Tuesday, October 15, 2013

အတင့်ရဲလာသူဗုံးပေါက်မှုများကြောင့် တစ်နိုင်ငံလုံးလုံခြုံရေးတိုးမြှင့်ထားပြီး လျှို့ဝှက်ထောက်လှမ်းမှုနဲ့ ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေပြီ

Posted by drmyochit Tuesday, October 15, 2013, under | No comments


ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ၊ မပေါက်ကွဲသေးသည့် ဗုံးများဆက်တိုက် တွေ့ရှိနေရမှုကြောင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရန် လျို့ဝှက်စုံစမ်း ထောက်လှမ်းသည့် အပိုင်းကို ပိုမိုလုပ်ဆောင်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ လုံခြုံရေး တိုးမြှင့်မှုနှင့် စစ်ဆေးရှာဖွေ မှုများကို တိုးမြှင့်ဆောင်ရွက် နေကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် သိရသည်။

အဆိုပါ ဖြစ်စဉ်များကို ပဲခူးတိုင်း ဒေသကြီး၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေးရုံးရှေ့၊ ရန်ကုန် - မန္တလေး လမ်းကြောင်း၊ မိုင်တိုင်အမှတ် ၁၄၂/၆တွင် လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ သံလမ်းရှိ ချမ်းမြေ့ရိပ်သာတွင် ဗုံးပေါက်ကွဲ မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံး တစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန် လွတ်ဈေးရှေ့လမ်းဘေးပလက်ဖောင်း အနီးရှိ သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်တွင် နေထိုင်သည့် ထက်အောင်နိုင်(၁၄)နှစ်နှင့် ၀င်းမင်းထွေး(၁၄)နှစ်တို့ နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဗုံးနှင့် ပေါက်ကွဲမှု မရှိသေးဘဲ တွေ့ရှိရသည့် ဗုံးတို့မှာ အမျိုးအစားတူဖြစ်ပြီး ပေါက်ကွဲအောင် ပြုလုပ်နေသူများမှာ အဖွဲ့တစ်ခုတည်းကသာ ဆောင်ရွက်နေသည်ဟု အောက်တိုဘာ ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး စစ်ဌာနချုပ်မှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီး တစ်ဦးကလည်း The Daily Eleven သို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ''လုံခြုံရေး ဆောင်ရွက်မှုက ခါတိုင်းထက် အချိန်ပိုင်းရော လူအင်အားပါ တိုးမြှင့်ထားပါတယ်။ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် လျို့ဝှက်စုံစမ်း ထောက်လှမ်းမှုတွေကို ပိုမိုလုပ်ဆောင်နေတယ်။ ဒါတွေကို ရဲတပ်ဖွဲ့အပြင် အခြားအဖွဲ့အစည်း တွေနဲ့ပါ ပူးပေါင်းဆောင်ရွက် နေပါတယ်။ မကောင်းအောင် ကြံဖန်ပြီး လုပ်ချင်တဲ့သူတွေက အများအကျိုးကို ဖျက်ဆီးစေချင်လို့ ဒီလိုမျိုး လက်လုပ်ဗုံးတွေကို လုပ်ပြီးတော့ လိုက်ချနေတယ်လို့ ယူဆရပါတယ်။ သွားရင်းလာရင်းနဲ့ မသင်္ကာတာတွေ တွေ့ခဲ့ရင်တော့ သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားပြီး ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''တစ်နိုင်ငံလုံး အတိုင်းအတာ အရတော့ တပ်ရော၊ ရဲရော လုံခြုံရေး တိုးမြှင့်ထားပြီးတော့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်'' ဟု ပြောကြားခဲ့သည်။ ပြည်တွင်း၌ ပြေးဆွဲနေသော မီးရထား လမ်းပိုင်းများ၊ ဘူတာရပ်ဝန်းများနှင့် မီးရထားအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့်အပြင် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်နေကြောင်း မီးရထား ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းမောင်ထံမှ သိရသည်။

