Sunday, March 03, 2013

ဂူအမ်ကို ဂိုးပြတ်သွင်းကာ ခြေစွမ်းပြခဲ့သည့် အိမ်ရှင် မြန်မာ

Posted by drmyochit Sunday, March 03, 2013, under | No comments


မတ်လ ၂ရက်နေ့ ည ၆း၄၅ နာရီက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် AFC Challenge Cup 2014 ခြေစစ်ပွဲ အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွင် အိမ်ရှင် မြန်မာအသင်း ခြေစွမ်းပြကာ ဂူအမ် အသင်း အား (၅)ဂိုးပြတ် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယနေ့ပွဲ၌ တိုက်စစ်တွင် စိုးမင်းဦး တစ်ဦးတည်းအား အထောင်ထား ကစား ခဲ့ပြီး ၎င်းနောက်မှ ကျော်ဇေယျာဝင်းအား ကစားစေ ခဲ့သည်။ ကွင်းလယ်တွင် ကြည်လင်း၊ ပိုင်စိုး၊ ရန်အောင်ကျော်၊ နိုင်လင်းဦးတို့ ပွဲထွက်လာခဲ့ပြီး ခံစစ်တွင် ဇော်မင်း ထွန်း၊ အောင်ဟိန်းကျော်၊ ပြည့်ဖြိုးအောင်၊ သက်နိုင်တို့ ကစားခဲ့သည်။ ဂိုးသမား အဖြစ်မူ သီဟစည် သူက တာဝန်ယူခဲ့သည်။


ပွဲစသည်နှင့် မြန်မာအသင်းက ဂူအမ် အသင်းဘက်သို့ ဖိအားပေး ကစားနိုင်ခဲ့ပြီး အခွင့်အရေးများ ရရှိခဲ့သည်။ ဂူအမ် အသင်း အနေဖြင့် မြန်မာအသင်း တိုက်စစ်ကိုသာ အဓိကထား ထိန်းချုပ်နေခဲ့ပြီး မြန်မာ တိုက်စစ် ကစားသမား များအား လူကျွံဘော ဖမ်းကစားနေခဲ့၍ မြန်မာတို့ အခက်တွေ့ခဲ့ရသည်။ ပွဲအစ ၂မိနစ်တွင် မြန်မာတို့ အခွင့်အရေး တစ်ရပ် ရရှိခဲ့ပြီး စိုးမင်းဦး ကန်သွင်းချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့အတူ ၇မိနစ်တွင် မြန်မာအသင်း ဘယ်ခြမ်းမှ ပြည့်ဖြိုးအောင် ဖြတ်တင်မှုအား စိုးမင်းဦး ကန်သွင်းချက်ကို ကျော်ဇေယျာဝင်း ပြေးဝင် ပိတ်သွင်းခဲ့ရာ ဂိုးဝင်ခဲ့ သော်လည်း လူကျွံနေခဲ့၍ နစ်နာခဲ့ရသည်။

မြန်မာအသင်းသည် ဂူအမ် အသင်းအား ဆက်တိုက် ဖိအားပေး နေခဲ့ပြီး ၁၀မိနစ်တွင် ကျော်ဇေယျာဝင်း ပြစ်ဒဏ်ဘော ကန်ချက် ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ၁၄မိနစ်တွင် ဂူအမ်အသင်း လူစားလဲမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ ကွင်းလယ်လူ ပေါ်လီနို နေရာတွင် အဒါမို့စ်အား ထည့်သွင်းခဲ့သည်။ ၁၅မိနစ်တွင် ထောင့်ကန်ဘော မှတစ်ဆင့် ကြည်လင်း ခေါင်းတိုက်ချက် ကောင်းမွန်သော်လည်း ဂူအမ် ဂိုးသမားက စွမ်းစွမ်းတမံ ကာကွယ် နိုင်ခဲ့သည်။

ဂူအမ်အသင်းဘက်ကို တရစပ် ဖိအားပေး နိုင်ခဲ့သည့် မြန်မာအသင်း အနေဖြင့် ပွဲချိန် ၂၁မိနစ်တွင် ကြည်လင်း ဘယ်တောင်ပံမှ ဖြတ်တင်ပေး သည်ကို စိုးမင်းဦး အပိုင်ခေါင်းတိုက် ဂိုးသွင်းခဲ့ သော်လည်း ဘေးထွက်ခဲ့ သဖြင့် မြန်မာအသင်း အတွက် ဂိုးတစ်ဂိုး နစ်နာခဲ့ရသည်။ တစ်ဖန် ၂၂မိနစ်တွင် သက်နိုင် ညာခြမ်းမှ လှလှပပ ဖြတ်တင်ပေးမှုအား ရန်အောင်ကျော် ပိတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း နောက်ခံလူ အကောင်းဆုံး ဖျက်ထုတ် နိုင်ခဲ့ပြန်သည်။

