Tuesday, November 05, 2013

သိုင်းပြောင်းပြန် ဆရာကြီးများ သိုင်းစွမ်းရည် ပြသ

Posted by drmyochit Tuesday, November 05, 2013, under | No comments

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ် များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးကာချမ့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။ အခမ်းအနားတွင် သိုင်းပြောင်းပြန် ပညာစဉ် ပူဇော်ပွဲဖြစ်မြောက်ရေး နာယက ဦးသန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်သိုင်းပြောင်းပြန် ပင်မဦးစီးမှ ဆရာဦးသိန်းအေးက ခူးကာချမ့် ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန် နာယက ဆရာကြီးများ၏ ပညာစဉ်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆရာဦးကျော်ဆောင်းက မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု သိုင်းပြောင်းပြန် အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သိုင်းပြောင်းပြန် ပညာစဉ်များကို သိုင်းပြောင်းပြန် အဖွဲ့အသီးသီး၏ ဆရာများနှင့် တပည့်များက တစ်ဦးချင်း၊ အဖွဲ့လိုက် သိုင်းစွမ်းရည်များ ပြသကာ သိုင်းပြောင်းပြန် ပညာစဉ်ပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာဦးဝင်းဌေးက ကျေးဇူးတင်စကား ပြောကြားသည်။ သိုင်းပြောင်းပြန် ပညာရပ်တွင် ဗန်တိုခေါ် လက်နက်မဲ့ တိုက်ခိုက်နည်းပညာ၊ ဗန်ရှည်ခေါ် လက်နက်ဖြင့် တိုက်ခိုက်နည်းပညာများ ပါဝင်သည်။ လက်နက်ဖြင့် တိုက်ခိုက်နည်းတွင် လက်နက် အတို၊ အရှည်နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်