Tuesday, August 20, 2013

မြောက်ဦးတွင် ဦးဥတ္တမရုပ်ထုကို သိန်း ၂၀၀ ခန့် အကုန်အကျခံကာ မှတ်တိုင်အဖြစ် စိုက်ထူမည်

Posted by drmyochit Tuesday, August 20, 2013, under | No comments


ရခိုင်ပြည် ရှေ့ဟောင်း သမိုင်းဝင် မြောက်ဦးမြို့တွင် သျှစ်သောင်းဘုရား၏ ဘေးတစ်ဖက်တွင်ရှိသော အနော်မာပန်းခြံ၌ အာရှနေ၀င်ဟုတင်စားခံရသည့် ရခိုင့်အာဇာနည် ဆရာတော် အသျှင်ဦးဥတ္တမရုပ်ထုကို သိန်း ၂၀၀ ခန့် အကုန်အကျခံကာ မှတ်တိုင်အဖြစ် စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဥတ္တမရုပ်ထု စိုက်ထူရခြင်းနှင့် ပတ်သက်၍ ကမကထပြုလုပ်ပေးသော မြောက်ဦး RNDP မှ ဥက္ကဌ ဦးဦးထွန်းလှိုင်က “ ရည်ရွယ်ချက်က တော့ မြန်မာ့လွတ်လပ်ရေးကို ရအောင်ကြိုးစားပြီးတော့ အမျိုးသားရေးစိတ်ဓါတ် မျိုးစေ့ချပေးခဲ့တဲ့ ရခိုင်အာဇာနည်တွေကို အားလုံးက သိရှိလေးစားလိုက်နာပြီး နမူနာအဖြစ် စံတင်ထားလောက်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အသျှင်ဦးဥတ္တမကိုရုပ်ထုကို စိုက်ထူရတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဆရာတော်ရုပ်ထုပုံစံမှာ သပိတ်နှင့်ဆွမ်းခံကြွလာသည့်ပုံဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြေးဖြင့်သွင်းလုပ်မည်ဖြစ်ကြောင်း ဦးဦးထွန်းလှိုင်က ပြောသည်။

“ ဆရာတော်ကို ကြေးဆင်းထုနဲ့ တကိုယ်လုံးသွင်းလုပ်မယ်။ ပြီးတော့ ဆရာတော်ရဲ့ ရုပ်ထုတင်ထားမယ့်ဟာကို အောက်က ကျောက်ခုံနဲ့လုပ်မယ်။ အထက်မှာတော့ ဆရာတော်ရဲ့ ဆွမ်းခံသပိတ်နဲ့ ရပ်နေတဲ့ပုံပေါ့။ ကျောက်ခုံကိုတော့ အောက်ခြေနားက ၄ ပေပတ်လည်နဲ့ အထက်နားမှာတော့ ဆရာတော်ရဲ့ ခြေချတဲ့နေရာပေါ့လေ အဲဒါကတော့ ၃ ပေ ပတ်လည်ဖြစ်ပါတယ်။ ဆရာတော်ရဲ့ အရပ်ကိုတော့ ၆ ပေသတ်မှတ် ထားပါတယ်။ ” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမရုပ်ထုအား တင်ထားမည့် အောက်ခံကျောက်ခုံ၌ အရှေ့မျက်နှာတွင် ဆရာတော်၏ အတ္ထုပ္ပတိ၊ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆရာတော်၏ ရင်းတွင်းစကားဖြစ်သော အင်္ဂလိပ်နယ်ချဲ့တို့ကို ဆန့်ကျင်ခဲ့သည့် “ထွက်သွား - Get Out! ” ဆိုသည့်စကားနှင့် နောက်မျက်နှာတွင် အလှူရှင်များစာရင်းကို ရေးသားမည်ဖြစ်ကြောင်း ဆရာတော် ရုပ်ထုကိုသွင်းလုပ်မည့် ပန်းပုဆရာ ဦးကျော်သာညွှန့်က ပြောသည်။

မြောက်ဦးမြို့တွင် သမိုင်းဝင်နေရာ အများကြီးရှိသည့်အထဲမှ အနော်မာပန်းခြံကို အသျှင်ဦးဥတ္တမရုပ်ထုအား ထားရှိမည့်နေရာအဖြစ် ရွေးချယ်ရခြင်းသည် ရန်ကုန်-စစ်တွေကားလမ်းနှင့်နီးပြီး ယခင်က ၄င်းပန်းခြံတွင် ဗျာလရုပ်ထုကို ထားခဲ့သည့်နေရာက အဆင့်သင့်ရှိနေကြောင်း၊ ၄င်းအပြင် သျှစ်သောင်း ဘုရားနှင့်လည်းနီးစပ်ပြီး လူအများရောက်လေ့ရှိသည့် လူစည်းကားသော နေရာဖြစ်သောကြောင်း ရွေးချယ်ရခြင်းဖြစ်သည်ဟု ဦးဦးထွန်းလှိုင်က ပြောသည်။

အသျှင်ဦးဥတ္တမရုပ်ထုအား မှတ်တိုင်အဖြစ်စိုက်ထူမည်ကို မြရတာနာရွှေဆိုင် ဦးမောင်မောင်စိုးနှင့်ဇနီးတို့က မတည်ငွေ သိန်း ၂၀ ကိုလှူဒါန်းလိုက်ပြီး နောက်ထပ် အလှူရှင်များရှိပါကလည်း အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်လှူဒါန်းနှိင်သည့် ပုဂ္ဂိုလ်နှင့်နေရပ်လိပ်စာများ
***************************************
ဦးဦးထွန်းလှိုင်၊ ညောင်ပင်ဈေး၊ မြောက်ဦးမြို့။ ၀၉-၄၂၁၇၃၃၈၅၅
ဦးမောင်မောင်စိုး၊ မြရတာနာရွှေဆိုင်၊ မြောက်ဦးမြို့။ ၀၉-၈၅၂၂၁၈၂
ဦးကျော်သာညွှန့် ၊ ပန်းပုဆရာ၊ညောင်ပင်ဈေး။ ၀၉-၄၉၆၇၀၆၆၁
ဦးခင်မောင်ဝင်း၊ ညောင်ပင်ဈေး။ ၀၉-၂၁၇၄၀၀၆၆

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်