ်စီးပြီးတော့ ယာဉ်တိုက်မှု ကျူးလွန်သွားတဲ့ ဖြစ်စဉ်တွေက ကျူးလွန် သွားတဲ့သူကို ဖမ်းဖို့ဆိုတာ အခက်အခဲတွေ ရှိနေပါတယ်။အတိုက်ခံရတဲ့ သူတွေထဲမှာ သေတဲ့ သူတွေ ရှိတယ်။အခြား ပြန်ပေးဆပ်လို့မရတဲ့ ဆုံးရှုံးမှုတွေလည်း ရှိတယ်။ ဒါပေမဲ့ လိုင်စင်မဲ့ မော်တော် ယာဉ်တွေ လုံးဝပပျောက်သွားဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိနေပါတယ်။ အခုလို ယာဉ်တွေကို ဖမ်းမိဖို့ ဆိုတာ ယာဉ်ထိန်း တပ်ဖွဲ့အနေနဲ့ ပြည်သူတွေ သတင်းပေးမှုကိုပဲ အားကိုးပြီး ဖော်ထုတ်နေရပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍ ရှင်းပြသည်။

ယင်းသို့ လိုင်စင်မဲ့ မော်တော်ယာဉ်တိုက်မှု ဖြစ်ပွားသည့် ဖြစ်စဉ်အချို့တွင် ကျူးလွန်သူများကို ဖမ်းဆီးရ မိခဲ့ပါက ယာဉ်မတော်တဆ တိုက်မှုဖြင့် အရေးယူသည့်အပြင် သွင်းကုန်ထွက်ကုန် အက်ဥပဒေနှင့်လည်း အရေး ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Eleven Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်