Tuesday, October 15, 2013

ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ တတိယ အကြိမ်အဖြစ် ၁၅ ရက်ကြာ သွားရောက်မည်

Posted by drmyochit Tuesday, October 15, 2013, under | No comments


အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂ ရက်ထိ ဥရောပသို့ ၁၅ ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ တတိယ အကြိမ်မြောက် ဥရောပ ခရီးစဉ်ဖြစ်ပြီး၊ ခရီးစဉ် အတွင်း ဘယ်လဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီ စသည့် နိုင်ငံများသို့ သွားရောက် မည်ဖြစ်ကာ ခရီးစဉ်အတွင်း ဥရောပ ပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ဗြိတိန်နိုင်ငံ "Sandhurst" စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားခြင်း၊ မြောက်အိုင်ယာလန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခြင်းနှင့် ပြင်သစ်နိုင်ငံတွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲများ တက်ရောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစ်စိုက် အားပေး ထောက်ခံခဲ့သော အီတလီ နိုင်ငံရှိ မြို့လေးမြို့သို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားကြမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံတွင် နေထိုင်သော ၎င်း၏သားနှစ်ဦးနှင့် တွေ့ဆုံရန်အစီအစဉ် ရှိမရှိနှင့် ပတ်သက်၍ နေပြည်တော် သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဦးဇေယျာသော်က မသိရှိရသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသို့ ပထမဆုံး ခရီးစဉ်အဖြစ် နော်ဝေ၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ပြင်သစ်နှင့် အိုင်ယာလန် နိုင်ငံများသို့ ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ သွားရောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ စက်တင်ဘာ ၁၈ ရက်ထိ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး သမ္မတ၊ ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ၊ နိုဗယ်ဆုရှင် များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်