ပွဲချိန် ၂၆မိနစ်တွင် မြန်မာအသင်း အတွက် အဖွင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးအား ကွင်းလယ်မှ ပိုင်စိုး၏ ဖန်တီးပေးပို့ မှုကို စိုးမင်းဦးက ဆွဲပြေးကာ ရှေ့တက်လာသည့် ဂိုးသမားအား အသာအယာ ပတ်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၉မိနစ်တွင် ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံးအား စိုးမင်းဦး နောက်ခံလူ နှစ်ယောက်နှင့် အပြိုင် ယှဉ်ပြေးကာ ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့ရာ ပြိုင်ဘက် နောက်ခံလူများက ဖျက်ထုတ် သွားခဲ့သည်။
ပွဲချိန် ၃၉မိနစ်တွင် ကြည်လင်း တစ်ကိုယ်တော် အစွမ်းဖြင့် ဂိုးဧရိယာအတွင်း ဆွဲဝင်ထိုးဖောက်မှုအား ဂူအမ်နောက်ခံလူ တားဆီးရာမှ မြန်မာအသင်း ပင်နယ်တီရရှိခဲ့သည်။ ယင်းပင်နယ်တီအား ကြည်လင်းကပင် အမှားအယွင်း မရှိ ဂိုးသမား၏ ညာဘက်ထောင့်သို့ ကန်သွင်းခဲ့ကာ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးအား ရရှိစေခဲ့သည်။ ပထမပိုင်း ၄၅မိနစ် ကုန်ဆုံး၍ ထပ်ဆောင်း အချိန်ပို ၂မိနစ် သတ်မှတ် ပေးထားချိန်တွင် မြန်မာတို့ အတွက် တတိယ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြန်သည်။ ယင်းဂိုးအား ကြည်လင်း ထောင့်ကန်ဘောမှ ထိုးပေးသည့် ဘောလုံးအား ပြည့်ဖြိုးအောင်က ဧရိယာ အပြင်မှ ထောင့်ဖြတ် အပြင်းကန်သွင်း ခဲ့ရာ ဂိုးသမား အမိဖမ်းရန် ကြိုးစားခဲ့ရာမှ လက်ထဲမှ လျှံထွက်ပြီး မြန်မာအသင်း တတိယဂိုး ရရှိခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် မြန်မာအသင်းက ၃-၀ ဂိုးဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်စ၍ ပွဲချိန် ၄၇မိနစ်တွင် ဂိုးဧရိယာအတွင်း၌ ကြည်လင်း နောက်ခံလူများကို ခြေယောင်ပြပြီး အမှတ်မထင် ကန်သွင်းခဲ့သော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ၅၃မိနစ်တွင် ဘယ်ခြမ်းမှ ရရှိခဲ့သည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂူအမ် ကစားသမား ရိုင်ယန် မြေထောင့် ခေါင်းတိုက် ဂိုးသွင်းယူ ခဲ့ရာ ရန်အောင်ကျော် ဂိုးစည်းပေါ်မှ ဖျက်ထုတ် ခဲ့ရသည်။ ၅၆မိနစ်တွင် ညာခြမ်းမှ ကျော်ဇေယျာဝင်း၏ ပေးပို့မှုကို စိုးမင်းဦး နောက်ခံလူတစ်ဦးနှင့် အပြိုင် ပြေးဝင်ကန်သွင်းခဲ့သော်လည်း ဂိုးဘား ကျော်သွားခဲ့သည်။

ပွဲကစားချိန် ၅၇မိနစ်၊ ၆၄မိနစ်နှင့် ၇၅မိနစ်တို့တွင် မြန်မာအသင်းက လူစားလဲမှုများ အသီးသီး ပြုလုပ်ခဲ့သည်။ စိုးမင်းဦး၊ နိုင်လင်းဦး၊ ပိုင်စိုးတို့ နေရာတွင် ဒေးဗစ်ထန်း၊ ဖြိုးကိုကိုသိန်း၊ သိန်းသန်းဝင်းတို့ ၀င်ရောက် ကစားခဲ့သည်။ ပွဲကစားရန် ၁၀မိနစ် ကျန်ချိန်တွင် မြန်မာအသင်း ပဉ္စမဂိုး ရရှိခဲ့သည်။ ယင်းဂိုးအား ကွင်းလယ်မှ အချိတ်အဆက် မိမိ ထိုးဖောက်မှုမှ တစ်ဆင့် ကြည်လင်း ဂိုးဧရိယာ အတွင်းထိုးပေး သည်ကို ကျော်ဇေယျာဝင်းက ပြေးဝင်းကာ ဂိုးသမားနှင့် ရင်ဆိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် မြန်မာအသင်းနှင့် ဂူအမ် အသင်းတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိတော့ဘဲ ပွဲပြီးဆုံးခဲ့သည်။ ထိုကြောင့် မြန်မာအသင်းသည် ဂူအမ်အား ၅ဂိုးပြတ် ရလဒ်ဖြင့် အနိုင်ရရှိကာ အုပ်စုတွင်း ရပ်တည်မှုတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲစဉ် အဖြစ် မတ်လ ၄ရက်နေ့ ည ၆း၄၅ အချိန်တွင် တရုတ်(တိုင်ပေ)နှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

အုပ်စုတွင်း ရပ်တည်မှု အနေအထား

Pos Team Pds W D L GF GA GD Pts
1 Myanmar 1 1 0 0 5 0 5 3
2 India 1 1 0 0 2 1 1 3
3Chinese Taipei 1 0 0 1 1 2 -1 0
4 Guam 1 0 0 1 0 5 -5 0

Ref: Myanmar National League

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်