ထို့အပြင် ''ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ အင်အားအရ တစ်နိုင်ငံလုံးကိုတော့ မလွှမ်းခြုံနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက်နေတဲ့ နေရာတွေမှာတော့ လုံခြုံရေးအတွက် ကြိုတင် သတင်းတွေ ချပြတယ်။ သတိပေးမှုတွေ ပြုလုပ်နေပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြား ခရီးသွားဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမင်းဦးက ပြောကြားခဲ့သည်။ ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားအောင် ပြုလုပ်နေမှုမှာ လူမျိုးရေး ပဋိပက္ခနှင့် နိုင်ငံအတွင်း အရင်ကထက် တိုးတက်နေမှုကို မလိုလားသူများက အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု ယူဆရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက သုံးသပ် ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှူးကြီး ၀င်းထွန်းက ''ဒီလိုလုပ်ရပ်တွေက အကြမ်းဖက် လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။ ဒီလိုဖြစ်ပွားအောင် လုပ်တာကလည်း အကြောင်းအရင်းတွေ အများကြီးရှိတယ်။ အဓိကကတော့ လူမျိုးရေး ပဋိပက္ခ ဆက်နွှယ်မှုကြောင့်လည်း ယူဆရသလို တစ်ဖက်ကလည်း နိုင်ငံရဲ့ တိုးတက်နေမှုကို မလိုလားတဲ့ သူတွေက လုပ်တယ်လို့လဲ ယူဆရတယ်။ ဒီလို အခြေအနေတွေမှာ ရဲတပ်ဖွဲ့ အနေနဲ့ ရှမ်းပြည်နယ် အတွင်းမှာ တခြားနိုင်ငံတွေက ဆက်စပ် ၀င်ရောက်လာနိုင်တဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေအပြင် ကားလမ်း၊ ရထားလမ်း တွေကိုလည်း လုံခြုံရေးအထူး တိုးမြှင့်ထားတယ်။ ရှောင်တခင် စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတယ်။ ပြည်သူတွေ အနေနဲ့ ရပ်ကွက်အတွင်းမှာ ဧည့်စာရင်းမတိုင်ဘဲ နေတဲ့သူတွေ၊ မျက်နှာ စိမ်းတွေ၊ သွားလာရင်းနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ သူတွေကို တွေ့ရင်တော့ အနီးဆုံး ရဲစခန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အမြန်ဆုံး သတင်းပို့ပြီးတော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သတိပေးတဲ့ အခါမှာလည်း ထိတ်လန့်မှု မဖြစ်အောင် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက အောက်တိုဘာ ၁၄ရက် နံနက်ပိုင်းတွင် ''လက်ရှိရဲစခန်းတွေနဲ့ ရဲကင်းတွေမှာ လုံခြုံရေးအင်အားကို တိုးမြှင့်ထားတဲ့အပြင် နယ်မြေအတွင်းမှာရှိတဲ့ အဆောက်အအုံ ၃၁ လုံးကိုလည်း လုံခြုံရေး ချထားတယ်။ မြို့နယ် အကုန်လုံးမှာ သေချာတဲ့ စနစ်နဲ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်။ စည်ပင်ဝန်ထမ်းတွေလည်း အလုပ်လုပ်ရင်းနဲ့ မသင်္ကာ တာတွေ့ရင် အမြန်ဆုံး အကြောင်းကြားဖို့ ပြောထားတယ်။ ဒီလိုဖြစ်စဉ်တွေက နိုင်ငံရေးဘက်မှာ အရမ်းကို အစွန်းရောက်နေတာတွေနဲ့ ပတ်သက်တယ်လို့ ယူဆရတယ်'' ဟု ရဲမှူးကြီး ကြည်လင်းက သုံးသပ် ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် သွားလာနေသော ယာဉ်များကို ပိတ်ဆို့ရှာဖွေ စစ်ဆေးများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။

အငှားယာဉ်မောင်းဖြစ်သူ ကိုဘိုတင့်က ''တစ်ခုခုဖြစ်မှ၊ တစ်ခုခု သတင်းရမှ ထပြီးတော့ ပိတ်ဆို့စစ်ဆေး နေတာတွေ ပြုလုပ်တာက မကောင်းဘူးလို့ မြင်တယ်။ ဘာပဲဖြစ်ဖြစ် လုံခြုံရေးကို သတိထားပြီးတော့ အမြဲတမ်း စစ်ဆေးနေဖို့ လိုတယ်လို့ ထင်တယ်။ အခုဟာက စစ်ချင်တဲ့ အချိန်စစ်တယ်။ ပြီးရင် ဆက်မလုပ်တော့ဘူး'' ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စစ်ဆေးနေစဉ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်ရှိ WESTERN PARK RUBY စားသောက်ဆိုင်အတွင်း မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

By Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်