Tuesday, October 15, 2013

မြန်မာလူမှုအဖွဲ့များ ဖွံ့ဖြိုးရေး Standard Chartered ဘဏ် ဆောင်ရွက်မည်

Posted by drmyochit Tuesday, October 15, 2013, under | No comments


မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Communities Programme) သုံးခုကို ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း Standard Chartered Bank က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံ၏ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာရေးကို ကူညီရန်အတွက် အဆိုပါ လူမှုရေး အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ် သုံးရပ်မှာ အသက် ၁၂ နှစ်မှ ၂၀ နှစ်အတွင်းရှိ ဆယ်ကျော်သက် အမျိုးသမီးငယ်များ အတွက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း အစီအစဉ် (Goal)၊ အသေးစားနှင့် အလတ်စား လုပ်ကိုင်သူများအတွက် ငွေရေးကြေးရေးဆိုင်ရာ ပညာရပ်များ (Education for Entrepreneurs) နှင့် အမြင်အာရုံ အားနည်း ချို့ယွင်းမှုကို ကြိုတင်ကာကွယ်မည့် စီမံချက် (Seeing is Believing) တို့ ဖြစ်ကြောင်း Standard Chartered Bank ထံမှ သိရသည်။

ယင်းအစီအစဉ် သုံးခုတွင် Goal အစီအစဉ်ကို ယခုနှစ်အောက်တိုဘာ လကုန်ပိုင်းတွင် စတင်အကောင် အထည် ဖော်မည် ဖြစ်ပြီး HIV/AIDS အသိပညာပေး ကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်မည် ဖြစ်ကြောင်း Standard Chartered Bank က ဖော်ပြထားသည်။
“ငွေကြေးကဏ္ဍ အသစ်တစ်ဖန် ပြန်လည် ဖွံ့ဖြိုးဖို့ ပညာရေး၊ ကျန်းမာရေးနဲ့ ဆက်နွှယ်နေတဲ့ အစီအစဉ် အမျိုးမျိုးကိုလည်း စတင်လုပ်သွားမှာပါ” ဟု Standard Chartered Bank မြန်မာနိုင်ငံရုံးခွဲ အကြီးအကဲ Mr. Tina Singhsacha က ဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အဆိုပါဘဏ်သည် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်တွင် ဥရောပနိုင်ငံများအနက်မှ ပထမဦးဆုံး ကိုယ်စားလှယ် ရုံးခွဲဖွင့်သော ဘဏ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ကျော် ကတည်းက မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။

ယင်းဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြန်လည် ဖွင့်လှစ်ခဲ့သည်။
By The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်